>Unknown – Poem # 2

>

ပန်းချီဆရာ

အန်နိုး

နိုဝင်ဘာ ၁၅၊ ၂၀၀၈

သူ့တကိုယ်လုံး ရှုပ်ပွနေလေရဲ့

ဟုတ်ကဲ့

ပုံတူဆွဲမလို့ပါ

ကျနော်တို့လည်း မတတ်နိုင်ဘူး

သူ့မှာ

ဥပဓိမှ မရှိဘဲ

မြင်နေရတယ်လေ

သူ့တကိုယ်လုံး ရှုပ်ရှက်ခတ်လို့

အနာဂတ်အလင်းတန်းတွေ ရရဲ့

ပုတ်သိုးအတိတ် ထမင်းဟင်းပန်းကန်တွေ ညှီဟောက်လို့

ပစ္စုပ္ပာန်အခိုးတွေ ဝေစည်လွင့်ပါး

ဟုတ်ကဲ့

ပုံတူဆွဲမလို့ပါ

ပန်းချီဆရာရဲ့ စုတ်ချက်ဆိုတာ အလဟသတခုမှ မရှိဘူး

သူ့မျက်လုံးဟောက်ပက်ကို ကြောက်တယ်

အပ်သွားတွေ

ပိုးဟတ်တွေ

မျက်ရည်ဦးနှောက်တွေရော လိမ်းကျံ

ဒီနှုတ်ခမ်းက ဘာလို့ တင်းစေ့ထားတာလဲ

ကျေနပ်ဖို့ လောက ၃ ပါး ပေါ်ပေါက်လာတာပါ

ဒါနဲ့များ …

ဟုတ်ကဲ့

ပုံတူဆွဲမလို့ပါ

ရှိမှ မရှိဘဲ

သူ

ပုံတူဆွဲမလို့ရယ်ပါ

တီကောင်

အို …

သူဟာ

‘လူ’ လို့ သညာနာမ ရှိသူပါ

သူ့တကိုယ်လုံး ရှုပ်ပွနေလေရဲ့

ဒဏ်ရာတွေ

ပါးစပ် ပါသလား

မျက်လုံး ပါသလား

နားရွက် ပါသလား

လူတယောက်ရဲ့ ပုံတူဆွဲမလို့ပါ

ဟို ချွန်မြမြတွေက ဘာလဲ

အနားသတ် မရှိဘူး

အလင်းအမှောင် မရှိဘူး

ဟုတ်ကဲ့

ကျနော် ပုံတူ ဆွဲမလို့ပါ

ဘာမှ မရှိတဲ့

“လူ” လို့ ခေါ်တဲ့အရာ

သူ့ပုံတူ

ကျနော် ဆွဲမလို့ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts