>Zaw Aung (Washington DC) Election Thought

>

မဲတပြား နဲ့ အတွေးတစ

ဇော်အောင် (၀ါရှင်တန်ဒီစီ)

နိုဝင်ဘာ ၄၊ ၂၀၀၈

မြန်မာနိုင်ငံမှ ကျင်းပခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲကာလမှာ တောထဲရောက်နေတာကြောင့် ပထမဦးဆုံးအကြိမ် မဲပေးခွင့် ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ကျနော် မဲပေးခွင့်ရခဲ့ရင်လည်း ပေးခဲ့တဲ့ မဲပြားက အနှစ် ၂၀ တိုင် အသိအမှတ်ပြုခြင်း ခံရသေးမည်မဟုတ်လား။ တောတွင်း ငှက်ဖျားဒဏ် သေဘေးမှလွှတ်မြောက်၊ ရန်သူ့ကျည်မသင့်၊ တရားမ၀င်ဒုက္ခသည်ဘ၀က အလွတ်ရုန်း နောက်ဆုံး အနှစ် ၂၀ အကြာမှ ကျနော် ပထမဦးဆုံးအကြိမ် မဲပေးခွင့် ရလို့ အတိုင်းမသိ ၀မ်းသာရပါတယ်။

တိုက်တိုင်ဆိုင်ဆိုင် ကိုယ်တိုင် ဆန္ဒမဲပေးခွင့်ရတဲ့အချိန်မှာ အမေရိကန်နိုင်ငံရေးအခြေအနေက အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ကာလဖြစ်နေတယ်။ အမေရိကန်သမိုင်း စာမျက်နှာသစ် ရေးတင်ရမယ့် အပြောင်းအလဲတွေနဲ့ ဖြစ်နေတယ်။

အစောပိုင်းကာလမှာ ဒီမိုကရက်တစ်ပါတီ ထင်ရှားတဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းနဲ့ အာဖရိကန်-အမေရိကန်နွယ်ဖွား ကိုယ်စားလှယ်လောင်းတို့ရဲ့ အကြိတ်အနယ် မဲဆန္ဒလှုံဆော်မှုတွေ လေ့လာစောင့်ကြည့်။

နောက်ပိုင်း ဗီယက်နမ်စစ်ပြန် နိုင်ငံရေးဝါရှိသူ (ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ရင် အမေရိကန်ပြည်ထောင်စု သမိုင်းမှာ အသက်အကြီးဆုံး သမ္မတဖြစ်လာမဲ့သူ) နဲ့ အမေရိကန်ပြည်မကြီး ကိုယ်စားလှယ်မဟုတ်ဘဲ လူသိနည်းတဲ့ မြောက်ဝင်ရိုးစွန်းဒေသ ပိုလာဝက်ဝံဖြူတွေ ခိုအောင်းရာ အလာစကာပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှုး အမျိုးသမီးကိုယ်စားလှယ်လောင်းတို့ရဲ့ လက်တွဲယှဉ်ပြိုင်လှုပ်ရှားမှုတွေက ခေတ်သစ်သမိုင်းမှာ နိုင်ငံရေးစိတ်ကုန်ခန်းနေတဲ့ အမေရိကန်နိုင်ငံသားတွေ – အထူးသဖြင့် လူငယ်လူရွယ်များ၊ လူနည်းစုလူမျိုးနွယ်များ၊ အမျိုးသမီးများကို ဒီနှစ် ရွေးကောက်ပွဲက ပြန်လည်စွဲဆောင်နိုင်ခဲ့တယ်။

ရွေးကောက်ပွဲအကြိုကာလစကတည်းက ကျနော့်အနေနဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ နိုင်ငံရေးစင်မြင်ထက်မှာ အချိန်မကြာသေး ၀ါနုသေးတယ်လို့ သတ်မှတ်ခံရတယ် အသက် ၄၆ နှစ် (ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးလောကထဲ ရောက်ရှိလာချိန်အသက်)သာ ရှိသေးတဲ့ အာဖရိကနွယ်ဖွား ဘာရက် အိုဘားမားကို သဘောကျ ထောက်ခံနေပါတယ်။

၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲကာလ ဒီမိုကရက်တစ်ပါတီ ပြည်လုံးကျွတ်ညီလာခံကြီးမှာ ဘာရက်အိုဘားမာ မိန့်ခွန်းပြောခဲ့တဲ့အချိန်ကစပြီး သူ့ရဲ့အစွမ်းအစကို သတိပြုမိခဲ့တယ်။ နိုင်ငံရေးဝါနုပေးမဲ့ ဥာဏ်ပညာထက်မြတ်၊ အပြောအဆို စွဲဆောင်အားကောင်းတဲ့သူကို ဝါရင့် နိုင်ငံရေးသမားများက ဒီမိုကရက်တစ်ပါတီရဲ့ အနာဂတ်ကြယ်ပွင့်ဆိုပြီး ထောက်ခံအားပေးခဲ့လို့ ဒီနှစ် ၂ဝဝ၈ ရွေးကောက်ပွဲမှာ ထင်ရှားတဲ့ပြိုင်ဖက်နိုင်ငံရေးသမားများကို အနိုင်ရယူကာ အခုအခါ အမေရိကန်သမိုင်းမှာ ပထမဦးဆုံး အာဖရိကနွယ်ဖွား သမ္မတတဦးဖြစ်လာမယ့် အလားအလာရှိနေပါတယ်။

သူ့အကြောင်း မလေ့လာ မသိသေးတဲ့လူတွေအဖို့ နိုင်ငံရေးကျောထောက်နောက်ခံ မိသားစု အစဉ်အလာမရှိ၊ နိုင်ငံရေးဝါနု၊ လူမဲလူနည်းစု စတဲ့ အပေါ်ယံကြောကြည့် ပြောရင်တော့ ဘာရက်အိုဘားမား အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့တောင် မကြိုးစားသင့်ပါဘူး။ ဒါပေမဲ့ သူအကြောင်း အရည်အချင်း စွမ်းဆောင်နိုင်မှုကို ကောင်းကောင်းသိတဲ့သူတွေက သူ့ကို ဘက်ပေါင်းစုံမှ အားပေးကျောထောက်ပံ့ပေးခဲ့တာကြောင့် ယှဉ်ပြိုင်ဖက်တွေကို အနိုင်ရယူနိုင်ခဲ့တယ်။

မိသားစုနောက်ခံအနေနဲ့ လက်လုပ်လက်စား သာမန်မိသားစုမှ ပေါက်ဖွားခဲ့ပေမဲ့ ဖခင် ကင်ညာနိုင်ငံသားလူမဲကလည်း ပညာတတ်နဲ့ လူဖြူမိခင် ကင်းဆက်ပြည်နယ်သူကလည်း လွတ်လပ်တွေးခေါ်သူ ပညာတတ်တွေဖြစ်ကြတယ်။ ဖခင်နဲ့ မကြီးပြင်းခဲ့ရပေမဲ့ မိခင်နဲ့ အဖိုးအဖွားတွေရဲ့  ဆုံးမ လမ်းညွှန်းပေးမှုကြောင့် ပညာရေးမှာထူးချွန်းခဲ့ပြီး ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ ကိုလံဘီယာ၊ ဟားဗတ်တို့က နိုင်ငံရေးသိပ္ပံဘာသာ နဲ့ ဥပဒေဘွဲ့တို့ကို ရယူနိုင်ခဲ့တယ်။ ဟားဗက်တက္ကသိုလ် ဥပဒေကျောင်းသားဘဝမှာ ဟားဗတ်တက္ကသိုလ်က ထုတ်ဝေတဲ့ အထင်ကရ ဥပဒေပညာဆိုင်ရာ သုံးသပ်ချက်ဂျာနယ် (Harvard Law Review) ဥက္ကဌ အဖြစ်ရွေးချယ်တင်မြောက်ခြင်းခံရတဲ့ ပထမဦးဆုံး လူမဲကျောင်းသားဖြစ်လာခဲ့တယ်။

ပညာရေးမှာထူးချွန်ခဲ့သလို အလုပ်လက်မဲ့ မရှိဆင်းရဲသားတို့ဖက်က ရပ်တည်ပြီး လူမှုရေးပရဟိတ အကျိုးဆောင်လုပ်ဆောင်ခြင်း၊ ဥပဒေပညာရှင်ပါမောက္ခအဖြစ် ၁၀ နှစ်ကြာထမ်းဆောင်ခဲ့သလို၊ ပြည်နယ်ဥပဒေပြုလွှတ်တော်အမတ်အဖြစ် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ် အတွေ့အကြုံ အချို့တော့ ရှိပါတယ်။၏

ပြိုင်ဖက်များလို နောက်ခံသမိုင်း နိုင်ငံရေး စင်မြင်ထက် နှစ်များစွာမရှိခဲ့ပေမဲ့ သူ့အသက်အရွယ်၊ အတွေ့အကြုံ နဲ့ အခြေအနေ အကြောင်းအရာတွေအပေါ် သုံးသပ်မှု၊ ဆုံးဖြတ် ပြောဆိုမှုတွေက ဝါရင့်နိုင်ငံရေးသမား၊ ပညာတက်၊ သတင်းမီဒီယာသမားများနဲ့ အထူးသဖြင့် လူငယ်များရဲ့  ထောက်ခံမှုကို တရှိန်ထိုး ရယူနိုင်ခဲ့တယ်။

သူကိုယ်တိုင်းရေး စာအုပ်တွေဖြစ်တဲ့ Dreams From My Father: A Story of Race and Inheritance နဲ့ Audacity of Hope: Thoughts on Reclaiming the American Dream တို့ကို ဖတ်ကြည့်ပြီး သူရဲ့  စိတ်ဝင်စားဖွယ် မိသားစုဘဝ၊ အခက်အခဲ ဖြတ်သန်းမှု နဲ့ အမေရိကန်နိုင်ငံရဲ့  နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အပေါ် သူ့အမြင် သုံးသပ်ချက်တွေကို လှပပြောက်မြောက်တဲ့ အရေးအသားသုံးသပ်ချက်၊ အတွေးအခေါ် အမျှော်အမြင်များကို ပိုသိရှိခဲ့တယ်။

ဘာဘဲဖြစ်ဖြစ် ကျနော်တို့ အိုဘားမား အောင်မြင်မှုကို သုံးသပ်ကြည့်ရင် တော်ရုံစွမ်းဆောင်နိုင်မှု ထက်မြက်မှုနဲ့ ဒီအခြေအနေကို ရောက်လာစရာ အကြောင်းမရှိဘူးလို့ ပြောလို့ရတယ်။

သမိုင်းအထောက်အထား မှတ်တမ်းတွေအရ အမေရိကကို ကျေးကျွန်းအဖြစ်ရောက်လာခဲ့တဲ့ သူ့ အာဖရိကနွယ်ဖွားတွေဆိုရင် နှစ်ပေါင်းရာကျော် လူဖြူများရဲ့ မတရားဖိနှိပ်မှုအောက်မှာ အခွင့်အရေးမဲ့ ကျေးကျွန်းဘ၀နဲ့ နှစ်ပေါင်းရာချီနေခဲ့ရတယ်။ တကယ်တော့ သူတို့လွတ်လပ်မှု တန်တူအခွင့်အရေး ရရှိမှုက မကြာသေးတဲ့ကာလ ၁၉၆၀ နောက်ပိုင်း Civil Rights အရေးတော်ပုံ အောင်ပွဲမှဖြစ်တယ်။ လူဖြူတွေရဲ့  မတရားဖိနှိပ်ချုပ်ချယ် ခွဲခြားမှုတွေကို နှစ်ပေါင်းများစွာ အသက်ပေါင်းများစွာ စတေးပြီး ရယူခဲ့ရတယ်။ ဖိနှိပ်မှုအောက်မှ လွှတ်မြောက်လာခဲ့ပေမယ့် နှစ်ပေါင်းလေးဆယ်အတွင်းမှာ နိုင်ငံရေးအာဏာရယူနိုင်မှု အလွန်နည်းပါးသေးတယ်။

ပထမပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်ရာထူးတွေကို Civil Rights လှုပ်ရှားမှုမှာ ထင်ရှားခဲ့တဲ့ ခေါင်းဆောင်တချို့  ရရှိခဲ့တယ်။ နောက်ပိုင်း နိုင်ငံတော်ရဲ့  အဆင့်မြင့် ရာထူးတွေဖြစ်တဲ့ စစ်ဦးစီးချုပ်ရာထူး နဲ့ နိုင်ငံခြားရေး ၀န်ကြီးတို့ကို ဗိုလ်ချုပ်ကြီး ကောလင်း ပါဝါ နဲ့ ကွန်ဒါလီဇားရိုက်စ် တို့ ရရှိခဲ့တယ်။ ယနေ့ ပြည်နယ်အုပ်ချုပ်ရေးမှုးရာထူး နဲ့ အထက်လွှတ်တော်အမတ်ရာထူးများလည်း တဖြည်းဖြည်းရရှိလာကြတယ်။

လက်ရှိ ကြိုတင် မဲဆန္ဒ လူထုစစ်တမ်းများအရ အာဖရိကန်-အမေရိကန်နွယ်ဖွား ဘာရက် အိုဘားမား က အသာစီးရနေတာကြောင့် ဒီလာမဲ့ နိုဝင်ဘာ ၄ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အမေရိကန်သမိုင်းမှာ ပထမဦးဆုံး အာဖရိကနွယ်ဖွား သမ္မတတဦးဖြစ်လာမယ်။

ကျနော်တို့ မြန်မာနွယ်ဖွားတွေ စိုရိမ်နေတဲ့ မြန်မာအရေး ဘာရက် အိုဘားမား ဘယ်လောက်သိသလဲ၊ လုပ်နိုင်မလဲ။ မြန်မာပြည်တကြိမ် ရောက်ခဲ့တဲ့ လွှတ်တော်အမတ် ဂျွန်မက်ကိန်း၊ ဂျော့ခ်ျ ဘုရှ်၊ လောရာဘုရှ်တို့လို စွမ်းဆောင်လုပ်ဆောင်နိုင်မလား ဆိုတာတွေကို ခဏဘေးဖယ်ထားပြီး အမေရိကန်ပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်နိုင်မဲ့ သမိုင်းမှတ်တမ်းတင်မဲ့ ခေါင်းဆောင်၊ အမေရိကန်လက်ရှိ ရင်ဆိုင်နေရတဲ့ စီးပွားရေးနဲ့ တခြားပြဿနာတွေကို ဖြေရှင်းနိုင်မဲ့ ခေါင်းဆောင်ကို ကျနော်တို့ မှန်မှန်ကန်ကန် ရွေးချယ်တင်မြောက်နိုင်ဖို့က အရေးကြီးပါတယ်။

အများပြောနေ သတ်မှတ်ထားတဲ့အတိုင်း မြန်မာ့အရေးကို အမေရိကန်သမ္မတဖြစ်လာမဲ့ ခေါင်းဆောင်တိုင်းနဲ့ အစိုးရ အလေးပေးလုပ်ဆောင်သွားပါလိမ့်မယ်။ ဆက်စပ်လို့ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့မှာ အိုဘားမား မွေးနေ့ဆုတောင်း သ၀ဏ်လွှာ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုပြောဆိုခဲ့သလို၊ နာဂစ်ကူညီထောက်ပံ့ရေးကိုလည်း တိုက်တွန်းလုပ်ဆောင်ခဲ့တာတွေရှိတာကြောင့် သူ့အနေနဲ့ မြန်မာပြည်အပေါ် အကောင်းဆုံး လုပ်ဆောင်သွားမည်ဆိုတာကို အခိုင်အမာယုံကြည်နေပါတယ်။

နောက်ဆုံးတော့ ကျနော်တို့မြန်မာပြည်သားတွေလည်း ဒီ သမိုင်းတင်မဲ့ ရွေးကောက်ပွဲမှ လေ့လာစရာ၊ မှတ်သားစရာတွေ အများကြီးရရှိနိုင်ပါတယ်။ အထူးသဖြင့် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်တဲ့ ၀ါ၊ အသက်၊ အသားအရောင် လူမျိုး အဓိကမကျဘဲ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းပေါ်မူတည် အများထောက်ခံအားပေး အားကိုးမှု ရနေတဲ့ အိုဘားမား နဲ့ ဒီမိုကရက်တစ်ပါတီရဲ့  ဆုံးဖြတ်လုပ်ဆောင်မှုကို ကြည့်မြင်ရင် ကျနော်တို့ မြန်မာပြည် ဒီမိုကရေစီအရေးမှာလည်း အသက် ၀ါ၊ နိုင်ငံရေးသက်တမ်း၊ သမိုင်းဖြတ်သန်းမှုတွေအပေါ် အမြဲတမ်း အခြေမခံဘဲ ဒီနေ့ နဲ့ မနက်ဖြန် လုပ်နိုင်ကိုင်နိုင် အရည်အချင်းရှိတဲ့ လူငယ်တွေကိုလည်း ပံ့ပိုးအားပေး နေရာပေးဖို့ လိုအပ်နေပါတယ်။

ပြီးတော့ လူမျိုး ဘာသာရေးတွေ ခွဲခြားမနေဘဲ တိုင်းပြည်အကျိုး သယ်ပိုးနိုင်သူတွေ၊ ဦးဆောင်ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းရှိ တိုင်းရင်းသားများကိုလည်း နေရာပေး တင်မြောက်လုပ်ကိုင်သွားဖို့ ပြောင်းလဲမှုတွေ လုပ်ချိန်တန်နေပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts