>Reader from Burma – Coming of age, Killing machine

>

ဆေးထိုးအပ်နဲ့ လူသတ်မယ့်သူ

ပြည်တွင်းမှ စာဖတ်သူ တဦး

(အင်တာနက်စာတိုက်သေတ္တာထဲ ရောက်လာတဲ့ စာ)

နိုဝင်ဘာ ၁၄၊ ၂၀၀၈

သို့ . .

ချစ်လှစွာသော ဖိုးဖိုး

သမီးစာရေးလိုက်ပါတယ်။ ဖိုးဖိုးကြားပြီးပြီလား မသိဘူး၊ ဖိုးဖိုးရဲ့ မိတ်ဆွေ ဒေါက်တာ အေးမောင်ဟန် က သူလက်ရှိလုပ်နေတဲ့ ရန်ကုန်ဆေးတက္ကသိုလ် ၁ ပါမောက္ခချုပ် ရာထူးကနေ ထွက်ဖို့ နုတ်ထွက်စာကို မကြာခင်ကပဲ တင်လိုက်တယ်။

ပြဿနာက ဒီလိုပါ ဖိုးဖိုး။ ရန်ကုန်ဆေး ၁ က ကျောင်းတက်ချိန် ၇၅ ရာခိုင်နှူံး မပြည့်လို့ နောက်ဆုံးစာမေးပွဲကြီးကို ဖြေခွင့်မရတဲ့ ကျောင်းသားစာရင်း ထုတ်ပြန်လိုက်တယ်လေ။ အဲဒီစာရင်းထဲမှာ ပထမနှစ် ဆေးကျောင်းသူ နေခြည်လင်းလက် လည်း ပါတယ်။ သူကတော့ မော်ဒယ်မိန်းကလေးလည်းဟုတ်တယ်၊ ပြီးတော့ ဖိုးလပြည့် (ခေါ်) နေရွှေသွေးအောင်ရဲ့ ချစ်သူလည်းဖြစ်တယ်။ ဖိုးလပြည့်ဆိုတာ ဗိုလ်ချုပ်သန်းရွှေရဲ့ မြေးပေါ့။

အဲဒီကိစ္စလည်းဖြစ်ရော၊ ဖိုးလပြည့်က သူ့အဖိုးရဲ့ ပါဝါသုံးပြီး အတင်းအကျပ် ဖိအားပေးလိုက်တော့ နေခြည်လင်းလက်နဲ့ သူ့ရဲ့ သူငယ်ချင်းတချို့ကို စာမေးပွဲဖြေခွင့် ပြန်ပေးလိုက်ရတယ်။ စာမေးပွဲမဖြေရတဲ့ စာရင်းထဲမှာ ကျန်တဲ့ ဆေးကျောင်းသားတွေက မကျေနပ်ဘူးပေါ့၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့် ကို သွားတိုင်တယ်။ နောက်ဆုံးတော့ ဆေးကျောင်းသား အားလုံးကို စာမေးပွဲဖြေခွင့် ပြန်ပေးလိုက်ရတယ်။

ဒီကိစ္စရဲ့ ဂယက်ဟာ တခြားဆေးကျောင်းတွေကိုလည်း ပြန့်သွားတော့တာပေါ့ ဖိုးဖိုး။ အဲဒီလိုနဲ့ တခြားဆေးကျောင်းတွေကလည်း ကျောင်းတက်ချိန် ပြည့်တာပဲဖြစ်ဖြစ် မပြည့်လို့ပဲဖြစ်ဖြစ် ဆေးကျောင်းသားတွေ အားလုံးကို စာမေးပွဲကြီးမှာ ဖြေခွင့်ပေးလိုက်ရတယ်။

နောက်တခုရှိသေးတယ် ဖိုးဖိုး၊ အရင်က ဆေး ၁ ကျောင်းနားက လမ်းတခုက မပြုပြင်ဘဲ နှစ်ပေါင်းများစွာ ပစ်ထားတာ နေ့ချင်းညချင်းပဲ အဲဒီလမ်းက ရန်ကုန်မှာ အကောင်းဆုံးလမ်း ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလမ်းကိုသုံးပြီး ဖိုးလပြည့်က သူ့ချစ်သူဆီ အမြဲလာနေကျလေ။ ဖိုးလပြည့်အတွက်ဆိုတော့ လမ်းကိုချက်ချင်း ကောင်းအောင် ခင်းပေးလိုက်တယ်။

နောက်ထပ်သတင်းတခုလည်း ရှိသေးတယ်။ ဖိုးဖိုးကြားရင် ပိုစိတ်ညစ်သွားအုံးမယ် ထင်တယ်။ စာတိုက်နဲ့ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်သိန်းဇော်ရဲ့ သားကလည်း ဂျီအက်စ်အမ်(GSM)ဖုန်းတွေကို ဆေးကျောင်းက ဆရာဆရာမတွေကို အလကားပေး၊ ပြီးတော့ စာမေးပွဲမှာပါမဲ့ မေးခွန်းတွေကို ပြန်တောင်းတယ်။ ဖိုးဖိုးပဲ စဉ်းစားကြည့်တော့၊ ဒီလိုဖြစ်နေတာဟာ မြန်မာနိုင်ငံကလူတွေရဲ့ အသက်နဲ့ကျန်းမာရေးအတွက် ဘယ်လောက်အန္တရာယ်များသလဲ။ အရည်အချင်းမပြည့်တဲ့ ဆေးကျောင်းသားတွေကို မွေးထုတ်ပေးနေသလို ဖြစ်နေတယ်။ ဒီအတိုင်းပဲ ဆက်သွားနေရင်တော့ သမီးလည်း မတွေးချင်ဘူး။

ဆေး ၁ ကိစ္စကို အာဏာနဲ့အတင်းအဓမ္မ စည်းကမ်းမရှိ ကိုင်တွယ်ခဲ့တာကြောင့်ပဲ ထင်ပါတယ်လေ၊ ဖိုးဖိုးရဲ့ မိတ်ဆွေ ပါမောက္ခချုပ် ဒေါက်တာ အေးမောင်ဟန်က တော်တော့ကို စိတ်ညစ်သွားပြီး နုတ်ထွက်စာတောင် တင်လိုက်တယ်။ ဖိုးဖိုးလည်း သူ့ကို စာနဲ့ဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် စိတ်ဓာတ်မကျအောင် အားပေးလိုက်ပါအုံး။

သမီး ဒီမှာပဲ ရပ်တော့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts