>Mar Mar Aye 252

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၂)
အဆိုတော်ဝင်းဖေ
မာမာအေး
နိုဝင်ဘာ ၉၊ ၂၀၀၈

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်-

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ရှေ့သုံးပတ်လောက်ကစပြီးတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတခုအပါအ၀င် ရုပ်သေးစင်ပေါ်က လွတ်လပ်ရေး မျှော်တွေး တေးသီချင်းတွေ ရေးကြ ဆိုကြတယ်၊ ဘယ်လိုအနုပညာမြောက်တယ်၊ ဂုဏ်မငယ်ခဲ့တဲ့အကြောင်းကို အဟောင်းကိုသစ်ပေးကြဖို့ရာ ပြောခဲ့တာပါရှင်။

တကယ်လို့သာ မြန်မာပညာရပ်များနှီးနှောပွဲ ဆိုတာကို မရောက်ဘူးဆိုရင် ပြောဖြစ်မှာ မဟုတ်ဖူးရှင့်။ မာအေးလည်း ကိုယ်စွဲမက်ခဲ့တဲ့ အရုပ်ကလေးတွေကို မေ့နေတယ် လို့ ၀န်ခံရဦးမှာပါ။ ပုတီးနဲ့နေတဲ့ အရွယ် ရောက်နေပြီကိုးလေ။ အရုပ်ကလေးတွေကို မေ့နေပေမယ့် “မကတဲ့အရုပ် ကြိုးရှုပ်တယ်” ဆိုတဲ့ စကားတော့ မကြာခဏ ပြောမိပါတယ်။ မာအေးက ကျန်းမာရေးကြောင့် အများသူငါလို အလုပ်မလုပ်နိုင်တော့ ဟိုကျောင်းသွား ဒီကျောင်းသွား၊ လုပ်အားပေးသွားနဲ့ အချိန်က မအားတော့ဘူး။ ဒါကြောင့် ရုပ်သေးအရုပ်ကလေးတွေထဲက မကဖြစ်တဲ့ အရုပ်ဆို ဘေးမှာ ပုံထားတတ်တော့ ကြိုးရှုပ်ကုန်တယ် မဟုတ်လား။ အဲဒီပမာစကား “အလုပ်မလုပ်ပေမယ့် မအားပါဘူး” လို့ ရုပ်သေးနဲ့ နှိုင်းပြီး ပြောခဲ့တာပါပဲ။ ရှေးကလည်း သုံးတယ်လို့ ကြားဖူးလို့ ပြောဖြစ်တာပါ။ ရုပ်သေးလေးတွေအကြောင်း စာတမ်းတွေဖတ်ရ၊ ပြောတာကြားရတဲ့အပြင် မာအေးတို့ဂီသမားအုပ်စုကလေး တီးကြဆိုကြ စနေတညမှာ ရုပ်သေးကလည်း လာကလေတော့ ဘယ်မေ့တော့မှာလဲနော့။


မာအေး အဲဒီပွဲကို မသွားခင်က သိထားတယ်။ ကျော်ကျော်နိုင်ကလေး တီးမယ့် မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ တွဲရဆိုရမှာ တဲ့။ ဆရာကျော်ကလေးက သူ့ရင်သွေးတွေလည်း လိုက်ဦးမှာလို့ ပြောတော့ မမြင်ဖူးရသေးတဲ့ ၀မ်းမနာမြေးတွေ ရောက်ဖူးအောင် ခေါ်ခဲ့တာဖြစ်မှာ လို့ ထင်မိခဲ့တာပေါ့ရှင်။ သားကျော်က စကား အတော်နည်းတဲ့ ကလေး။ ကိုယ်မေးနိုင်မှ ပြောတတ်တာ၊ မာအေး မေ့သွားတယ်။ အဲ – ပွဲဝင်ချိန်ကျတော့ အပျိုဖော်ဝင်စ မြေးမလေးနှစ်ယောက် အမေနဲ့အတူ က၊ အဖေနဲ့အတူ စောင်းဝင်တီး နဲ့ တွေ့ရတယ်။ မာအေးက သူတို့လေးနှစ်ယောက်နဲ့ ‘မြိုင်ကြီးဟေမာ’ ယိုးဒယားသံဆန်းတပုဒ်ကို ဆိုဖြစ်ခဲ့ပါတယ်။ အဖေက ဆိုင်းဆရာ၊ အမေက အက ဆရာ၊ သူတို့အမွေ ပေးနိုင်လေပြီကော လို့ ၀မ်းသာကျေနပ်မိပါတယ်။


နောက်အမွေခံတယောက်ကလည်း ပေါက်လာပါသေးတယ်။ အထက်အညာကပါပဲ။ ‘မြန်မာပညာရှိ’ ဆရာကြီးဦးဂုဏ်ဘဏ်တို့လို ဘွဲ့နာမံ ခံယူရတဲ့ ‘ဆရာကြီး ရွှေပြည်ဦးဘတင်’ ရဲ့ သား ဖြစ်ပါတယ်။


အဲဒီပုဂ္ဂိုလ်နဲ့ မာအေး ရင်းနှီးခင်မင်လာတာ ကြာလှပြီ။ အနုပညာနယ်ထဲ ‘လုပ်လို့ရတာ အကုန်လုပ်’ လို့ ပြောချင်လာအောင် လုပ်ဆောင်ခဲ့တာတွေက အများကြီးပဲ ရှင့်။ သူ့အဖေကြီး ထားခဲ့တဲ့ စည်းကမ်းကြောင့် အတီးတို့ အဆိုတို့ ပန်းချီတို့ သင်ခဲ့ရတယ်လို့ ပြောတာပဲ။ ကာတွန်းလည်းဆွဲ၊ ပန်းချီလည်းရေး၊ ရတနာလည်းရောင်း၊ ကျောင်းအုပ်လုပ်တော့ ပန်တျာကျောင်းပါ။ နှောင်းချိန်ခါမှာ ရုပ်ရှင်ဒါရိုက်တာ။ ရေဒီယိုမှာလည်း အပြောဆရာကြီးလေ။ အဲဒါ ဦးဝင်းဖေပေါ့ရှင်။


မာအေးတို့ တောင်ဥက္ကလာက အိမ်ကလေးမှာ ‘ပန်းချီကျော်ပေါ်ဦးသက်’ ခဏ လာနေတုန်းက သိခဲ့ရပါတယ်။ မာအေးကလည်း ကျောင်းသူဘ၀က ပန်းချီဆွဲခဲ့တော့ ပန်းချီဆရာတွေနဲ့ ရင်းလာတာပေါ့ရှင်။ ခေတ်မီပန်းချီဆရာ ဗိသုကာခင်မောင်ရင်နဲ့ ဦးလေးကြည်မောင်ကြောင့် ခင်မင်လာ၊ သူကမှတခါ ‘ပေါ်ဦးသက်’ ကို ခေါ်လာ၊ ပန်းချီလည်းလာ၊ ဗိသုကာလည်းလာ အတိုင်းအဆမရှိ ပျော်မိတဲ့ ကာလကလေးမှာ ကိုဝင်းဖေက ကိုပေါ်ဦးဆီလာရင်း ခင်ကြတာပါ။ ကိုပေါ်ဦးဟာ မြို့မ
ဆရာငြိမ်းရဲ့ သားသမက် လို့လည်း မသိခဲ့ပါဘူး။ ငထွေရူးဖြစ်တဲ့အခါ သီချင်းတွေ ဆိုဆိုပြတာနဲ့ ‘ဟေ့ ပေါ်ဦး၊ မင်း သီချင်းဆိုပြနေတာ မာမာအေး ကွ’ လို့ တားယူရတာမျိုး ဖြစ်ခဲ့တာပါ။ တယောက်တယောက် အသက်တွေ ဘာတွေလည်း မေးမနေပါဘူး။ ကိုဝင်းဖေ လို့ပဲ ခေါ်မိခဲ့ပါတယ်။ နောက်တော့ သူတို့တွေလည်း အကျော်ဒေးယျဖြစ်လာ၊ သူတို့ရဲ့ ထုံးစံအတိုင်း အဝေးကပဲ ‘Hi’ နိုင်ပါတော့တယ်။

အဲဒီ အီလီနွိုက်တက္ကသိုလ်မှာ သူလိုက်လာတော့ လေ့လာသူအဖြစ် လာတယ်။ြ မန်မာ့ဂီတတို့အကြောင်း လူမျိုးခြားပရိသတ်အတွက် ပြောပေးဖို့လာတယ်လို့ မာအေး ထင်ခဲ့တာ။ မှားတယ်တော့။ အဆိုတော်ဝင်းဖေအဖြစ်နဲ့ လာတာ ဖြစ်နေလို့လေ။ ဟိုးတနှစ်က သူဋ္ဌေးကြီးဆိုရပ်ရဲ့ပွဲမှာကတည်းက သူဆိုနေတာတွေ့သားနဲ့ဟာ။ မာအေးညံ့ချက်လို့ ပြောရမှာနော။ ဒီဖက်မှာကလည်း ခေတ်ပေါ် အမျိုးသားအဆိုတော်များ ရှိသားပေမယ့် သူတို့က မဟာဂီတတို့ ရှေးကာလပေါ် မြန်မာသီချင်းတို့ကျ မဆိုနိုင်ပြန်ဘူး။ နှောင်းလူတွေ ခါးပြတ်နေတဲ့ သဘောမို့ ရင်မောစရာကြီး ခံစားရပါတယ်။


“ကျုပ်ဗျာ အဆိုတော် မဟုတ် ဘာမဟုတ်နဲ့ဟာကို ဘော်ဒါတွေက ဆိုးချည်းခိုင်းနေတာနဲ့ ဆိုပြနေရတယ်၊ ‘၀င်းဖေလွယ်အိတ်’ လို့ ခေါင်းစဉ်ပေးတဲ့ အစီအစဉ်တခု ထပ်ပေးထားလို့” တဲ့။ မာအေးကလည်း ကိုယ်ကြားချင်တာ ဖတ်ချင်တာလေးလောက်ပဲ ကလေးတွေ သင်ခိုင်းပြီး ဖွင့်ကြည့်တတ်တာ ဆိုတော့ မသိဘူးလေ။ အိမ်ပြန်ရောက်မှ ရှာခိုင်းပြီးတော့ နားထောင်ရတာပေါ့။ ပြောတာချင်း ထပ်မသွားအောင်လို့ပါရှင်။ ရကန်ရွတ်တယ်၊ အဲညည်းထားတယ်။ အဲဒါတွေက ဆရာ မတူရင် အဆင်ကွဲမှာပဲ။ ဆရာမြို့မငြိမ်းရေးတဲ့ နန်းမြို့တော်သီချင်းမှာ “မြောက်လတ္တီတွဒ် ၂၁.၅ နဲ့ အရှေ့လောင်ဂျီတွဒ် ၉၆.၈ တွင် မြို့မအသင်းဖွားမြင်” လို့ ရေးစပ်တာမှာ ချို့ယွင်းချက်ရှိသွားပါတယ်။ လတ္တီတွဒ်တို့ လောင်ဂျီတွဒ်တို့မှာ ဒဿမ မသုံးဘူးလို့ ပြောတာကိုလည်း ကြားလိုက်ရပါတယ်။


နောက်တပုဒ်မှာကျတော့ ဆရာမြို့မငြိမ်းဟာ ကြောင်ရဲ့မစင်နဲ့ နှိုင်းပြီး ချစ်သူရဲ့အပြုအမူကို “ကြောင်ကိုဝမ်းနှုတ်ဆေးကျွေးမိသလို တွေးမိသကို၊ ပျော့ပျော့လေးနဲ့ နံမယ့်ပုံပေါ်တယ်” လို့ ရေးတဲ့အကြောင်း ပြောပြပြန်ပါတယ်ရှင်။ အဲဒီသီချင်းကို “အပျော့ဆွဲ”လို့ တွင်သွားခဲ့တာဟာ ရှုမ၀ဦးကျော်ရဲ့ ရုပ်ရှင်ထဲမှာ မင်းသမီး စမ်းစမ်းအေး ဆိုလိုက်မှပါ။ သူ့မူရင်းသီချင်းနာမည်က “လေချိုသွေး” လို့ ဖြစ်တဲ့အကြောင်း ဖြည့်ပြောပါတယ်နော်။ မာအေး ဒီသီချင်းကို ‘ယောင်းမ’အခွေမှာ ပြန်ဆိုတုန်းက အမကြီးလေဘာတီမြရင်ရဲ့ ချစ်ချစ်ကြီးဆီက သီချင်းမူရင်း သွားတောင်းပေးလို့ လေဘာတီရဲ့ဟန် စာအမှန် ပြန်ဆိုထြပီးပါပြီ။ “ပျော့ပျော့လေးနဲ့ နှံမယ့်ပုံပေါ်တယ်” လို့ သူ့အတိုင်း ဆိုထားပါတယ်။
နောက်တပိုဒ်မှာတော့ လူတွေ ကြားဖူးနေခဲ့သလို နံတဲ့ပုံလို့ ဆိုလိုက်ပါတယ်။ နားဆင်ကြည့်ပါနော်။

(လေချိုသွေးသီချင်းမှ)

(လေချိုသွေးကာ အပျော့ဆွဲ ဆွဲတယ်၊ အားနာတတ်ရင် အားပါလိမ့်မယ်၊ ကြောင်ကို ၀မ်းနှုတ်ဆေး ကျွေးမိသလို တွေးမိသကို ပျော့ပျော့လေးနဲ့ နှံ/နံမယ့်ပုံပေါ်တယ်။)၂

လေချိုသွေးကာ အပျော့ဆွဲ ဆွဲတယ်၊ အားနာတတ်ရင် အားပါလိမ့်မယ်၊ ကြောင်ကို ၀မ်းနှုတ်ဆေး ကျွေးမိသလို တွေးမိသကို ပျော့ပျော့လေးနဲ့ နှံမယ့်ပုံပေါ်တယ်။

အစက ရိုးရိုး၊ နောက်တော့ တမျိုးတိုး လို့ ချစ်ပြန်ဆိုပဲ။ ဒီလူ ခက်ပါပြီ၊ ငရဲကြီးတတ်တယ် ရှင့်၊ မတော်ဘူးမောင်ရယ်၊ သနားချင်စဖွယ် ညက်လိုက်ပုံက လေချိုသွေးတယ်၊ လေချိုသွေးတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts