>Linn Yone Tin Aung

>

လင်းယုန်တင်အောင် ဒို့ခေါင်းဆောင်
မောင်စွမ်းရည်

နိုဝင်ဘာ ၄၊ ၂၀၀၈


မာန်ဟုန်ထန်ပြင်း၊ တိမ်တောင်ခွင်းမည့်
ငှက်မင်းလင်းယုန်၊ ပျံတက်ပုံကို
ပုံပြင်ဖွဲ့ကာ၊ ပြောချင်ပါခဲ့
ညီမောင်ငဲ့။

ရဲမာန်ဝင့်ဝင့်၊ တောင်စုံဖွင့်ကာ
မြင့်မြင့်မြန်မြန်၊ မုန်တိုင်းဆန်အံ့
လေးသံမြားသံ၊ တဆံမငဲ့
သူပျံခဲ့ပုံ၊ ရဲမာန်ဟုန်လည်း
ရဲဂုဏ်မော်ကွန်း၊ လင်္ကာညွှန်းလို့
လှမ်းချင်ပါခဲ့၊ ညီမောင်ငဲ့။

မမြင်ဖူးလည်း၊ မြင်ဖူးသူက
ပြောပြလိုက်ရင်၊ သင်မြင်သလို
သင် ကြည်ညိုလိမ့်။

မကြားဖူးလည်း၊ ကြားဖူးသူက
ပြောပြလိုက်ရင်၊ သင်ကြားသလို
သင် ကြည်ညိုလိမ့်။

ကြည်ညိုရင်းက၊ သင်အားကျ၍
လောကတလွှား
မတရားမှု၊ ဖိနှိပ်မှုကို
ဟန့်တားလိုမှု၊ ဆီးဆို့မှုကို
မှောင်ချလိုမှု၊ ချုပ်ချယ်မှုကို
အန်တုစိန်ခေါ်၊ သင် ခေါင်းမော်အံ့၊
ရဲဘော်ညီရွယ်၊ လင်းယုန်ငယ်သည်
လင်းကျယ်ကောင်းကင်၊ တိုးခွဲဝင်အံ့၊
ကျား “ခြသေ့င်္ဆိုး”၊ “ကြံ့သိုး” “ဖွတ်” မြွေ
ရေပုတ် မိကျောင်း၊ သစ်ခေါင်းပင့်ကူ
ဆိပ်ခိုးအူသော၊ ပဒူပရွက်
မျက်စိစူးလျှင်၊ မြင်နိုင်ဝေးဝေး
နှုတ်သီးသွေးသော်၊ သွေးတိုင်းချွန်ထက်
သန်လျက်တောင်ပံ၊ သံမဏိလက်သည်း
လျှပ်စီးထိုးသုတ်၊
သံငုတ်ဆူးချုံ၊ မုန်တိုင်းပင်လယ်
တောင်ကွယ်တောတွင်း၊ ရန်မှောင်မင်းကို
ဖြိုခွင်းစေအံ့၊ လင်းစေအံ့။

အို – လင်းယုန်တို့
အမှောင်မင်းကို၊ ဖောက်ထွင်းဖြိုခွဲ၊ ရဲစေလော့။
အမှောင်မိုက်ကို၊ တိုက်ခိုက်ဖြိုခွင်း၊ လင်းစေလော့။
အမှောင်ထုကို၊ အန်တုနှိမ်နင်း၊ ရှင်းစေလော့။

လင်းယုန်အသည်း၊ လင်းယုန်ဇွဲဖြင့်
ပွဲတိုင်းကျော်၍၊ မော်စေသတည်း။

မောင်စွမ်းရည်
၂၀၀၈၊ အောက်တိုဘာ၊ ၂၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts