>cartoons on sticky notes

>

ကပ်ခွာစက္ကူကာတွန်း
ဇာနည်ဝင်း

နိုဝင်ဘာ ၁၃၊ ၂၀၀၈


ကာတွန်းဆရာ Doug Savage ကို သိသလား။ သူ့မှာ တခြားကာတွန်းဆရာတွေနဲ့ မတူတာတခု ရှိနေတယ်။ သူ့ကာတွန်းတွေကို အ၀ါရောင်ကပ်ခွာစာရွက်တွေပေါ်မှာ ဆွဲတဲ့ အချက်က ထူးခြားနေတယ်။

ဒီဆရာက နေ့ခင်းဘက်ဆို ဆော့ဖ်ဝဲကုမ္မဏီတခုမှာလုပ်တယ်။ ကျန်တဲ့အချိန်တွေမှာတော့ အောင်မြင်နေတဲ့ သူ့ကိုယ်ပိုင်အင်တာနက်စာမျက်နှာအတွက် ကာတွန်းတွေဆွဲတယ်။ နေ့တိုင်းလိုလို ကာတွန်းအသစ်တပုဒ် သူ့ဝက်ဘ်ဆိုက်ပေါ် တင်တယ်။ နေ့စဉ် သွားရောက်ကြည့်ရှုသူအရေအတွက် တသောင်း ၀န်းကျင်ရှိတယ်။

သူက ကနေဒါနိုင်ငံ၊ ဗင်ကူးဗားမြို့က ကာတွန်းဆရာ။ ငယ်ကတည်းက ကာတွန်း အချိန်ပြည့်ဆွဲဖြစ်တယ်လို့ ဆိုတယ်။ နွား၊ မိကျောင်း၊ ၀က် နဲ့ ထင်ရှားသူတွေကို ကာတွန်းဆွဲခဲ့ဖူးပါတယ် တဲ့။

ဒီနေ့မှာတော့ သူက အသင့်အတင့် ကမ္ဘာကျော်တဲ့ ကာတွန်းဆရာ ဖြစ်နေပြီ။ ခုတော့ သူက ကြက်ပုံတွေပဲ ဆွဲပါတော့တယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဒီကြက်ပုံတွေကို ဆွဲလာတာဖြစ်လို့ ကာတွန်းပေါင်း တထောင်ဝန်းကျင် ရှိနေပြီ။ သူ့ကာတွန်းတွေဟာ အင်တာနက်မှာ ၂၀၀၅ ခုနှစ် ဇန်န၀ါရီကစပြီး စတင်ပေါ်လာတယ်လို့ ဆိုတယ်။

အသက် ၇ နှစ် ၈ နှစ်အရွယ်မှာကတည်းက စာကြည့်တိုက်မှာ Peanuts ကာတွန်းပေါင်းချုပ်တွေ ကြည့်ပြီး၊ ကြိုက်ပြီးသကာလ ကာတွန်းတွေ ဆွဲဖြစ်ခဲ့ပါတယ် တဲ့။ တခြားကလေးတွေလိုပဲ Peanuts ကာတွန်းတွေထဲမှာ သူအကြိုက်ဆုံးက Snoopy ခွေးရုပ်ဖြစ်ပါသတဲ့။

သိတဲ့အတိုင်း သူ ကာတွန်းဆရာဖြစ်တော့ သူ့ဇာတ်ကောင်က ခွေးမဟုတ်ဘဲ ကြက်ရုပ် ဖြစ်နေတယ်။ လောကကြီးမှာ တလွဲတချော်ဖြစ်နေတာတွေကို သူ့ကာတွန်းတွေက ထင်ဟပ်တယ်လို့ ဆိုတယ်။


၂၀၀၅ ခုနှစ် ကာတွန်းဆွဲခါစ လက်ရာတွေထဲမှာ အပေါ်က ကာတွန်း ၆ ပုံ ပါတယ်။


သူ့လက်ရာတွေက ရုံးသုံး ကပ်ခွာစာရွက်ငယ်တွေပေါ်မှာ ဆွဲထားတာကြောင့် အလုပ်ထဲမှာရှိနေတုန်း ကြည့်လို့ရပါသတဲ့။ ညဘက်တွေမှာ ၁ နာရီ ၂ နာရီလောက် ကာတွန်းဆွဲတတ်တယ်လို့ ဆိုတယ်။

သူ့ပရိသတ် ဆယ်ကျော်သက်၊ အဖိုးကြီးအဖွားကြီး၊ ကျောင်းဆရာ၊ ကွန်ပျူတာအပျော့ထည်ပညာရှင်၊ ပါမောက္ခ၊ လယ်သမား၊ ရှေ့နေတွေဆီက စာတွေရောက်လာတတ်တယ်လို့ ဆိုတယ်။

ကာတွန်းဆွဲရတာ ကြိုက်တယ်၊ ကျေနပ်စရာ အကောင်းဆုံးကတော့ ဂျပန်၊ အိုင်ယာလန်၊ နယူးဇီလန် စသဖြင့် ကမ္ဘာအရပ်ရပ် ပရိသတ်တွေ သူတို့ အလုပ်ထဲမှာ ကျနော့်ကာတွန်းဖတ်အပြီး ပို့လိုက်တဲ့အီးမေးလ်တွေပါပဲ။ ဒီလိုဆိုတော့လည်း ကမ္ဘာကြီးက ရွာလေးတခုလိုပါပဲ တဲ့။

သူက တပတ်ကို ရယ်စရာကာတွန်း ၅ပုံ ထုတ်လုပ်ဖို့ စိတ်ကူးရတာ သိပ်တော့မလွယ်ဘူး၊ အချိန်သိပ်မရှိ၊ နေ့ခင်းဘက်လည်း ရုံးတက်ရသေးတယ်လို့ ဆိုတယ်။

သူက နေ့တိုင်း မြင်တွေ့နေရတဲ့ အရာဝတ္ထုတခုခုနဲ့ အနုပညာပစ္စည်း ဖန်တီးရတာ ကြိုက်ပါသတဲ့။ ရုံးသုံးပစ္စည်းတခုခုကို ပိုကောင်းတဲ့၊ ပိုအဆင်ပြေတဲ့၊ ရယ်ရပြုံးရတဲ့အရာအဖြစ် ပြောင်းလဲလိုက်တာကို ကာတွန်းဆရာက သဘောကျနေတယ်။

လာမယ့်နှစ်တွေမှာတော့ သူ့ကာတွန်းတွေဟာ ကပ်ခွာစက္ကူတွေနဲ့တင် ရပ်မနေဘဲ တခြားစက္ကူတွေပေါ်မှာလည်း ရောက်လာနိုင်ဖွယ်ရှိတယ်လို့လည်း ဆိုတယ်။ ။

ဒီကာတွန်းတွေကတော့ ပြီးခဲ့တဲ့နှစ်က လက်ရာတွေ။ အနောက်နိုင်ငံသား၊ ရုံးဝန်ထမ်းတယောက်ရဲ့ အတွေးတွေကို ထင်ဟပ်ပုံပေါ်တယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts