မောင်တူး

Maung Too – Articles

သက်ရှိပန်းချီ- အပိုင်း (၃)
မောင်တူး
ဇူုလိုင် ၁၇၊ ၂၀၁၃

အင်ဥတွေကို မြင်တယ်။ ဘယ်နေရာမှာလဲ။ ဈေးတဈေးမှာ။
အင်ဥကို ၁၉၈၈ ခုနှစ်အထိ ကျနော် မစားဘူးခဲ့။ ၈၈၈၈ နောက်ပိုင်းမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်တွေရဲ့ တောတောင်တွေ မှာ လှည်လည်ရင်း အင်ဥကို စတွေ့ ခဲ့တယ်။
မှတ်မှတ်ရရ မော်လမြိုင်ကနေ တောခိုလာတဲ့ ဦးမှတ်ကြီးက ချက်ကျွေးခဲ့တာ။ ဦးမှတ်ကြီးက ကျောင်းသားတပ်မတော် တပ်ရင်း ၂၁၆ က။ ကျနော်က တပ်ရင်း ၂၀၅ ဖြစ်ပေမယ့် စစ်ကြောင်းမှာ အတူတူလိုက်ရင်းက သူချက်ကျွေးတယ်။ အဲ့သည်တုန်းက ဒီအေဘီ ၉ စစ်ကြောင်းမှာ။
အင်ဥတွေကို အင်ပင်တွေပေါ်မှာ တံချူနဲ့ လှမ်းခူးယူရတယ် လို့  ဦးမှတ်ကြီးကပြောတယ်။ ဒါကြောင့် ကျနော်တို့ဝါးတွေ ခုတ် တံချူတံတွေလုပ် တောထဲဝင်ကြတယ်။ ဘယ်ဟုတ်မလဲ ဘာအင်ဥမှ မတွေ့ ဘူး။ မောပြီး ပြန်လာကြတယ်။ တကယ်တော့ ဦးမှတ်ကြီးက ကျီစယ်လိုက်တာ။ ကျနော်က ရန်ကုန်တိုင်း၊ သုံးခွမြို့ကလာသူ။ တခြား သူငယ်ချင်းတွေကလဲ မင်္ဂလာဒုံ၊ တာမွေ စတဲ့ မြို့သားတွေများတယ်။ တောထဲသာ ရောက်လာတယ်။ ၀ါး မခုတ်တတ်၊ နှီးမဖြာတတ် တောတွင်း အထာတွေကို ဘာကမျှမသိခဲ့သူတွေ။
နောက်တော့မှ ရင်းငြိမ် တောင်ဇွန်းဘက်ကလာကြတဲ့ ဦးနီတို့ကိုဝလုံးတို့က ပြောပြတယ်။ အင်ဥဟာ အင်ပင်ခြေရင်း မြေကြီးထဲမှာဘဲ ရှိ တာတဲ့။ မင့်အမေ့လင် အင်ပင်ထိပ်ဖျားမှ မရှိဘူးတဲ့။ ဦးမှတ်ကြီး တော်တော် အကြပ်သန်သတဲ့။ ကြပ်တယ်ဆိုတာကတော့ နောက်တယ်ပေါ့။ မဟုတ်တာကို ဟုတ်သယောင် မှင်ကောင်းကောင်းနဲ့ ပြောတယ်ပေါ့။ အဲ့သည်အခါကျမှ အင်ဥသည် အင်ပင်ခြေရင်းနဲ့အနီးတ၀ိုက်တွင် ရှိ သည်။ ဒီလိုမှတ်သားပြီး တောထဲမှာလိုက်ကောက်လိုက်ကြတာ။ ကျနော်တို့ ၂၀၅ တပ်ရင်းက ဦးနီတို့ ၂၀၉ တပ်ရင်းက ကိုဝလုံးတို့ရဲ့ အပြောကြောင့်။
ကျနော်ကတော့ နို့ဆီဘူး ၅ လုံးလောက်ရတယ်။ တချို့ကျွမ်းကျင်သူတွေကတော့ အများကြီးရကြတယ်။ အလွယ်ကူဆုံးကတော့ အင်ဥကို ထက်ပိုင်းလှီး။ ကြော်စားကြတာပါဘဲ။ သိပ်ကောင်းတယ်။
ဒါက ကျောင်းသားတပ်မတော်မှာ နေစဉ်ကာလတောတွင်း ရှာဖွေစားသောက်ခြင်းပါဘဲ။ အော် အင်ဥ အင်ဥ။ တော်တော်လွမ်းမိပါတယ်။ ဒီနေ့တော့ ဈေးမှာ တွေ့ ခဲ့တယ်။
မှတ်မှတ်ရရ အင်ဥနဲ့ဆက်စပ်ပြီး ကိုဝလုံးကို သတိရတယ်။ သူက ကျဆုံးသွားပါပြီ။
ကိုဝလုံးဟာ အမေအိုကြီးနဲ့ နေခဲ့ရသတဲ့။ တောင်စွန်းကလို့ ပြောတယ်။ ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၉ သံလွင်စခန်းကပါ။ သူ့ ကို ဂျပန်သတင်းထောက် ယာမာမိုတိုက လာမေးတယ်။ ၁၉၉၃ ခုနှစ်လောက်မှာပါ။ အင်တာဗျူးပေါ့။ သူဖြေပုံကြောင့် ၀ိုင်းရယ်ကြရတယ်။ သူက ဘယ်လိုဖြေသလဲဆိုတော့ (ကျနော် အမှန်တိုင်းဖြေမယ် ယာမာမိုတိုခင်ဗျာ။ ကျနော်က သိပ်ဆိုးခဲ့တယ်။ အရက်သမား။ ဂစ်တာတော့ တီးတယ်။ အမေအိုကြီးနဲ့နေတယ်။ လုပ်မကျွေးဖြစ်ခဲ့ဘူး။ တကယ်ပြောတာပါ။ ၈၈၈၈ ဖြစ်နေတယ်။ ကျောင်းသားတွေကို စစ်တပ်က ပစ် သတ်တယ်ကြားတော့။ ၀င်ချမယ်ကွာဆိုပြီး လိုက်လာတာ။ အခု ကျောင်းသားတပ်မတော်ကိုရောက်လာတာပါဘဲ) တဲ့။
သူကို ဂျပန်သတင်းထောက်ကမေးတယ်။ နိုင်ငံရေးလေ့လာထားသလားဆိုတော့ သူက ဘာမှကိုမသိဘူးတဲ့။ ကျောင်းသားသတ်တယ်ဆိုတဲ့ မခံချင်စိတ်တခုနဲ့ စစ်တပ်ကို၊ မဆလကို ပြန်ချမယ်ဆိုပြီးထွက်လာတာတဲ့။
ကိုဝလုံးဟာ ဂစ်တာတီးတယ်။ သီချင်းဆိုကောင်းတယ်။ သီချင်းစပ်တယ်။ အဆိုတော် မွန်းအောင်ဆိုတဲ့ တော်လှန်ရေးသီချင်းတွေထဲမှာ သူစပ်ထားတာတွေပါတယ်။ အန္တိမစိတ်သီချင်းအပါအ၀င် သူစပ်ထားတဲ့သီချင်းတွေ အခုရှိနေဆဲ။ ၁၉၉၃ ခုနှစ် ဌာနချုပ် ဒေါင်းခွင်ဗဟိုမှာ ကျောင်းသားတပ်မတော်တည်ထောင်ခြင်း ၅ နှစ်ပြည့်ပွဲကျင်းပတယ်။ ကျောင်းသားတပ်မတော် စစ်သင်တန်းကျောင်းအုပ်ကြီး ဒုဗိုလ်မှူးကြီး အေးမြင့်ဦးဆောင်ပြီး စစ်ရေးပြအခမ်းအနားလုပ်ခဲ့တယ်။ ညဘက် ဖျော်ဖြေရေးအစီအစဉ်မှာ သီချင်းတွေဆိုခဲ့ကြတယ်။ ကိုဝလုံး။ ရဲဘော်ဝ လုံးက ကိုယ်တိုင် ဂစ်တာတီးပြီး သီချင်းဆိုခဲ့တယ်။ ခင်ဝမ်းရဲ့ ဆော်လမွန်ငါးတို့အပြန်။
ရဲဘော်ဝလုံးအတွက် .. မဗေဒါ ရေးသားသည့်ကဗျာ။
…….။ 

(၉၃) မှာ
စင်ပေါ် တနေရာကနေ
ခင်ဝမ်းရဲ့
“ဆယ်လမွန် ငါးတို့အပြန်”ကို
မူရင်းအသံနဲ့ ခပ်သွဲ့သွဲ့ လေး
ဟစ်လိုက်တော့..
ငိုသူငို
ဆိုသူဆို
ပြိုင်းသူပြိုင်းနဲ့
မှတ်မှတ်ရရ (၅) နှစ်ပြည့်မှာ..
ရဲဘော်တို့ရဲ့ အသည်းအိမ်ကို သူလှုပ်ခါခဲ့တာ..။

တော်လှန်ရေးကြီးရဲ့ နေရာတခုမှာ 
တာဝန်တွေ အတူတူထမ်းရင်း ပိုးရင်း.. 
“နင့်အသံက နဲနဲလိုသေးတယ် .. အသက်အဝရူထား” 
“ဆရာကလည်း လုပ်ပါ့” လို့ 
ခပ်စွာစွာ 
ငြင်းဆိုတော့ 
ခွင့်လွတ်တဲ့ စိတ်ထားနဲ့အတူ .. 
အံ့သြဟန်ပြ 
… ရယ်မောနေခဲ့သေး..။ 
 
ငြင်းခဲ့ရ အော်ခဲ့ရနဲ့ 
ရက်ပေါင်းများစွာ 
ဆင်းရဲမှု.. 
မပြည့်စုံမှု.. 
ခါးသီးမှု … မှု ပေါင်းစုံကို 
… ရင်ဆိုင် အံတုရင်း ..။ 
 
ဘဝရဲ့ စိန်ခေါ်မှု 
တော်လှန်ရေးရဲ့ စိန်ခေါ်မှု 
စိန်ခေါ်မှုတွေကို မာန်တင်းခံရင်း.. 
ဘဝတိုက်ပွဲတွေကို အတူတူနွှဲခဲ့သူ ..။ 
 
“ငါ ရှေ့တန်းသွားတော့မယ်”ဆိုတဲ့ 
စကားလေးနဲ့
..ဌာနကရဲဘော်တွေကို .. 
နှုတ်ဆက်စကားဆိုတော့ …. 
အော် ရဲဘော်ဆိုတာ ရှေ့တန်းနဲ့
မိတ်ဘက်တွေမို့
အမှန်တရားအတွက် 
သူ တနေ့ပြန်လာနိုးမျှော်ရင်း … 
 
သီချင်းတွေ ရေးတဲ့သူ… 
သီချင်းတွေ ဆိုခဲ့သူ.. 
ကဗျာတွေ ရေးခဲ့သူ.. 
အသံတွေ ဖမ်းပေးခဲ့သူ.. 
တော်လှန်ရေးမှာ သူလိုကိုယ်လို .. 
နိုင်ဝန်တွေကို ထမ်းရင်း …. 
တော်လှန်တဲ့ သားကောင်းတယောက် သူမြတ်နိုးတဲ့ အရာတွေ မပွင့်မီ ကြွေခဲ့ရပေါ့..။ 
 
(တပ်ရင်း (၂၀၉) မှ ရဲဘော် ကိုဝလုံးအတွက် ရေးထားတာပါ။ .. ကျွန်မနဲ့အတူတူ ပြန်ကြားရေးဌာနတွင် အလုပ်တွဲလုပ်ဖူးခဲ့ပါတယ်.. သူ ကောင်းရာသုဂတိရောက်ပါစေလို့ဆုတောင်းရင်း.. မရေးတက်ရေးတက်နဲ့ ဒီစာစုလေးကိုရေးပါတယ်..။ တကယ်တော့ ကျဆုံးသူတွေ အ တွက် ဒီလိုစာနဲ့ မလုံလောက်ဘူးဆိုတာ ကျွန်မစိတ်ထဲမှာ အလိုလိုသိနေပါတယ် ..)

မဗေဒါ
(၁၂၊ ၀၅၊ ၂၀၁၀)

မဗေဒါဟာ အခုနော်ဝေးနိုင်ငံမှာနေထိုင်နေပါတယ်။ ကဗျာနဲ့ ဓါတ်ပုံဟာ http://mabaydar88.blogspot.com ကနေ ရထားတာပါ။ ဓါတ် ပုံရဲ့ဘယ်အစွန် အင်္ကျီဝါနဲ့ ဂစ်တာတီးနေသူက ကိုဝလုံးပါ။
မဗေဒါ၊ ကိုဝလုံး၊ ကျနော် မောင်တူးနဲ့ တခြားရဲဘော် ရဲမေတွေ ABSDF ကျောင်းသားတပ်ဗဟိုက ခေါ်ယူထားပါတယ်။ ဗဟိုပြန်ကြားရေး ဌာနမှာ ကျနော်တို့ တာဝန်ကျတယ်ပေါ့။ နော်ဝေးကနေ DVB ရေဒီယို (၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက်) စမလွင့်ခင်ကတည်းက ကျနော်တို့ကို သတင်းသင်တန်း၊ ဓါတ်ပုံနဲ့အသံဖမ်း အသံလွင့်သင်တန်းတွေ ပေးထားပါတယ်။ နောက်ပိုင်း ဒီဗွီဘီလွှင့်ချိန်မှာ ကျနော်တို့ဟာ ဒီဗွီဘီ ၀ိုင်း တော်သားတွေ ဖြစ်လာပါတယ်။ ကိုဝလုံးလဲ သီချင်းတွေစပ်။ သီချင်းတွေသွင်း တော်တော်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အ ပြောင်းအရွှေ့တွေ တော်တော်များများဖြစ်ပြီး ပြောင်းကြရွှေ့ကြချိန်မှာ ရဲဘော်ဝလုံးဟာ ရှေ့တန်းပြန်ထွက်သွားပါတယ်။ နအဖ အစိုးရတပ် တွေ ဖြတ်လေးဖြတ်သုံး ချေမှုန်းနေချိန်မှာ ခက်ခက်ခဲခဲ ကျောင်းသားတပ်မတော်သားအဖြစ်လှုပ်ရှားရင်း ရှေ့တန်းတနေရာမှာ ကိုဝလုံးကျ ဆုံးခဲ့ရပါတယ်။ သူကျဆုံးချိန်မှာ ကျနော်က ကယားပြည်နယ်ထဲရောက်နေပါတယ်။ သူကျဆုံးခဲ့တာကတော့ ကရင်ပြည်နယ်ထဲမှာပါ။
ရဲဘော်ဝလုံးဟာ နိုင်ငံရေးစကားမပြောတတ်ပါ။ သို့သော် ရိုးရိုးစင်းစင်းနဲ့ သဘာဝသီချင်းတွေ စပ်လေ့ရှိပါတယ်။ နောက်တန်း ပြန်ရောက်ချိန် မှာ သံလွင်မြစ်ရိုးတလျှောက် အရိပ်ကောင်းတွေ သစ်ပင်အောက်တွေမှာ ပုခက်တလုံးဆင်အိပ်ရင်းက ဂစ်တာတီး သီချင်းစပ်လေ့ရှိပါတယ်။ အတောင်ကျိုးလျှက် နေဆီပျံမယ့်ငှက်ဆိုတဲ့ စာသားမျိုးတွေဟာ သူ့ရဲ့လက်ရာတွေ ဖြစ်ပါတယ်။

သက်ရှိပန်းချီ အပိုင်း (၂) မှာ ကဗျာရေးရင်း စစ်တိုက်သူ ရဲဘော်တိုက်မောင်းအကြောင်း ကျနော်ရေးခဲ့။ ဒီနေ့ အပိုင်း (၃) မှာ အင်ဥစားချင် စိတ်ကနေ ရဲဘော်ဝလုံးအကြောင်းနည်းနည်းရေးဖြစ်ပါတယ်။ တိုက်မောင်းနဲ့ဝလုံး တူနေတာက လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် အာ ဏာရှင်စံနစ် ဖျက်သိမ်းဖို့ စစ်တိုက်ခဲ့ကြတာ။ မတူတာက ကဗျာရေးတာနဲ့ သီချင်းရေးတာပါ။ ဒါပေမယ့် ရေးဖွဲ့တာချင်းတော့ အတူတူ ခံစား ချက်ခြင်းတော့ အတူတူပါဘဲ။ သူတို့ကို သတိရနေတယ်။ သူတို့ ကောင်းရာသုဂတိလားကြပါစေ။ ၈၈၈၈ ငွေရတုတိုင်တော့မယ်။ ကျောင်း သား တပ်မတော်လည်း ၂၅ နှစ်သားရှိပြီ။ မဗေဒါရဲ့ကဗျာအဆုံးမှာ မှတ်ချက်ရေးသလို သူတို့အကြောင်း ဒီလောက်ရေးရုံနဲ့  မလုံလောက်ပါ။ ရဲဘော်ဝလုံးစပ်ဆိုခဲ့တဲ့ တော်လှန်ရေးသီချင်း အန္တိမစိတ်ထဲကလို မြေမှာကြွေသည်အထိ မွှေးမယ့်ပန်းတွေပါ …။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts