>elections in U.S.A. and Burma

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

တရားမျှတတဲ့ ရွေးကောက်ပွဲ နှင့် တိုင်းချစ်ပြည်ချစ်စိတ်
စိုးသင့်ဆွေ
နိုဝင်ဘာ ၅၊ ၂၀၀၈

မဲပေးတယ်ဆိုတာ အမေရိကန်နိုင်ငံသားတယောက်အတွက်တော့ နိုင်ငံသားတာဝန်တရပ်ကို ထမ်းဆောင်တာပါတဲ့။ အရင်က အမေရိကန်နိုင်ငံသား လူငယ်လူရွယ်တွေဟာ ရွေးကောက်ပွဲတို့ မဲပေးတာတို့ကို စိတ်ဝင်စားမှု နည်းပါးကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်း တော်တော်များများဟာလည်း လူလတ်ပိုင်း နဲ့ သက်ကြီးရွယ်အို ပင်စင်စားတွေပဲ များတာပါ။ ဒီနှစ်ရွေးကောက်ပွဲမှာတော့ လူငယ်တွေနဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက ပိုပြီး တက်တက်ကြွကြွ မဲပေးခဲ့ ထောက်ခံခဲ့ကြပါတယ်။ သူတို့ တခဲနက်ထောက်ခံအားပေးခဲ့သူကတော့ လူငယ်သမတလောင်း (ခုတော့ အမေရိကန်ရဲ့ ပထမဆုံး လူမည်း သမ္မတ) Barack Obama ကို ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတွေဟာ စီးပွားရေးကမောက်ကမဖြစ်မှု၊ ဘဏ္ဍရေးလိုငွေပြမှု နဲ့ စစ်ပွဲတွေ ဒါတွေအားလုံးအတွက် ပြောင်းလဲမှုအသစ်တခုကို အလွန်အမင်း လိုလားတောင့်တ နေကြတာပါ။

အခု သမတသစ်ဖြစ်လာမယ့် အိုဘားမားဟာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ သမ္မတဟောင်း ဂျော့ရှ်ဘွတ်ရှ် လက်ထက်က ဖြစ်ခဲ့တဲ့ စီးပွားရေးမပြေလည်မှု၊ စစ်ပွဲနှစ်ခုနဲ့ အလုပ်လက်မဲ့ပြဿနာတွေ အားလုံးကို ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်တယ်။

ဒီနေရာမှာ အမေရိကန်ရဲ့ အတုယူဖွယ်ကောင်းတဲ့ အချက်လေးကို တွေ့ရပါတယ်။ မဲပေးပြီး ပြန်လာတဲ့ လူတွေကို နိုင်ငံတဝှမ်းမှာရှိတဲ့ အချို့စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ရေခဲမုန့်ဆိုင်တွေက ဆုချတဲ့အနေနဲ့ အခမဲ့ကျွေးမွေးတယ် ဆိုတာပါပဲ။ မဲသွားပေးတဲ့သူတယောက်ဟာ မဲရုံမှာ မိမိဆန္ဒရှိတဲ့အတိုင်း ဒီမိုကရက်ကိုပဲဖြစ်ဖြစ်၊ ရီပါဘလစ်ကန်ကိုပဲဖြစ်ဖြစ် မဲပေးပြီးသွားရင် “I voted ” ဆိုတဲ့ အမှတ်အသားပါ တံဆိပ်ဝိုင်းလေးတခုကို မဲပေးပြီးကြောင်း သက်သေအဖြစ် ရရှိပါတယ်။ အဲဒီတံဆိပ်လေးကိုသာပြလိုက် အခမဲ့လို့ သတ်မှတ်ထားတဲ့ ကော်ဖီ၊ ဒိုးနပ်၊ အသားညှပ်ပေါင်မုံတွေနဲ့ ရေခဲမုန့်တွေကို ဆိုင်တွေက ဝမ်းပန်းတသာနဲ့ ကျွေးမွေးတာပါ။ အမေရိကန် နိုင်ငံသားတိုင်းဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ပိုင်ဆိုင်နိုင်ကြပါတယ်။ သူတို့ရဲ့နိုင်ငံကို သူတို့ကိုယ်စား အဖက်ဖက်က ကောင်းမွန်၊ တိုးတက်အောင်လုပ်ဖို့ အတွက် သမတရွေးတဲ့ပွဲမှာ သူတို့ဟာ အသည်းကြားက မဲတပြားကို အကောင်းဆုံး အတော်ဆုံးလို့ သူတို့ သတ်မှတ်ယုံကြည်ထားတဲ့ သမတလောင်းကို မဲပေးခဲ့ကြတယ်။

အဲဒီနောက် ရွေးကောက်ပွဲရလဒ်ကို ကြေညာလိုက်တဲ့ အခါမှာလည်း အိုဘားမားကို ထောက်ခံမဲ ထည့်ခဲ့သူတွေဟာ သမတအိုဘားမားရဲ့ အောင်ပွဲဟာ သူတို့ရဲ့အောင်ပွဲ သူတို့ရဲ့ပျော်ရွှင်မှုလိုပဲ ပျော်ရွှင်နေခဲ့ပါတယ်။ ရွေးကောက်ပွဲလုပ်တဲ့ နိုဝင်ဘာလ၄ရက်နေ့ ညကနေ နောက်နေ့ လင်းအားကြီးအချိန်အထိ ဝါရှင်တန်ဒီစီမြို့တော်ရဲ့ လမ်းမတွေမှာ ကားတွေ၊ လူတွေဟာ အို-ဘား-မား …… အို-ဘား-မား လို့ လှည့်လည် ဟစ်ကျွေးရင်း သူတိုရဲ့ ထောက်ခံမှုကို ထင်ထင်ရှားရှားပြခဲ့ကြတယ်။ ဒီလိုပဲ နိုင်ငံအနှံ့မှာလည်း ဂုဏ်ပြုပွဲတွေ လုပ်ခဲ့ကြတယ်။ လာမယ့် ၂၀၀၉၊ ဇန်နဝါရီ ၂၀ရက်နေ့မှာ သမတ သက်တမ်းကုန်ဆုံးမယ့် လက်ရှိ ရီပါဘလစ်ကန် သမတ ဂျော့ရှ်ဘွတ်ရှ်ဘက်ကလည်း ရွေးကောက်ပွဲရလဒ်ကို လိုက်နာပြီးတော့ သမတသစ်ကို အာဏာလွဲပြောင်းပေးမယ်လို့လည်း ကတိပြု ပြောကြားလိုက်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီရဲ့ လွတ်လပ်ခွင့်ကို အတူတူ တွဲတွေ့ရတဲ့အပြင် အင်မတန် အတုယူစရာကောင်းတဲ့ တိုင်းချစ်ပြည်ချစ်စိတ် မျိုးချစ်စိတ်ဓာတ်ကိုလည်း ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ သူတို့တွေဟာ ပါတီ၊ အသင်းအဖွဲ့ ဆိုတဲ့ တဖက်စွန်းရောက် အစွဲတွေ မရှိဘဲနဲ့ တိုင်းပြည်အတွက် အတူတူ လက်တွဲပြီး အလုပ်လုပ်ကြမှာဖြစ်တယ်။

လက်ရှိသမတက ရီပါဘလစ်ကန်ပါတီဖြစ်လို့ ဒီမိုကရက်ပါတီနိုင်တာကို ညစ်ပြီး ဖြစ်ကတတ်ဆန်း အာဏာလွဲပြောင်းတာမျိုးလည်း မလုပ်သလို၊ ရွေးကောက်ပွဲရလဒ်ကို မလိုက်နာဘဲ အာဏာကို ဆက်လက်ချုပ်ကိုင်တာမျိုးလည်း လုပ်မှာမဟုတ်ပါဘူး။ သူတို့တွေဟာ အာဏာဆိုတဲ့ အရာတခုအတွက်၊ ငါ ဆိုတဲ့ ပုဂ္ဂိုလ်တယောက်အတွက်နဲ့ တိုင်းပြည်တခုလုံးကို နစ်မွန်းအောင် လုပ်လိုတဲ့ စိတ်မျိုးတွေလည်း မရှိပါဘူး။ အချိန်တန်လို့ ဆင်းပေးရမယ့် သူက သမတနေရာက ဆင်းပေးပြီး နောက်တက်ရမယ့် သမတက အိမ်ဖြူတော်ကနေ သူ့ရဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့ အတူ တိုင်းပြည်ကို စီမံအုပ်ချုပ်သွားမှာပါ။

မြန်မာပြည်မှာတော့ တရားမျှတတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဘေးဖယ်ပြီး စစ်အာဏာရှင်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ထားဆဲပါ။ ဘယ်သူ့ကိုမှ အာဏာလွဲပေးမှာ မဟုတ်သလို၊ ဘယ်သူနဲ့မှလည်း တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ လက်ခံမှာ မဟုတ်ပါဘူး။ ငါ ဆိုတဲ့ အတ္တစိတ်၊ ငါ့နေရာ၊ ငါ့အာဏာဆိုတဲ့ စိတ်ထားတွေသာ ဖုံးလွမ်းပြီး မျက်နှာပြောင်တိုက်စွာ မိုက်တွင်းနက်နေတုန်းပါပဲ။ အခြေခံဥပဒေမူကြမ်းကိုလည်း ပြည်သူတွေက ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ သူတို့အာဏာတည်မြဲရေးအတွက် တဖက်သက် ရေးဆွဲ ထောက်ခံ အတည်ပြုထားပြီ။ နောက်ပြီး ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ လုပ်ပေးဦးမယ်လို့ ကတိပေးထားပြန်ပါသေးတယ်။ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိမယ် မရှိဘူးဆိုတာကိုတော့ အထူး အငြင်းပွားနေစရာတောင် မလိုအပ်တော့ပါဘူး။

မျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ်ဆိုတာ သတင်းစာတွေ၊ တီဗီတွေမှာ ဝါဒဖြန့်ဇာတ်လမ်းတွေ ပြပြနေရုံနဲ့ မလုံလောက်တော့ပါဘူး။ တကယ်ဘတိုင်းပြည်ချစ်တယ်ဆိုရင် တိုင်းပြည်ကောင်းဖို့ မိမိတို့နဲ့ ဝါဒမတူသူတွေ အတိုက်အခံတွေနဲ့ အတူတူလက်တွဲပြီး တိုင်းပြည်ကောင်းအောင် တိုးတက်အောင် အဖြေရှာဆွေးနွေးရမှာဘဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှု အဆင့်အတန်း အားလုံး အဘက်ဘက် ဆုတ်ယုတ်နေပါပြီ။ တွေ့ဆုံ ဆွေးနွေးတယ်ဆိုတာ လက်နက်ချ အညံ့ပေးလိုက်တာမဟုတ်ဘဲ ယိုယွင်းနေတဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ စေတနာသန့်သန့် သူ့ဘက်ကိုယ့်ဘက် အတူတူ ပူးပေါင်းလုပ်ကိုင်မှုဖြစ်လို့ အင်မတန်မှ မွန်မြတ်တဲ့ အလုပ် ဖြစ်ပါတယ်။ ဒီတော့ သူများနိုင်ငံတွေရဲ့ မျိုးချစ်စိတ်ဆိုတဲ့ စကားအပေါ် အပြောတင်မဟုတ် လက်တွေ့လုပ်ဆောင်ပုံတွေကို သာဓကယူပြီး အချိန်မနှောင်းခင် သံဝေဂတရားရပြီး မာနတွေ ခဝါချနိုင်ကြပါစေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts