>Than Soe Hlaing – The Real Destroyer of our Union

>

ပြည်ထောင်စု ဖြိုခွဲသူ တို့ရန်သူ

သန်းစိုးလှိုင်

နိုဝင်ဘာ ၁၃၊ ၂၀၀၈

ယခုရက်ပိုင်းအတွင်း မြန်မာအင်တာနက်သုံးစွဲသူများရဲ့ ဖိုရမ်တခုမှာ အဏ္ဏ၀ါစစ်သည် တစ်ဦး အမည်နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရေပိုင်နက် ပြဿနာအပေါ် သူ့အမြင်ဖေါ်ပြထားသည်ကို ဖတ်လိုက်ရသည်။


အဆိုပါ ရေတပ်မှ အငြိမ်းစား ရေးသားတင်ပြသူက ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှု တွင် မြန်မာနိုင်ငံဘက်မှ တရားနည်းလမ်းကျကြောင်း သမိုင်းအထောက်အထား များဖြင့် တင်ပြထားသည်ကို ဖတ်ရှုရ၏။


မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ၁၉၆၆ခုနှစ်တွင် မြေပြင်နယ်နမိတ်ကိုသာ သဘောတူသတ်မှတ်နိုင်ခဲ့ကြပြီး ရေပိုင်နက်နယ်နမိတ်ကို ယနေ့အထိ သဘောတူ မသတ်မှတ်နိုင်ခဲ့ဟု ဖေါ်ပြထားသည်။ မြေပြင်အနေအထားအရ နတ်မြစ်ကို နှစ်နိုင်ငံနယ်နမိတ်အဖြစ် သဘောတူခဲ့သော်လည်း ရေပြင်ဆိုင်ရာနယ်နမိတ်ကို ၁၉၇၄၊ ၁၉၈၆ တို့တွင် နှစ်နိုင်ငံအစည်းအဝေးများ ဖြင့် သဘောတူညီချက်ရရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ဟု ဖေါ်ပြထားသည်။


အဆိုပါ ရေတပ် အငြိမ်းစား စာရေးသူ က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နမိတ်ကိစ္စရပ်တွင် မြန်မာနိုင်ငံသား အချို့ကပင် ဘင်္ဂလားဒေ့ရှ်ဘက်မှ သံယောင်လိုက်ပြီး မြန်မာစစ်အစိုးရကို ပုတ်ခတ်ရေးသား ကြသည်ကို တွေ့ရသဖြင့် ရင်နာမိကြောင်း ပါရှိသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်အစိုးရတို့ ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်ကာ အမေရိကန်က မြန်မာကို ဖိအားပေးသယောင် လည်း ရေးသားထားသည်။


သည်နေရာတွင် အဓိကပြောလိုသည့် အချက်မှာ စစ်အစိုးရမှန်သလား၊ ဘင်္ဂလားဒေ့ရှ်အစိုးရမှန်သလား ဆိုသည်ထက် မြန်မာနိုင်ငံတွင် စစ်အစိုးရက လူထုကို မတရားဖိနှိပ် ချုပ်ချယ်လွန်းသဖြင့် လူထုက စစ်အစိုးရကို မုန်းတီးကာ ယုံကြည်မှုကင်းမဲ့နေခြင်း၊ ကိုယ့်နိုင်ငံကိုယ့်အစိုးရ ဆိုသည့် အမြင်ဖြင့် လည်း မရှုမြင် နိုင်တော့သည်ကို မြင်တွေ့ရသည်။


တနည်းအားဖြင့်ပြောရလျင် ပြည်ထောင်စုပြိုကွဲသည်ဟု ပင်ဆိုဆို အစိုးရနှင့် လူထုအကြား ယခုလို ကိစ္စတွင်ပင် ပူးပေါင်းဆောင်ရွက်စရာဖို့ အလားအလာ မတွေ့နိုင်ခြင်းပင်ဖြစ်သည်။ စစ်အစိုးရက မိမိပြည်သူကို နှိပ်စက်လွန်း သဖြင့် ယခုလို အမြင်မျိုးပေါ်ထွက်လာသည်ဟုပင် ရိုးရိုးရှင်းရှင်း ကောက်ချက်ချလိုပါသည်။


စစ်အစိုးရက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေးဟု အရေးသုံးပါးကို တွင်တွင်အော်သော်လည်း တိုင်းရင်းသားများကိုလည်း နှိပ်စက်၊ ကျန်သည့် ပြည်သူတွေကိုလည်း နှိပ်စက် တာများ လွန်းသဖြင့် ယခုလို အိမ်နီးချင်းနိုင်ငံတို့နှင့် တစုံတရာ ပြဿနာပေါ်ခဲ့လျင် အမျိုးသားရေးဆိုသည့် ခေါင်းစဉ် အောက်တွင် စစ်အစိုးရက ပြည်သူကို စည်းရုံးနိုင်မှာလား ဆိုသည်မှာ သံသယ များစွာရှိပါသည်။


၂၀၀၂ခုနှစ် မေလ၊ဇွန်လများတွင် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်သည့် နေရာများတွင် ပစ်ခတ်မှုများဖြစ်ကာ စစ်အစိုးရက ပြည်သူတွေကို အိမ်တိုင်းအလံလွှင့်ထူခိုင်းကာ ထိုင်းဆန့်ကျင်ရေး လှုံဆော်ခဲ့ဘူးသည်။ ပုဂ္ဂလိကပိုင် ဂျာနယ်များတွင် ထိုင်း ဟုမသုံးနှုန်းရ ယိုးဒယားဟု သုံးရမည်ဟု ညွှန်ကြားခဲ့ဘူးသည်။ ထိုစဉ်က ပြည်သူလူထု၏ အမြင်မှာ နအဖအစိုးရက နောက်ကွယ်မှ နိုင်ငံရေးရည်ရွယ်ချက် တခုခုဖြင့် နယ်စပ်အရေးကို တမင်လုပ်ဆောင်နေသည်ဟု သာမြင်ကြသည်။ ဒေါက်တာ မတင်ဝင်းမှလွဲပြီး မည်သည့် ပုဂ္ဂိုလ် တဦးတယောက်ကမှ အစိုးရဘက်မှ လိုက်မရေးသားကြ။


သည်မှာ မြန်မာနိုင်ငံတွင် အစိုးရနှင့် ပြည်သူများအကြား ကြီးမားသည့် စိတ်ဝမ်းကွဲပြားမှုရှိနေသည် ကိုသက်သေပြ ခဲ့ခြင်းဖြစ်သည်။ ယခုအဖြစ်အပျက်တွင်လည်း ထိုသဘောတရားပင် ဖြစ်သည်။


ယခုရက်ပိုင်းတွင်ပင် လက်နက်မဲ့ အကြမ်းမဖက်ပဲ ၊ တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံရေးပြဿနာ အဖြေရှာဖို့ ပြောဆိုခဲ့ကြသည့် ၈၈ မျိုးဆက်မှ ကျောင်းသား ခေါင်းဆောင်များကို ထောင်ဒဏ် ၆၅နှစ်ချမှတ်ခဲ့သည်။ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ကိစ္စရပ်များတွင် သတ္တိရှိစာ ပြောဆိုဆောင်ရွက်သည့် မစုစုနွေးကို ထောင်ဒဏ် ၁၂နှစ်ခွဲချခဲ့သည်။ ထင်ရှားသည့် မြန်မာဘလော့ရေးသူ ကိုနေဘုန်းလတ်ကို အီလက်ထရွန်းနစ်ပုဒ်မ ဟုဆိုကာ အနှစ် ၂၀ချခဲ့သည်။


ထိုကဲ့သို့ ပြည်သူကို ကြီးမားသည့် အကြောက်တရားဖြင့် ခြိမ်းခြောက်အပြစ်ပေးနေသည့် လုပ်ရပ်များသည် မြန်မာနိုင်ငံ အတွင်းတွင်စိတ်ဝမ်းကွဲပြားမှု ရလဒ်ကို သာဖြစ်ပေါ်စေမည်ဖြစ်သည်။ မည်သည့် အမျိုးသားရေး ကိစ္စ အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ပေါ်ထွန်းစေမည်မဟုတ်ဟု ယူဆမိပါသည်။


စစ်အစိုးရက မိမိနိုင်ငံ ရေပိုင်နက်ဟု ဆိုသည့် နေရာများတွင် ရေနံ၊ သဘာဝဓါတ်ငွေ့ တူးဖေါ်ရောင်းချသည့် ငွေများဖြင့် လူထုအတွက် အကျိုးရှိမည်ဟု ယုံကြည်သည့် မြန်မာနိုင်ငံသားများ ရှားပါးပေလိမ့်မည်။ လူအများစု က အဆိုပါ ရေနံ၊ ဓါတ်ငွေ့ ရောင်းချရသည့် ငွေများသည် စစ်လက်နက်သို့မဟုတ် စစ်အစိုးရ ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားသာ ဖြစ်မည်ဟု ယုံကြည်နေကြသည်။


မြန်မာနိုင်ငံကို ပြိုကွဲအောင်၊ စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်နေသူများသည် ပြည်ပနိုင်ငံကြီးတွေလည်း မဟုတ်၊ အိမ်နီးချင်းနိုင်ငံများလည်း မဟုတ် ကိုယ့်ပြည်သူကို ကိုယ်နှိပ်စက် အုပ်ချုပ်နေသည့် စစ်အာဏာရှင် အစိုးရသာ ဖြစ်တော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts