Uncategorized

Khine Aung Aye – Essay

အက်ဆေးအနာ
ခင်အောင်အေး
ဇူလိုင် ၁၇၊ ၂၀၁၃


အနာရောဂါမျိုး ကိုးဆယ့်ခြောက်ပါးရှိသည်ဟု ငယ်စဉ်က ကြားဖူးခဲ့သည်။ မတောက်တခေါက် ဖတ်ရှုလေ့လာဖူးသော စာပေကျန်းဂန်များ တွင်လည်းကောင်း၊ ၀တ္ထုရှည်ဝတ္ထုတိုများတွင်လည်းကောင်း၊ကဗျာစာတိုစာစ များထဲတွင်လည်းကောင်း ထည့်သွင်းရေးသား ဖွဲ့ဆိုရည် ညွှန်းကြသည်ကို မကြာခဏတွေ့ရဖူးပါသည်။ အနာမျိုး ကိုးဆယ့်ခြောက်ပါးကို အမှတ်စဉ်ထိုး၍ဖော်ပြထားသည်ကိုတော့ မဖတ်ရစဖူးပါ။
အသက်အရွယ်ကြီးရင့်သူများ ကွယ်လွန်လျင် နာရေးကြော်ငြာ၌ ကိုးဆယ့်ခြောက်ပါးသောရောဂါဖြင့်ဟုဖော်ပြတတ်ကြပါသည်။ အနာမျိုးကိုးဆယ့်ခြောက်ပါးဖြင့်ကွယ်လွန် ဟုတော့ ရေးထုံးမတွေ့မိပါ။ ဒီတော့ကိုးဆယ့်ခြောက်ပါး(၀ါ)ကိုးဆယ့်ခြောက်မျိုးသည် ရောဂါအရေ အတွက် လား အနာအရေအတွက်လား။
ရောဂါနဲ့အနာနဲ့အတူတူပဲလား။ နေထိုင်မကောင်း ကျန်းမာရေးချို့ယွင်းနေသူကို ရောဂါသည်ဟုခေါ်ပြီးလူနာဟု ခေါ်သည်ကိုလည်း ကြားဖူးနားဝရှိထားပေချေရာ ကိုယ့်မှာ အလွန်ပင်ထွေပြားရပါသည်။ ပသို့ဆိုစေ ကိုယ်အခု စီရင်ရေးသားထုတ်ဖော်မည့် အက်ဆေးနာမှာ ထို ရောဂါမျိုး (၀ါ) အနာမျိုးကိုးဆယ့်ခြောက်ပါးထဲ၌ မပါဝင်တာတော့ သေချာပါသည်။ သို့အတွက် ကိုးဆယ့်ခြောက်ပါးသည် အနာလော၊
ရောဂါလောဆိုသည့် ပုစ္ဆာပြဿနာကို ဆက်လက်၍ စောကြောဖို့မလိုအပ်တော့ဘူး ဟု ထင်ပါသည်။အမှန်တကယ်မှာတော့ အစောကပင်လျင် ယင်း အထက်အဆိုပါ အနာလော၊ ရောဂါလော၊ ပြဿနာဖြင့်ပင် ကိုယ် စီရင်ရေးသားမည့် ယခု မိတ်ဆွေကြီးဖတ်နေသော အက်ဆေးအနာအမည်ရှိ စကားပြေစာသားများ၏ နိဒါန်းပိုဒ်ကို ဖွင့်လှစ်ကောင်းသည်မဟုတ်ပါ။ သို့ဖြစ်လင့်ကစား ယခုကဲ့သို့ ကဘောက်တိကဘောက်ချာ လုပ်မိခြင်းကပင်လျင် ကိုယ့်ရဲ့ အက်ဆေးအနာ ရောဂါ ဘယ့်ကလောက် ဆိုးရွားစွာလှိုက်စားနေခဲ့ပြီဆိုတာ မိတ်ဆွေတို့ကို ကွက်ကွက်ကွင်းကွင်း သိမြင်စေခဲ့ပြီဟု တဖက်မှ တိတ်တခိုးကြိတ်၍ အားရကျေနပ်နေမိပြန်ပါသည်။
ကိုယ်သည် စာဂျပိုးတစ်ယောက်ဟုတော့ ကိုယ့်ကိုယ်ကို မ၀င့်ကြွားဝံ့ပါ။ ကိုယ့်ကိုယ်ကို ကိုယ် စာအလွန်ဖတ်လှပြီဟု ထင်ခဲ့သည့်တချိန်က ကိုယ်နဲ့ရွယ်တူတစ်ယောက်နှင့် လ္ဘက်ရည်ဆိုင်တခုတွင်ဆုံဖူးရာ ကိုယ် စာဖတ်တယ်ဆိုတာ သူအိပ်နေသလောက်ပဲရှိသည်ဟု သဘောပေါက်ကြေကျွတ်သွားခဲ့ရဖူးပါသည်။ နောင်တွင် ကိုယ့်စာဖတ်အားမှာ တတိတိနှင့် လျော့ကျလာခဲ့ရာ ကိုယ့်ထက် အသက်များစွာငယ်ရွယ်သူတစ်ယောက်နှင့်ပင် စာဖတ်အားချင်း မပြိုင်ဝံ့အောင် စာ မဖတ်သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာခဲ့ပါသည်။ သည်လိုဆိုတော့ ကိုယ်သည် စာအဖတ်နည်းသူတစ်ယောက်ဟု ၀န်ခံရာစခန်းသို့ ဆိုက်ရောက်ပြီထင်ပါသည်။ သို့ဆိုလျင် ဤစာပိုဒ်၏ အဖွင့်၌ ကိုယ် ရေးသားလိုက်သော
‘ကိုယ်သည် စာဂျပိုးတစ်ယောက်ဟုတော့ ကိုယ့်ကိုယ်ကို မ၀င့်ကြွားဝံ့ပါ’ ဟူသည့်ဝါကျက ကိုယ်သည်စာအဖတ်နည်းသူ သို့တည်းမဟုတ် စာဖတ်အားမကောင်းသူ ဟူသော အရည်အသွေးကို ထိရောက်ပေါ်လွင်စွာ ထောက်ကူဖော်ညွှန်းပေးနိုင်ပါသလောဟု မစေကြောသင့်ပေဘူးလော။ အမှန်တော့ ဆိုခဲ့ပြီးသည့်ဝါကျ၌ မ၀င့်ကြွားဝံ့ပါ ဆိုသည့်စကားက (၀ါ) စကားစုက (အမှန်က စကားက ဟုရေးလိုက်လျင်လည်း လုံးလောက်ပါသည်၊ ကိုယ့်စကားပြေကို ခန့်ခန့်ထည်ထည်ဖြစ်ချင်သည့် လောဘစိတ်ကခုလို လျှာဝင်ရှည်ဟန်တူပါသည်။ ဤကား စာကားချပ်။) ၀င့်ကြွားလိုသည့် လေသံပေါက်နေပါသည်။
ကိုယ့်မှာ ရှိပင်ရှိသော်ငြားလည်း မရှိသယောင်နှိမ့်ချပြောလိုက်သည့် ပညာရှိများရဲ့လေသံဟန်ပန်မျိုးဖမ်းလိုက်သည်ဟု ကိုယ်ဆင်ခြင်မိသည်။ တကယ်လည်း ကိုယ်အဲ့ဒီအပေါက်မျိုး ချိုးဘို့ အားယူလိုက်ဟန်တူပါသည်။ ချက်ခြင်းလိုလိုပင် ကိုယ့်ရဲ့ မနိပ်လှတဲ့ စာဖတ်အားကို ပြန်သဘောပေါက်သွားပြီးဘာညာကွိကွတွေနဲ့ ချော်လဲရောထိုင်လိုက်ခြင်းပင်ဖြစ်ပေတော့သည်။
အကယ်တန္တု စကားပြေတပုဒ်ကို ကျကျနနရေးမည်ဆိုလျင် နှံ့နှံ့စပ်စပ်ရှိသော စာဖတ်အား၊ ခိုင်မာကျစ်လျစ်သည့်အရေးအသား၊ ဆွဲဆောင်မှုပြည့်ဝသည့်အဖွဲ့အနွဲ့၊မှန်ကန်တိကျသည့်ဝါကျဖွဲ့စည်းပုံ၊ပါးနပ်လိမ္မာသည့် စာပိုဒ်ခွဲပုံများဖြင့် တန်ဆာဆင်၍ ရေးသားဖွဲ့နွဲ့မှသာလျင် စကားပြေကောင်းတစ်ပုဒ် အက်ဆေးကောင်း တစ်ပုဒ်ရမည်ဟု ကိုယ်ယုံကြည်ပါသည်။ ကိုယ့်မှာတော့ ငါးရံ့ပြာလူး ရေးချင်စိတ်တစ်ခုတည်းဖြင့် စကားပြေကောင်း အက်ဆေးကောင်းတစ်ပုဒ် ရေးထုတ်နိုင်ဖို့ မြော်လင့်နေသည်မှာ ဥပမာပေးလက်စ ငါးဖြင့်ပင် ပမာပြု၍ ပြောရသော် ပိုက်ဆံတစ်မတ်နဲ့ငါးကြင်းခေါင်းကိုင် ဆိုသလိုဖြစ်နေပြီ မဟုတ်တုံလော။ သို့ဖြင့်လင့်ကစား ကိုယ့်ရဲ့ စာရေးဝါသနာမှာ ချေဖျက်၍မရအောင်ဆိုးဝါး
နေပြီဖြစ်၍ စာရှုသူ မိတ်ဆွေအား ခယတောင်းပန်လိုသည်မှာ အမိမဲ့သားရေနည်းငါး လို ကိုယ့်အပေါ်မပြုကျင့်ပါနှင့်ဟူ၍သာဖြစ်ပေတော့၏။ ကိုယ်သည် ငါးကြီးအဏ္ဏ၀ါ တစ်ကောင်မဟုတ်သလို မိတ်ဆွေသည်လည်း သမုဒ္ဒယာခရီးသွားမဟုတ်ပဲ သာမာန်မြစ်နားချောင်းနား ပေါ့ပေါ့ပါးပါး ခရီးသွားတစ်ဦးမျှဖြစ်ပါမူ ဘယ့်ကလောက် အရတော်သည့် ဆုံစည်းမှုတစ်ခု ဖြစ်ပါလေမည်လဲဟု တောင့်တမိပါသည်။
သာမာန်မြစ်နားချောင်းနားမှာ သာမာန်နှင့် သာမာန်အထက် အနည်းငယ်သာကြီးသော ငါး မျိုးသာကျက်စားနိုင်ကြသည်မဟုတ်တုံလော။ သို့ဖြစ်၍ မိတ်ဆွေသည် ငါးကြီးအဏ္ဏ၀ါကိုသာ တွေ့ဆုံမည်ဟု တထစ်ချ ဆုံးဖြတ်ထားသော လူစားမျိုး မဟုတ်မူ၍ ကိုယ့်လို သာမာန် ငါးသေး ငါးမွှားတစ်ကောင်ကို မြင်ရလျင်ပင် အားရကြည်နူး ၀မ်းသာပီတိ ဖြစ်ချိမ့်မည်ဟု သာသာထိုးထိုးလေးတွေးကာ မြော်လင့်နေမိပါသည်။
ကောင်းပြီ။ ဤစာပိုဒ်၏ တစ်ပိုဒ်ကျော်အထက်က စာပိုဒ်တွင် ‘စာဂျပိုးတစ်ယောက်ဟု ကိုယ့်ကိုယ်ကိုမ၀င့်ကြွားဝံ့ပါ’ ဆိုသည်နှင့် စ, ထားသည့်နေရာကိုပြန်သွားကြည့်ရအောင်။ ကိုယ်ဘာလို့အခုလို ဟိုခုန်သည်ပေါက် ပြောနေ ရေးနေမိသလဲဆိုတာ ကိုယ့်ဖာသာကိုယ်ပင် မစဉ်းစားတတ်တော့ပါ။ စကားပြေအနာရောဂါ၏လက္ခဏာများပေလော မသိတော့ပါ။ ထားပါဦးလော့။ ယင်းအထက်အဆိုပါ ၀ါကျသည်တစ်ခုခု ဆက်ပြောရန်အားယူလိုက်သည့်ဝါကျဟု မိတ်ဆွေမထင်မြင်မိပေဘူးလား။ ဘာများ ဆက်ပြောချင် ရေးချင်ပါသေးသလဲ ဟု စေ့ငုမကြည့်မိဘူးလား။ ကိုယ်ကတော့ ရှင်းပါသည်။ စိတ်က ဖြစ်သွားတာကို လက်ကလိုက်ရေး (လိုက်ရိုက်) လိုက်တာပဲဖြစ်ပါသည်။ ဟော အရေးစကားနဲ့ အပြောစကားတွေရောကုန်ပြီ။ ကိုယ်သည် ခုလို ရှေ့ကဖုံး နောက်ကပေါ် အဖြစ်မျိုးကို အလွန်စိတ်ပျက်မိပါသည်။ ကိုယ့်ကိုယ်ကို ကိုယ် စာအဖတ်များသူ၊ စာနှင့်ပေနှင့်ကြီးပြင်းလာသူဟု ဂုဏ်ဖော်မည့်အရေးတွင် ကိုယ့်ကိုယ်ကိုယ်ကို ကိုယ် နှိမ့်ချပြော ရေးနည်းဖြင့်လည်း အားစမ်းကြည့်သည်။ ပြီးတော့ ခန့်ခန့်ထည်ထည်စကားလုံးများ၊ဟိုး တစ်ခေတ်တစ်ခါက စာပေရေးသားဟန်များဖြင့် ခပ်တည်တည် ဖိန့်ကြည့်သည်။ မရပါ။
ဝ မရှိပဲ ၀ိလုပ်၍မရပါ။ င မရှိပဲ ငပိ လုပ်လို့မရပါ။ (ငါးမရှိပဲ ငါးပိလုပ်လို့မရပါ။ ဤကား စာလုံးပေါင်းအမှန်၊ ရေးတော့အမှန် ဖတ်တော့အသံဟု ရှိပါကြောင်း။ ပဏ္ဍိတများနှင့်တိုးမည်စိုး၍ ကြိုတင်ကာကွယ်ထားရခြင်း) တကယ်တော့ ကိုယ်သည် စကားပြေအလွန်ရေးချင်သော၊ အက်ဆေးအမျိုးအစား စာရေးသူ အလွန်ဖြစ်ချင်သော စကားပြေအနာ ရောဂါသည်တစ်ဦးမျှသာလျင် ဖြစ်ချေသည်တမုံ့။
မည်သို့ပင်ဖြစ်စေကာမူ စစ်ကိုင်းဖက်ကူးတော့မလိုလို၊ ရွှေကြက်ယက်ဖက် မျှောတော့မလိုလိုနှင့်ပင်စကားပြေအနာ ဟု ကိုယ်ပေးထားသောခေါင်းစဉ်နှင့် လိုက်ဖက်သောစာတပုဒ် ဆက်လက်ရေးသားဖို့ရာ အဆက်အစပ်ရသွားပြီဟု ယခုအခါ ယူဆနိုင်ပါချေပြီတည်း။ သိပ်ပြီး စွံလှမည် မဟုတ်သော်လည်းသည်းခံလက်စဖြင့် သည်းညည်းခံလေဦးလော့ ချစ်စွာသောအဆွေ စာဖတ်သူ – ဟု တိုက်တွန်းပါရစေ။
ညံ့ဖျင်းနုံချာလှသော အရေးအသားအတွက်လည်း နားလည်ခွင့်လွှတ်ပေးဖို့ တစ်ပါတည်း မေတ္တာရပ်ပါ၏။ အရှေးအရှေးကသော သိပ္ပံမောင်ဝ၊ ပီမိုးနင်း၊ ဦးဖိုးကျားတို့မှ အစပြု၍ ဆရာဇော်ဂျီ၊ မင်းသုဝဏ်အလယ် ဇေယျ၊ တိုက်စိုး အစရှိသည့် ဆရာ့ဆရာများကို ဦးထိပ်ထား၍ အက်ဆေး တစ်ခေတ်မှ ဆရာကြည်မင်း၊ ကျော်စောမင်း၊ နေ၀င်းမြင့် အစရှိသော အက်ဆေးဆရာများအားလည်း အားနာပါးနာနှင့်ပင်မျက်နှာအိုးမည်း မသုတ်မိအောင်တော့ ကြိုးပမ်းအားထုတ်ပါမည့်အကြောင်း ၀န်ခံစကားလည်း ပါးလိုက်ရပါပေ၏။ ထိုထိုသော ဆရာ့ဆရာများ။ စကားပြေကောင်းများ အက်ဆေးကောင်းများ စားသုံးမှီဝဲထားအပ်သော စာဖတ်သူများ ကိုယ့်ရဲ့ ဤ ငမျောက်ငချောက် စကားပြေအက်ဆေးကို ဖတ်မိပြီး မခံမရပ်နိုင်ဖြစ်ကာ ခဲနဲ့မပေါက်ပါစေကြောင်းလည်း ဘုရားမှာ တိတ်တိတ်ကြိတ်၍ ဆုတောင်းရပါချေ၏။ များလှစွာသော ထိုထိုဆရာတို့၏ စကားပြေ၊ အက်ဆေးကောင်း အထောင်အသောင်းထဲမှ ယခု ခေါင်းထဲဖျတ်ကနဲရောက်လာသည့် စာအချို့ကို ညွှန်းရသော် ဆရာ ဇေယျ၏ ကောက်ရိုးနွယ်၊ မောင်ထင်၏ထားဝယ်ကြိမ်၊ ဆရာမင်းသုဝဏ်၏ ဘကြီးအောင်ညာတယ် အစရှိသည်တို့ကို အမည်နာမနှင့်တကွအမှတ်ရမိ၏။ ကျန်ခေတ်ဆရာများ၏ အက်ဆေးများကိုမူ ထုံထိုင်းလှသော မှတ်ဥာဏ်က ပြန်လည်တူးဆွဖော်ပြပေးနိုင်စွမ်းမရှိတာကို သည်းခံကြပေဦးလော့။
တော်ပေသေးသည်။ ကိုယ်ယခုရေးနေသည့် စာစုမှာ စာကောင်းပေမွန်များအညွှန်းတခုလည်း မဟုတ်စကားပြေ၊ အက်ဆေး ဆိုတာ ဘာ ဟု ဖွင့်ဆိုရှင်းလင်းရေးသားတင်ပြမည့် စာစု တပုဒ်လည်း မဟုတ်သဖြင့်သာ အတန်ငယ်နေရာကျသည် ဆိုနိုင်ပေသည်။ တဖက်မှလည်း စကားပြေ၊ အက်ဆေး ရေးရန်စိတ်ပြင်းပျနေသည့် အနာရောဂါသည်တစ်ယောက်၏ ကပေါက်တိကပေါက်ချာ ရေးသားချက် မျှသာဖြစ်ကြောင်းပေါ်လွင်အောင် အရိပ်အမြွက် စကားဦးသန်းထားပြီးဖြစ်၍သာ ယခုကဲ့သို့ မရှက်မကြောက်ဤစာကို ဆက်ရေးနေ၀ံ့ခြင်းသာဖြစ်ချေသည်မဟုတ်ပေလော။ စကားပြေဟူသော အဖွဲ့အနွဲ့ကို ပြေပြစ်သော စကားပြေဟု ယူသော်ရကောင်း၏။ အက်ဆေးကိုမူ မည်သို့ဆိုမည်နည်း။ ဟော ပြောရင်းဆိုရင်း ကိုယ်သည် မရဲပဲကျွဲပြဲစီးသည့်အမှုကို ပြုမိတော့မတတ် ဖြစ်သွားခဲ့ပြီ။ ဘွာ.. ဘွာ ဟု ကမန်းကတန်းအချိန်မီ ဘွာခတ်လိုက်ရပါ၏။ စကားပြေ ဟူသော စာအမျိုးအစား၊ အက်ဆေးဟူသော အရေးအသားများနှင့် ပတ်သက်၍ မိမိရှေ့မှ စီနီယာကြီးများ၏ ဖွင့်ဆိုရေးသားမှုများ၊ ရှင်လင်းတင်ပြချက်များ၊ သုတေသန စာတမ်းများ အမှန်ပင် ပုံနှိပ်ထုတ်ဝေပြီးသား အလုံအလောက်ရှိခဲ့ပြီးပါပြီ။ အင်တာနက် ဟုခေါ်သော ကွန်ပြူတာခလုတ်များရိုက်နှိပ်ရသည့် စက်ကိရိယာပေါ်၌လည်းကောင်း၊ မိမိတို့ လက်လှမ်းမီရာစာကြည့်တိုက်များ၌ မွှေနှောက်ရှာဖွေခြင်းဖြင့် လည်းကောင်း၊ အသိမိတ်ဆွေ ရင်းနှီးရာရင်းနှီးကြောင်း၊စာသမား ပေသမား၊ စာကောင်းပေမွန် စုဆောင်းတတ်သူများ၏ အိမ်သို့အလည်အပတ်သွားရောက်၍လိုရာစာအုပ်စာတမ်းကို တရားဝင်တောင်းပန်ငှားရမ်းခြင်း၊ မရပါက အလစ်သုတ်ယူလာခြင်း နည်းများဖြင့်လည်းကောင်း ရှာဖွေ လေ့လာ ဆည်းပူးကြပါကုန်။ ကိုယ့်ရဲ့ အဓိက ရည်မှန်းချက်သည်ကား ကိုယ်ကိုယ်တိုင် စကားပြေရေးသူ အက်ဆေးရေးသူ ဖြစ်ရာဖြစ်ကြောင်း ရည်မှန်းချက် အားကောင်းမောင်းသန်လာခဲ့သူဖြစ်၍ ‘စာရေးတတ်ချင်ရင် စာများများရေး’ ဟူသော ကြည်ညိုလေးစားရင်းရှိခဲ့သည့် ဆရာတို့၏ ရေလဲသုံး အဆုံးအမစကားနှင့်အညီသာ လက်ချောင်းထိပ်ကလေးတွေနာကျင်ပြီး လက်မောင်းတွေလက်ဖျံတွေ အောင့်လာ နာလာသည်အထိ စကားပြေတွေ အက်ဆေးတွေ ရေးရန်သာ ခိုင်မာသောသန္နိဌာန်ချထားကြောင်း သတင်းကောင်းကို စာရှုသူအဆွေအား ပါးအပ်လိုပါ၏။
ကိုယ်သည် အခြောက်တိုက် စာရေးခြင်းအမှုကိုပြုနေရာမှ ကိုယ့်စာ၏ ခြောက်သွေ့ခြင်းရသ ကိုခံစားမိလာရပြန်ပါသည်။ ဤနေရာ၌ အခြောက်တိုက်စာရေးခြင်းအမှုဟု အဘယ်ကြောင့် ၀ိဂြိုဟ်ပြုမိပါသနည်း။
တကယ်လည်း စာရေးဖို့ရာ စိတ်ကူးစိတ်သန်းတွေနှင့် စာရေးချင်သည့် စိတ်ကလေးကလည်း လိပ်ပြာတောင်ပံခတ်သည်နှယ် ဖျတ်ဖျတ် ဖျတ်ဖျတ်နှင့် ကြွယ်ပိုးကြွယ်ဝရှိသည့် စာရေးနည်းအတတ်ပညာများကလည်း တရွှင်ရွှင်နှင့် ဆိုလျင် ကိုယ်သည် ကိုယ်စာရေးနေသည့်အမှုကို ယခုကဲ့သို့ အခြောက်တိုက်ဟု တင်စား သုံးနှုန်းဖြစ်မည်မထင်ပါ။ အကယ်ပင် ကိုယ်သည် စာတပုဒ်ကို ဖျစ်ဖျစ်ညှစ်ညှစ် ရေးထုတ်နေမိခြင်းဖြစ်ပါသည်။ သို့နှင့်ပင် ခန္ဓာကိုယ်အတ္တဘောကြီးကို ဖွင့်ထားသော ကွန်ပြူတာရှေ့က ပလပ်စတစ် ထိုင်ခုံပုလေးပေါ် ပစ်ချလိုက်ကာ ‘ရေး.. ရေး.. ရေးစမ်း တစ်ခုခု’ ဟု ဖြစ်ချင်ဇောတွေနဲ့ ကမူးရှူးထိုးဖြစ်နေသော ဦးနှောက်က၊ သွက်ချာပါဒ လိုက်နေသလို ဒရွတ်ဆွဲနေသည့် လက်ဖျံနှစ်ဖက်မှတဆင့်ကြောက်ကန်ကန်နေသည့် လက်ချောင်းကလေးများအား အတင်းတွန်းထိုး မောင်းနှင်နေပေတော့သည်။
ထိုသို့ သဘာဝမကျသည့် ဖိကြိတ်မှုကပင် ကိုယ့်ကို ဒဏ်ရာအနာတရဖြစ်စေခြင်းဖြစ်မည်။ စကားပြေရေးရန်ဇွတ်အတင်း ကြိုးစားအားထုတ်ရာက ဖြစ်ပွားပေါ်ပေါက်လာသည့် အနာရောဂါ ဖြစ်သဖြင့်လည်း‘စကားပြေအနာ’ ဟု အမည်သညာ မှည့်ခေါ်ဖြစ်သည်မှာ ဘာမျှ ထူးဆန်းသည့်ကိစ္စ မဟုတ်ဘူးဟု ယခုစာရှုသူ သဘောပေါက်လောက်ချေပြီတည်း။
ကိုယ်သည် ကိုယ့်ရဲ့ အဖြစ်မရှိသည့် အဖြစ်ကို ဖုံးကွယ်ရန်အတွက် လည်းကောင်း၊ စာကောင်းပေမွန်တို့မည်သည် အကိုးအကားကလေးများကြားညှပ်၍ စာဖတ်ပရိသတ်ကို မိမိမည်မျှ စာဖတ်နှံ့စပ်ကြောင်းမသိမသာ ပြရမည် ဟူသည့် ဘယ်သူ့မြွက်ကြားခဲ့မှန်းမသိသော အဆိုအမိန့်ကို ဖျတ်ကနဲသတိရသွားသဖြင့် လည်းကောင်း လိုက်ဖက်တင့်တယ်မည့် အကိုးအကားတစ်ခုခုနဲ့တော့ တန်ဆာဆင်အုန်းမှ ဟုအိုင်ဒီယာကောင်းတစ်ခု ရုတ်တရက်ရလာ၏။ သို့တပြီးကား ခေါင်းတွေ ပူထူ လာသည့်တိုင်အောင်အကိုးအကား ကောင်းကောင်း တစ်ခုခုကို စဉ်းစားရာ၊ စာရေးရာ၌ စာရေးနည်းအတတ်ပညာ ဆိုတာသိပ်အရေးမကြီးဘူး ဆိုသည့် သဘောမျိုး စာတစ်ကြောင်း ဖတ်ဖူးသည်ကို အမှတ်မထင် တွေးမိသွားပါသည်။ သို့ဖြင့် ယင်းစာသားပါရှိမည်ဟု ထင်နိုးရာစာအုပ်ကို ကိုယ့်စာအုပ်ပုံကြီးထဲ မွှေနှောက်ရှာခြင်းအလုပ်ကို လုပ်ခွင့်ရသွားခဲ့ပါသည်။ ဤသည်ပင်လျင် စာရေးခြင်းတည်းဟူသော ၀ဋ်ဒုက္ခမှ ခေတ္တခဏမျှဖြစ်စေ လွတ်ရာလွတ်ကြောင်း ဖြစ်ချေသည်မဟုတ်တုံလော။  သို့ရာတွင် ကြာကြာ မရှာလိုက်ရပါ။
အ၀ါရောင်မင်ဖြင့် Highlight လုပ်ထားသော ယင်းစာကြောင်းကို နိုင်ငံတကာ ရသစာတမ်းငယ်များ(၂) ဟူသော စာအုပ် စာမျက်နှာ ၁၆၈ ၌ ငေါငေါကြီးတွေ့နေရပါပြီ။ အမှန်က အချိန်တော်တော်ပေးပြီးရှာရလိမ့်မည်ဟု ကိုယ်မြော်လင့်ခဲ့ပါသည်။ တွေ့သည့်အခါ၌လည်း အခြားသူကိုသာဆိုပါက မတွေ့ချင်ယောင်ဆောင်၍ ထိုစာမျက်နှာကို ပိတ်ကာ ထိုစာအုပ်ကို အခြားမနီးစပ်သည့် အခြားစာအုပ်များကြား၌ မသိမသာ ရောညှပ်ထားပြီး ခက်ခက်ခဲခဲ ရှာနေရဟန်ဆောင်ပါမည်။ သို့မှ သာ စာရေးသည့်အလုပ်မှ အချိန်ကြာကြာ တိမ်းရှောင်နေနိုင်ပြီး မတော် ညနေစောင်းသွား၊ သို့မဟုတ် အခြား အာရုံတခုခု သို့ပြောင်းသွားတော့မှ ဟော ဒီမှာ တွေ့ပြီ ဟု ပြောဖို့ပြင်ရမည်ဖြစ်ပါသည်။ သို့သော် ယခုမှာမူ ခိုင်းစေသူကလည်း ကိုယ်၊ အခိုင်းခံရသူကလည်း ကိုယ်ပင်ဖြစ်နေရကား ရှာသည့်အရာ တွေ့နေရပြီကို မသိချင်ယောင်ဆောင်၍ မရပါတကား။ ဘယ့်ကလောက် ခွကျသည့် အဖြစ်ပေလဲ။
သို့နှင့် ကိုယ်သည် ယင်း စာသားပါသည့် စာမျက်နှာအကြားမှာ လက်ညှိုးကိုထိုးသွင်း၍ မအီမလည်မျက်နှာဖြင့် ကွန်ပြူတာရှေ့၌ ဆောင့်ဆောင့်အောင့်အောင့်ထိုင်ချလိုက်ပါသည်။ အရေးထဲမှာ မနီးမဝေးထိုင်း ဘုန်းတော်ကြီးကျောင်းမှ ဘုရားပွဲလော၊ အလှူလောမသိ ကျင်းပသည့်ဆီမှ တောမက မြို့မကျသီချင်းတီးလုံးသံက ကိုးလိုးကန့်လန့်နားထဲ ၀င်လာသေးပေရာ ကိုယ့်အား လှောင်ပြောင်နေသည့်နှယ်
အခံရခက်လှပေ၏။ သို့နှင့်ပင် ကိုယ်သည် ယခု စာဖတ်သူ ဆက်လက်ဖတ်ရှုရတော့မည့် စာသားများကို မျက်နှာမသာမယာနှင့် ကွန်ပြူတာ လက်ကွက်ပေါ်မှာ ရိုက်နှိပ်နေပုံကို မြင်ယောင်သာကြည့်ပါဖိ -စာအုပ်ပါ စာသားမှာ ဤသို့ဖြစ်ပါသည်။
စာရေးနည်း နိသရည်းဟူ၍ လုံးဝမရှိပါ။ ကျွန်တော် အထင်ကြီးလေးစားသော တရုတ်စာရေးဆရာများ အားလုံးကပင် ထိုအချက်ကို ငြင်းဆိုခဲ့ကြပြီး ဖြစ်ပါသည်။
လင်ယုတန်
စာရိုက်နေရင်းဖြင့်ပင် ကိုယ်သည် အတန်ငယ် ပြန်လည်ရွှင်ပျလာခဲ့ပါသည်။ ကိုယ်သည် အဆိုးကြီးမဟုတ်ဘူး မဟုတ်ပေလော။ ကိုယ့်၌ စာရေးသည့်အတတ်ပညာ (၀ါ) စာရေးနည်း နိသရည်းမရှိပဲ၊တနည်း စာရေးသည့်အတတ်ပညာ (၀ါ) စာရေးနည်း နသရည်းကို မသိပဲ၊ ခပ်တည်တည် စာရေးနေမိသည့်အတွက်မူ လိပ်ပြာလုံရပါချေပြီတည်း။ ကိုယ်သည် သွက်လက် ရွှင်လန်း ပေါ့ပါးလာကာနှုတ်ခမ်းကလေးကိုချွန်၍ လေမှုတ်ထုတ်ရသောနည်းဖြင့် ရွှီကနဲ အသံပင် ပြုလိုက်မိပါသည်။ စာရှုသူ အဆွေကော အသို့ထင်မြင်ပါသနည်း။ အို.. စာရှူသူ အဆွေ ဘာမျှမပြောနိုင်ခင်မှာပင် ဟောဒီလင်ယုတန် ၏ နောက်ဆက်တွဲ စာသားအချို့ကို ဆက်လက် ရိုက်နှိပ်သွင်းကာ နေခြည် လက်ဖြာသော နံနက်ခင်းတစ်ခု၌ ပန်းပေါင်းစုံသည့်တောတန်းဝယ် ပျားပမ်းခတ်နေသော လိပ်ပြာများ ထဲကအပေါ့ပါးဆုံး လိပ်ပြာတစ်ကောင် ၀ဲလည်ပျံသန်း မြူးတူး နေသည့်ပမာနှယ် ကိုယ်သည် ကားအတန်ငယ်ရှင်းလင်းသည့် ကုန်းတံတားအောက်မှ ကွန်ကရစ်ခင်းထားသော ကွက်လပ်ကလေးမှာ လမ်းသွားလျှောက်ရန်အတွက် အိမ်တံခါးဝမှာ ဖိနပ်စီးနေချေပြီ။ ကိုယ့်မျက်နှာကား ပြုံးဖြီးဖြီးကြီး ဖြစ်နေပေလိမ့်မည်တမုံ့။
စာပေတွင် စာရေးနည်း နိသရည်းသည် ဘာသာတရားတွင် မိစ္ဆာအယူနှင့် အတူတူပင်      ဖြစ်၏။ သေးနုတ်သိမ်ဖျင်းေ သာ စိတ်က သေးနုတ်သိမ်ဖျင်းသော အကြောင်းအရာများ          ကို စဉ်းစားနေခြင်းသာ ဖြစ်သည်။
ခင်အောင်အေး

၁၅၊ ဇူလိုင်၊ ၂၀၁၃   ဖရာ့ပရာဒင်န်၊ ဘန်ကောက်  ၁၇း၁၇ နာရီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts