>Mar Mar Aye 251

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၁)
ရုပ်သေးသဘင် နှင့် ရွှေပြည်ကြီးသီချင်း (အပိုင်း-၂)
မာမာအေး နိုဝင်ဘာ ၂၊ ၂၀၀၈


အသံနားဆင်ရန် ဤနေရာကို နှိပ်ပါ

(photo: Sthilari)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်-

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ပြုံးပြုံး ပြုံးပြုံးနဲ့ လုံးလုံး စကားမပြော ချစ်စရာ့ရုပ်သေးတို့တောမှာ ဟိုစာရှာ သည်စာဖတ်နဲ့ စုတတ်သမျှ စုလိုက်ရင်ပဲ အဆင်ကွဲသီချင်းတပုဒ် ဖော်ထုတ်ပေးချင်ပြန်ပါတယ်။ အဲဒါကလည်း ‘ရွှေပြည်ကြီး’သီချင်းပါပဲ။ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်တဲ့ တေးရေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းတေးသီချင်းများ အတွဲ(၁) မှာ တွေ့တာပါရှင်။ ရှေ့တပတ်က ပြောပြခဲ့တဲ့ မြန်မာဂီတရေစီးကြောင်း စာအုပ်မှာ ဖော်ပြထားတဲ့ စာသား နဲ့ အနည်းငယ် ကွာတာကို သတိပြုမိပါတယ်။ ဒါပေမယ့် မူကွဲတွေ ပေါ်ခဲ့တယ် လို့ သိနိုင်တဲ့အတွက် မှားတယ်မှန်တယ် အငြင်းပွားဖွယ် မရှိပါဘူး။ သို့သော်လည်း စာတလုံးကြောင့် အဓိပ္ပာယ် ယွင်းသွားနိုင်တာမို့ ထုတ်ဝေသူများကို အကြံပြုသင့်တယ်လို့ ယူဆတာ မို့လို့ နည်းနည်းတော့ ပြောချင်ပါတယ်။

ရွှေပြည်ကြီး – ခြေဆင်းပိုဒ်အပြီး သီချင်း စ တဲ့ ဒုတိယစာကြောင်းမှာ “ရွှေဘုံဟံသာကွန်း” အဲဒီနောက်က ‘ယွန်းနတ်ကယ်ဆီ’ ဆိုတဲ့စာကို ပြောလိုတာပါရှင်။ အဲဒါပြီးလို့ ဆက်မယ့်စာသားက ‘ပဟိုရ်နှစ်ချက်တီးချိန်မို့’ ဆိုတော့ စန္ဒရားလှထွတ်ရဲ့ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်မှာ ဖော်ပြတဲ့ ‘ရွမ်းနတ်စည်’ ဆိုတာသာ ပိုပြီးတော့ ဆီလျော်ပါတယ်။ ‘ယွန်းနတ်ကယ်ဆီ’က သတ်ပုံဟာ ‘ယွန်း’ ဖြစ်နေလို့ပါ။ ‘ရွမ်း’က စည်ရွမ်းတာမို့ စဉ်းစားစေချင်ပါတယ်။

နောက်တခုကတော့ စာကြောင်းရေ (၈) မှာ တွေ့ရတဲ့ “ဒေါင်းမီးခွက်”။ စာရေးဆရာက ဒေါင်းရဲ့အမြီးက အကွက်ကိုသာ ဆိုလိုတာပါ။ မီးမှာ ရရစ် မပါ၊ ‘ကွက်’နေရာမှာ ‘ခွက်’လို့ စာစီထားတော့ ဒေါင်းပုံမီးခွက် လို့ အယူမှားနိုင်လို့ပါရှင်။ ခြေဆင်းပိုဒ်ကလေးကို ဟိုးတခါက အခြေခံဥပဒေအသစ်ပြုဖို့ လုပ်အားပေးခဲ့ရတုန်းက ကြားထားတာလေးမို့ အခု ပြန်ဖော်ပြတာအတွက် ကျေးဇူးပါပဲ။ ကျေးဇူးဆိုတာ ရှာကြံ တင်ရတာပေါ့။ မှတ်တမ်းမှတ်ရာ သိမ်းဖို့ရာမို့လို့ နားဆင်နော်။

(ရွှေပြည်ကြီး – ခြေဆင်း) xxx ပင်လယ်ကူးပြီး တနယ်ထုတ်လို့ အကျယ်ချုပ်နဲ့ ထားတာမတော့၊ အရှင်နှစ်ပါး သနားစရာကောင်းလိုက်ပါဘိ၊ အမရပူရ စံဋ္ဌာနီ၊ မန္တလာပြည်၊ တို့အရှင်နှစ်ပါးကတော့ သြော် ဘယ်တော့မှ မပြန်လာပြီ။ xxx

အဲဒါကြောင့် – – အို – – ရွှေပြည်ကြီး – – နီးအောင်ပင်လှမ်း – – – အဲဒီလို စည်းနဲ့ဝါးနဲ့အပိုဒ်ကို ၀င်ဆိုသွားရပါတယ်ရှင်။ ပြီးခဲ့တဲ့တပတ်က သီချင်းနဲ့ ဆက်ပြီးတော့ဆိုကြပေတော့နော်။ ဒါတွေက အဆိုတို့ အရေးတို့ရဲ့ ရုပ်သေးစင်ပေါ်က အလေးပြုသင့်တဲ့ တေးတွေပါပဲ။

(photo: Patandsaoyuth)

ရုပ်သေးလေးတွေကို အသက်သွင်းထားသလို စေစားနိုင်တဲ့ သူတွေကတော့ ကြိုးဆွဲဆရာတွေပေါ့ရှင်။ ဦးဖူးညိုနဲ့ ဆရာပု ဆိုတာက ရုပ်သေးမင်းသမီးရုပ်အတွက် နောက်ခံဆိုပေးတဲ့ ပညာရှင်ကြီးတွေပါပဲ။ အမေပု ခေါ်တဲ့ ဆရာပုဟာ ရုပ်သေးကြိုးဆွဲဆရာမုန်းကို လက်စွဲထားပြီး အသုံးတော်ခံခဲ့ပါတယ်။ အက အခြေခံ ကဗျာလွတ် ကကွက်တွေ ထွင်ပေးခဲ့တဲ့ မန္တလေးက အငြိမ့်မင်းသမီးကြီး နာမည်ကျော် ‘ဒေါ်သြဘာသောင်း’ ဟာလည်း ရုပ်သေးအကကို အဲဒီဆရာမုန်းဆီမှာပဲ သင်ခဲ့တာပါ တဲ့။ ထမီနားကို ဘယ်ပြန်ညာပြန် ခြေနဲ့ခတ်ပြီး စည်းသုတ်နဲ့ကတဲ့ အကမှာ သြဘာသောင်းကတာ လှတယ်လို့ ဆရာကြီးစိန်ဗေဒါကတောင် ပြောလာပါသတဲ့။ ဒီအကကိုလည်း အမေပုရဲ့ ရုပ်သေးရုပ်ကလေးဆီက အတုခိုးခဲ့တာ လို့ ဆရာမကြီးက ပြောခဲ့ပါတယ်လို့ လူထုဒေါ်အမာ ရေးတဲ့ ‘အငြိမ့်’ စာအုပ်မှာ ဖတ်ရပါတယ်ရှင်။

ရုပ်သေးမှာ အခြေခံအနေနဲ့ ကြိုး(၁၁)ကြိုး တပ်ဆင်ထားပါတယ်။ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ပခုံး၊ တံတောင်ဆစ် စတဲ့ နေရာတွေမှာ ကြိုးနဲ့ဆိုင်းထားတာပေါ့ရှင်။ ပွဲကတဲ့အခါ လူတယောက်ရဲ့ ခါးလောက်အမြင့်ရှိတဲ့ ကန့်လန့်ကာရဲ့နောက်မှာ ရုပ်သေးကြိုးဆွဲဆရာက မတ်တပ်ရပ်အနေအထားနဲ့ ကန့်လန့်ကာရှေ့မှာ ရုပ်သေးရုပ်လေးကို ချပြီး လှုပ်ရှားကပြကြပါတယ်။ ရုပ်သေးမင်းသား မင်းသမီးတွေကလည်း အဆို အပြော ကောင်း၊ ကြိုးဆွဲသူကလည်း အထိုင်ကျမို့ ၀န်ကြီးတို့ ပုဏ္ဏားတို့ ဂုံးရုပ်တို့က နှိပ်စက်တဲ့အခန်းဆို ပွဲကြည့်တဲ့လူတွေက ကြည့်ရင်းနဲ့ လိုက်ငိုကြ၊ ဒေါသမထိန်းနိုင်တဲ့လူက တွေ့ရာ ဆေးလိပ်တို၊ ပြောင်းဖူးရိုးတွေနဲ့ ကောက်ပေါက်ကြနဲ့ အရုပ်ကလေးဘ၀ကို မေ့သွားကြလောက်အောင် အနုပညာဂုဏ် မြောက်ခဲ့တာပါရှင်။

ဟိုနေ့က ရုပ်သေးကြိုး (၃၂) ချောင်းနဲ့ ဆွဲတာ (၁၈၃၀) ပြည့်နှစ်မှာ လို့ မာအေး ပြောခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကြိုး (၆၀)အထိ ဆွဲနိုင်ပြီ လို့ မြန်မာပညာရပ်များနှီးနှောဖလှယ်ပွဲမှာ ကြားလိုက်ရပါတယ်။ မဆီမဆိုင် ၀င်ပြီး စုဆောင်း လေ့လာ တီထွင် သိမ်းဆည်းပေးနေတဲ့ ဆရာဝန်ကြီးကို အထူးပဲ ကျေးဇူးတင်ရပါတယ်။ ‘ယမနေ’သစ်ကို ၀ယ်ရတာ ဈေးကြီးပြီး ရှားပါးလို့ တဲ့၊ ‘ပလပ်စတစ်ပိုက်’နဲ့ အစားထိုးတဲ့ ရုပ်သေးရုပ်တွေ လုပ်နေတယ် တဲ့ ရှင်။ ဇာတ်ကြီးတွေ ပွဲခင်းတော့ သစ်သားရုပ်က ‘လေး’နေမှာ ဆိုတော့ ဖန်တီးတဲ့ အရုပ် ပေါ်လာရင် ကြာကြာ အချိန်ပေး ကြိုးဆွဲ ကပြနိုင်မှာပေါ့လေ။ အခြေအနေအရမို့ သဘင့်သန္ဓေပျက်ပါတယ် လို့လည်း မဆိုရဲပါဘူး။ မူမှန်ကလေးရေးပြီး ချန်ထားခဲ့ပါစေ လို့တော့ ဆုတောင်းရမှာပဲရှင်။

မာအေးနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ရုပ်သေးပညာရှင်ကတော့ ၀ိဇ္ဇာလှ လို့ခေါ်တဲ့ ‘ဇော်ဂျီပျံဆရာလှ’ တဲ့ ရှင့်။ ပုဂံမြို့က တန့်ကြည့်တောင် ဆရာတော်ရဲ့ကျောင်း “ဣသိပညာ့ဒေ၀ဂုရု”ကျောင်းမှာ တရားဝင်သွားရင်း ခြံချင်းကပ်လျက်မှာနေတဲ့ ‘၀ိဇ္ဇာလှ’ကြီးနဲ့ တွေ့ရတာပါ။ အဲဒီတုန်းကကိုပဲ အသက် (၈၀)တွင်း ရောက်နေပြီ။ ဒါပေမယ့် သူ့ ၀ိဇ္ဇာရုပ်ကလေးနဲ့အတူ သူပါ ဇော်ဂျီလိုဝတ်ပြီး ဂျွမ်းထိုး ကပြနိုင်ပါသေးတယ်ရှင်။ ငယ်တုန်းက အတော်လှခဲ့လိမ့်မယ် ထင်ပါရဲ့။ အိုလာတဲ့ ဇရာရုပ်ကို မမြင်လိုလို့ မှန်ကို မကြည့်တော့ဘူး လို့ ဆရာလှရဲ့ဇနီးက ပြောပါတယ်။ ခုတော့ မန္တလေးနဲပုဂံသွားတဲ့ အပျော်သင်္ဘောထွက်တဲ့အခါ နိုင်ငံခြားသားဧည့်သည်တွေကို ကပြ စားသောက်နေရသတဲ့။ ပုံမှန်ဝင်ငွေ မရှိရှာဘူးပေါ့။ အင်း ကံအတိုင်းပေါ့လေ။ ရုပ်သေးလည်း သင်္ခါရ၊ လူလည်းသင်္ခါရ၊ ဆရာတင်မိုးရဲ့မိတ်ဆွေ ‘ရုပ်သေးပွဲသွားရအောင်’ ဆိုတဲ့သီချင်း ရေးတဲ့ ‘ကန်မြဲအေးကျော်’လည်း သင်္ခါရခဲ့ပြီ။ အသံထည့်ပေးတဲ့ လင်းခေးလုင်ကြီးလည်း ပါသွားပြီ။ ဇနီးဖြစ်တဲ့ ရုပ်သေးပွဲသီချင်း ဆိုခဲ့တဲ့ ပြဇာတ်မင်းသမီး ‘ခင်အုန်းမြင့်လေး’ရော – အတောမသတ်နိုင်အောင် သတိတရရှိလှလို့ မှတ်မိသလောက် သီချင်းလေး တွေးဆိုကြည့်လိုက်ပါဦးမယ်နော်။

(ရုပ်သေးပွဲ သွားရအောင်) xxx စင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းတော့ ရွှေဝိုင်းက ဗေထိဆော် တိုးဟေ့ပျော်ပျော်၊ အရှေ့ရွာပေါ် စင်တော်ရုပ်သေး နောက်ညတွင် မမြင်ရရင် လွမ်းလှလိမ့်လေး xxx ရေခပ်ပြန် ကသီလှပေါ့၊ ဘီးမှန်က ဘယ်ဆီနေ ဒေါင်းတောက်အောင် မွှေ စပယ်ခွေ ဘယ်သူဝှက်ကြ စိတ်ပျက်ပေါ့အေ၊ တော်စမ်းကွဲ့ ယောက်မတွေ ဆိုစမ်းနဲ့ ယောက်မတွေ ငိုချင်ပေါ့အေ၊ မောင်ကြီးရေ မောင်ကြီးရေ မောင်ကြီးရေ စောင့်ပါဦး ကမ္ဗလာယူလိုက်ဦးမလေ၊ တဘက်ပြာ ခြုံလိုက်ဦးမလေ xxx


(မူရင်း – ဘီဘီစီမြန်မာဋ္ဌာန)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts