Uncategorized

Zayya Thuka Ashin Nandawuntha – Articles

ပန်းလိုချင်လျှက် အပင်မပျိုးတတ်လေသောအခါ
ဇေယျသုခ အရှင်နန္ဒဝံသ (Amarillo , TX, U.S.A)
ဇူလိုင် ၁၇၊ ၂၀၁၃


သားသားတို့က မဆိုးပါ …. မီးမီးတို့က မဆိုးပါ။
ကလေးဆိုတာ မသိတာ …
ကလေးဆိုတာ နားမလည်တာ…
နားလည်သွားအောင် ပြောပြပါ။
နားမလည်သေးတာ ပြောပြပါ။

အစရှိသည်ဖြင့် ဆူညံစွာပေါ်ထွက်လာတာကတော့ စာရေးသူသီတင်းသုံးနေတဲ့ ဇေယျသုခဓမ္မရိပ်သာကျောင်းတော်မှ ဖွင့်လှစ်ထားတဲ့ ယဉ် ကျေးလိမ်မာသင်တန်းသား သင်တန်းသူများရဲ့  ဟစ်ကြွေးသံလေးတွေပဲ ဖြစ်ပါတယ်။ စာရေးသူ ရှေ့ကတိုင်ပေးသည်ကို မပီကလာ ပီက လာနဲ့ တီတီတာတာ လိုက်ပါဆိုနေတဲ့အသံတွေက နာဝင်ပီယံမဖြစ်လင့်ကစား အားရရွှင်ပျော် ဟစ်အော်ဟန်လေးတွေကတော့ စာရေး သူကို အားတက်စေတာ အမှန်ပါ။
စာရေးသူ ရောက်ခဲ့သည်ကာလမှအစပြုကာ နွေရာသီရောက်တိုင်း ယဉ်ကျေးလိမ်မာသင်တန်းလေးတစ်ခု စီစဉ်ဖွင့်လှစ်ခဲ့ရာ သုံးကြိမ်ဆို သောအရေအတွက်သို့ပင် ရောက်ရှိခဲ့ပါပြီ။ ဒီသင်တန်းမှာတော့ မြန်မာစာ အရေးအဖတ်တို့နဲ့အတူ ဗုဒ္ဓဘာသာဆိုင်ရာ အခြေခံသိမှတ်ဖွယ် ရာလေးတွေကို ကလေးတွေလိုက်မှီနိုင်သမျှ ပို့ချပေးနေဖြစ်ခဲ့ပါတယ်။ ပထမနှစ်က သင်တန်းသား သင်းတန်းသူ (၉၀) ကျော်ရှိခဲ့ပြီး ဒုတိယ နှစ်မှာတော့ (၆၀) ကျော်သာသာပါပဲ။ ယခုလက်ရှိနှစ်မှာတော့ (၄၀) ကျော်သော သင်တန်းသား သင်တန်းသူလေးတွေ တက်ရောက်လေ့လာ သင်ယူနေကြလေရဲ့…။
● မြန်မာစကား ပြောတတ်ငြားလဲ
စာရေးသူ၏ပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံဖွားမိသားစုတွေ ရာနဲ့ချီပြီး နေထိုင်လျှက်ရှိပါတယ်။ မွန် ဗမာ ရခိုင် ကချင် ကရင် ချင်း ကယား စသည့်အားဖြင့် တိုင်းရင်းပေါင်းစုံပါပဲ  ဒီအထဲမှာ မြန်မာပြည်ဖွားဖြစ်ကြပေမဲ့ မြန်မာစကားကို အထင်အမြင်သေးပြီး အနောက်တိုင်းဘာသာ စကားကိုမှ အထင်ကြီးနေကြသူများစွာကိုလည်း တွေ့မြင်နေရပါတယ်။ မျိုးဆက်သစ် သားငယ်သမီးငယ်များအား မြန်မာစာပေ၊ စကား မြန်မာ့ယဉ်ကျေးမှု စသည်တွေကို အမွေပေး လက်ဆင့်ကမ်းသင့်ကြပေမဲ့ မျက်ကွယ်ပြု လျစ်လျူရှုထားတာတွေ တွေ့ရတဲ့အခါ ဘာရယ်မ ဟုတ် ရင်ထဲမှာနာကျင်မိသလိုလို ခံစားရပါတယ်။ ရလာဒ်အနေအားဖြင့် မျိုးဆက်သစ် ရင်သွေးရတနာလေးများဟာ မြန်မာစကား အထိုက် အလျှောက် ပြောဆိုတတ်ကြပေမဲ့  စာပေကိုတော့ ဖတ်တတ်ခြင်း ရေးတတ်ခြင်းမရှိတော့တာပဲ ဖြစ်ပါတယ်။ တစ်ချို့ဆို စကားကိုပင် ကောင်းကောင်းပြောတတ်ခြင်း နားလည်ခြင်းမရှိတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါတယ်။
● မျက်ကန်းမျိုးချစ် မဖြစ်စေလို
တစ်ချို့ကပြောပါသေးတယ်။ အမေရိကန်နေတာပဲ မြန်မာစာ မြန်မာစကားတတ်ဖို့ သင်ပေးဖို့မလိုပါဘူးတဲ့။ ဒီလိုမှတ်ချက်ပေးပြောဆိုနေသူ တွေကို ကြည့်လိုက်ပါကလည်း မြန်မာပြည်ဒီမိုကရေစီအရေး အသက်ပေးဆောင်ရွက်ဖို့ဝန်မလေးဘူးလို့ဆိုကြတဲ့သူတွေ အများသားပါပဲ။ အမိမြန်မာပြည်ကို ချစ်မြတ်နိုး တန်ဖိုးထားလို့ အသက်ကိုပင်စတေး ဆောင်ရွက်ခဲ့သူတွေဟာ အမေရိကန်ရောက်လာချိန်မှာတော့ စိတ်ဓါတ် တွေ ပြောင်းကုန်လေရော့သလား ထင်မှားဖွယ်ရာပါပဲ။ မွေးလာတဲ့ သားသမီးကိုပင် မြန်မာနာမည်မပေးချင်တော့.. အနောက်တိုင်းလေသံ လိုက်လို့ အနောက်တိုင်းဟန် နာမည်များကို ရွေးချယ်ပေးနေကြသလို အနောက်တိုင်းဘာသာစကားကို ကျွမ်းကျင်စွာပြောနေကြတာကိုပင် ဂုဏ်ယူဝင့်ကြွားနေကြပြန်ပါတယ်။ တကယ်မြန်မာပြည်ကို ချစ်တယ်ဆိုပါရင် မြန်မာနွယ်ဖွားဖြစ်တဲ့ မိမိတို့ရင်သွေးများကို မြန်မာစာပေနဲ့ စကားလောက်တော့ကျွမ်းကျင် တတ်မြောက်အောင် မျက်စိဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။
● မြန်မာစကားကို အခြေခံ၍
မြန်မာနွယ်ဖွားကလေးများကို ယဉ်ကျေးလိမ်မာအောင်ဖြစ်စေ ဗုဒ္ဓဘာသာ အခြေခံသိမှတ်စရာတွေကို သင်ပေးရာမှာဖြစ်စေ မြန်မာလို ရှင်း ပြရတာက ပိုပြီးအားရှိသလိုပါပဲ။ မြန်မာစကားကို မြန်မာနားဖြင့် နားထောင်နိုင်အောင်ဆိုရင် မြန်မာကလေးတိုင်း မြန်မာစာ ရေးတတ် ဖတ်တတ်ပြီး မြန်မာစကားကို ကျွမ်းကျင်နားလည်ထားရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိပါတယ်။ မိဘနဲ့သားသမီးကြားမှာ စကားကွာသွားတာနဲ့အမျှ နားလည်မှုကွားခြားသွားနိုင်တာပဲမလား။ ဒီမှတဆင့်တက်ပြီး ယဉ်ကျေးမှုတွေလဲ ကွားခြားသွားနိုင်တာမို့  အရှည် ကိုမျှော်တွေးလိုက်ရင် မြန်မာကလေးတွေကို မြန်မာလိုလေးလဲ တတ်စေချင်မိတာ အမှန်ပါပဲ။ စကားကိုအခြေခံပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံတွေကိုလဲ ပြောပြသင်ပြခွင့်ရမယ်။ အဆင်မြင့်ဗုဒ္ဓဒေသနာတွေကိုလဲ ဟောပြောပို့ချခွင့်ရနိုင်တာမို့ အကျိုးများနိုင်ခြေရှိနေတယ် ဆိုတာ မိဘတွေ တွေးသိဆင်ခြင်မိရင်ဖြင့် ဘယ်လောက်ကောင်းလိုက်မလဲလို့ တဆက်တည်း တွေးမိုလိုက်ပါရဲ့ပေါ့။
● အကျိုးကြီးမား မြန်မာစကား
မြန်မာပြည်အရပ်ရပ်က ထင်ပေါ်ကျော်ကြားသည့် သူတွေ၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးဖြင့်ပြည့်စုံသည့် ဆရာတော်ကြီးတွေ အမေရိ ကန်ရောက်လာခဲ့တဲ့အခါမှာလဲ မြန်မာဘာသာ မြန်မာစကားဖြင့်သာ ဟောကြားလေ့ရှိတာ သတိပြုမိပါတယ်။ သူတို့တွေသင်ပြ ဟောပြပေး သမျှ နားလည်ရအောင်ဆိုရင် မြန်မာစကားကို ကျွမ်းကျင်စွာနားလည်ဖို့လိုတယ်ဆိုတာ ထင်ရှားပါတယ်။ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက် ကြောင်း တရားတော်တွေ ဟောပြောပြသ ကျင့်သုံးစေရာမှာလဲ မြန်မာလိုပင်ဟောပြကြတာမို့ မြန်မာစကား မြန်မာစာပေ တတ်ကျွမ်းထားခြင်း အားဖြင့် အကျိုးကြီးမားလှပါတယ်လို့ ဆိုချင်ပါတယ်။ အရေးကြီးတာက မိမိတို့ဟာ အမေရိကန်ရောက်နေပေမဲ့ မြန်မာကွန်မြူနတီ အတွင်း မှာပဲ နေနေထိုင်နေကြတယ်ဆိုတာ သတိမူမိစေချင်တာပါ။ မြန်မာကွန်မြူနတီအတွင်းမှာကျင်းပလေ့ရှိတဲ့ ရိုးရာပွဲတော်တွေ ဘာသာရေး ယဉ်ကျေးမှု ပွဲတော်တွေ အားလုံးတိုင်းမှာအသုံးပြုလေ့ရှိတဲ့ ကြော်ငြာလက်ကမ်းဖိတ်စာအားလုံးကို မြန်မာစာပေနဲ့ပဲ ရေးသားဖြန့်ချိလေ့ ရှိတာကြောင့် မြန်မာစာပေ လေ့လာသင်ယူထားခြင်းဟာ သားငယ်သမီးငယ်တွေအတွက်ရော မိဘတွေ အတွက်ပါ အကျိုးဖြစ်ထွန်းနိုင်တာပါပဲ အခြား ပြောပြလို့မကုန်တဲ့ အကျိုးတွေလဲ အများကြီး ဖြစ်ပါလိမ့်မယ်။
● ရည်ရွယ်ချက်တွေ သွေဖယ်နေ
အမေရိကန်ရောက်ရှိနေကြတဲ့ မြန်မာနွယ်ဖွားမိသားစုများဟာ မိမိတို့ယုံကြည်ရာဘာသာအလိုက် ကိုးကွယ်ရာကျောင်းတော်တွေ တည် ထောင်ထားလေ့ရှိကြပါတယ်။ အဓိက ရည်ရွယ်ချက်တွေက မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ မျိုးဆက်သစ် လူငယ်မောင်မယ်တွေကို  အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ဒီကျောင်းတော်တွေကနေ သင်ယူလေ့ လာစေပြီး  အဆင့်ဆင့် လက်ဆင့် ကမ်းဖို့လို့ ပြောလေ့ရှိကြပါတယ်။ တကယ်တမ်း ကျောင်းတွေတည်ထောင်ပြီး သက်ဆိုင်ရာ ဘုန်း တော်ကြီးတွေ ပင့်ဆောင်ထားပြီး နောက်မှာတော့ သားသမီးလဲ ကျောင်းမပို့ ကိုယ်တိုင်လဲမရောက်တော့တဲ့ အဖြစ်တွေ… အကြောင်းအမျိုးမျိုး ပြပြီး မိမိတို့မူလရည်ရွယ်ချက်တွေကနေ သွေဖယ်သွားကြသူတွေ အများသားဆိုတာ ခုတော့သိလာရပါပြီ။
● မိအေး နှစ်ခါနာ မဖြစ်စေလိုပါ
အမေရိကန်မှာ ကျောင်းတွေတည်ထောင်ရတာ မလွယ်ကူလှပါဘူး။ အစပျိုးရတာ လွယ်ကူသယောင်ရှိပေမဲ့ ရေရှည်တည်အောင်ဆိုပါရင် စုပေါင်းစွမ်းဆောင်မှုတွေက အရေးပါလှပါတယ် မိမိတို့ရဲ့ချွေးနဲစာတွေကို အမျိုး ဘာသာ သာသနာအတွက်ဆိုပြီး ရက်ရက်ရဲရဲ့ စွန့်ကြဲရဲကြ ပေမဲ့ အမွေဆက်ခံ ဆောင်ရွက်ကြမည့် သားသမီးရတနာတွေကို မပြုစု မပျိုးထောင် လက်ဆင့် မကမ်းနိုင်ရင်တော့ ရေရှည်မှာ အရှုံးဆိုသော ရလာဒ်တွေက စောင့်ကြိုနေမှာပါပဲ သားသမီးတို့ ကျင်လည်ရာဝန်းကျင်သည် ဘာသာခြား လူမျိုးခြားတို့က စိုးမိုးထားလေတော့ သူတို့ ယဉ်ကျေးမှု အယူအဆကသာ သားတို့ သမီးတို့ရင်ထဲ ထိုးဖောက်နေရာယူသွားရင် မိဘများအတွက် ရှုံးချက်က ကြီးမားမှာ မလွဲပါဘူးလို့လဲ ပြောရဲ ပါတယ်။
● ပန်းလိုချင် အပင်ပျိုး
ပန်းလိုချင်မှတော့ ထိုပန်းကို ပွင့်လန်းစေနိုင်ခြေရှိတဲ့ အပင်ကို ပျိုးဖို့သတ္တိနဲ မနေသင့်ပါဘူး အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတတ်တဲ့ သားကောင်း ရတနာ သမီးကောင်းရတနာ မျိုးဆက်သစ်တွေ ပေါ်ထွန်းလာပြီး မိမိတို့ တည်ထောင်ထားအပ်တဲ့ ဥယဉ်မြေကို ဆက်လက်ရှင် သန်စေ ပွင့်လန်းစေမယ်ဆိုရင်ဖြင့် ဒီဥယဉ်ဟာ အစဉ်သဖြင့် သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်နေမည်သာ ဖြစ်ပါတယ်။  ဒီလိုဖြစ်အောင်ဆိုရင် မျိုး ဆက်သစ် ရင်သွေးရတနာတွေကို ပန်းပင်လေးတွေ ပြုစုပျိုးထောင်သလို ပြုစုပျိုးထောင်ပြီး မြန်မာစာ မြန်မာစကား မြန်မာ့ယဉ်ကျေးမှုတွေ မျှဝေ လက်ဆင့်ကမ်းခြင်းအားဖြင့် အပင်လေးတွေပျိုးကြပါစို့လား လို့ တိုက်တွန်းနှိုးဆော်ချင်မိပါတယ်။
● ကောင်းကျိုးထွေထွေ  စောင့်ကြိုနေ
သားရတနာ သမီးရတနာတွေကို မြန်မာစာ မြန်မာစကား ကိုယ်တိုင်မသင်ပေးအားသူတွေအနေနဲ့ နီးစပ်ရာကျောင်းတော်တွေကို ပို့ဆောင် သင်ယူစေမယ်ဆိုရင် ဖြစ်နိုင်နေပါပြီ။ ကျောင်းတွေရောက်တဲ့အခါ ဘုရားရှိခိုး မေတ္တာပို့ စသည်ဖြင့် ကောင်းကံတွေကိုလဲ ဆည်းပူးခွင့်ရ မှာဖြစ်လို့ ဒီကံတွေက ကလေးတွေကို မောင်ကံကောင်း မယ်ကံကောင်းတွေ ဖြစ်စေနိုင်တာပါပဲ။  ရင်သွေးရတနာတွေကို အိုင်ပက်..ကွန်ပြူ တာ စသည်ဖြင့် လိုအပ်ရာဝယ်ပေးပြီး အခန်းအတွင်းထားခြင်းထက် ကျောင်းတော်တွေ ပို့ပေးခြင်းသည် လူတော်လူကောင်းလေးတွေ ပေါ် ထွက်လာနိုင်တာမို့ ကွန်မြူနတီအတွက် များစွာ အကျိုးထွက်နိုင်ပါတယ်။ မြန်မာနိုင်ငံဖွားအချင်းချင်း ရင်းနှီးနိုင်ခွင့် ရနိုင်သလို မြန်မာစကား မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှုတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ နားလည်သွားစေနိုင်ပါတယ်။ ဒီနောက်ကွယ်မှာတော့ များစွာသော ကောင်းကျိုး တွေက စောင့်ကြိုနေမှာ မလွယ်ပါဘူးလို့ ဆိုလိုက်ပါရစေ။
● ပန်းလိုချင်လျှက် အပင်မပျိုးတတ်လေသောအခါ
သားသမီးကို ဆင်စီးပြီး မြင်းရံ လိုသူတွေအများသားပါ ဘယ်မိဘမဆို သားတွေ သမီးတွေ ပညာရေးအတွက် အမေရိကန်ကို လာခဲ့တာလို့ ပြောလေ့ရှိပါတယ် တကယ်တမ်းမှာတော့ ကံမကောင်းအကြောင်းမလှခဲ့ရင် ညဏ်ဘယ်လောက်ကောင်းကောင်း မထွန်းပေါက်နိုင်ပါဘူး ။ ဝိရိယ ဘယ်မျှ ကောင်းပါစေ။ ကံ မ,မလို့ကတော့ အောင်မြင်မှုသရဖူ မဆောင်းနိုင်ပါဘူး။ ကံ ဉာဏ် ဝိရိယ မျှတမှသာ ထိပ်ဆုံးရောက်နိုင်တဲ့ လောကမှာ  တစ်လမ်းသွား တစ်ဖက်မြင်အတွေးတွေနဲ့ သားတွေ သမီးတွေကို ဘာသာရေး ကျောင်းတော်တွေနဲ့ အလှမ်းဝေးနေစေခြင်းဟာ သားသမီးတို့ရဲ့ အနာဂါတ်အတွက် ထည့်တွက်ရာမရောက်ဘူးလို့ ထင်မိပါတယ်။
ကျောင်းရောက်ခဲ့ရင် အနည်းဆုံး ဘုရားရှိခိုး မေတ္တာပို့ စသည်ဖြင့် ရတနာသုံးပါးကျေးဇူး မိဘဆရာကျေးဇူးတွေကိုသင်ဖြစ်တော့ ကုသိုလ် စိတ်တွေ ဖြစ်နေတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ဒီလိုနဲ့ လူလိမ်မာလေးတွေဖြစ်ပြီး အိမ်မှာ ကျောင်းမှာ ဘက်စုံတော်သော ကလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို မတွေးပဲ ကလေးတွေကို အလိုလိုက် အကြိုက်ဆောင်ပေးနေခြင်းဟာ အမိုက်အမှောင်ကို တွန်းပို့နေသလိုပင် ထင်မိပါတော့တယ်။ အချုပ်အားဖြင့် ဆိုရပါမူ ပန်းသာလိုချင်လျှက် အပင်ကိုမပျိုးတတ်ခဲ့ရင်ဖြင့် လောကအလယ်တွင် ပညာဂုဏ်ဖြင့် တင့် တင့်တယ်တယ် ဝင့်ဝင့်ထယ်ထယ် ပွင့်လန်းလာမဲ့ပန်းလေးတွေ ဖြစ်ထွန်းပေါ်ပေါက် ပွင့်လန်းလာဖို့ရာ မလွယ်ကူပါကြောင်းတင်ပြရင်း စာ ရေးသူရဲ့ ဒီညအတွေးလေးကို နိဂုံးချုပ်လိုက်ပါရစေ …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts