>comedian Russell Peters

>

လူရွှင်တော် ရပ်ဆဲပီတာ(Russell Peters)
မိုင်မြစ်ကြီးနား
အောက်တိုဘာ ၂၆၊ ၂၀၀၈


တနေ့က မိတ်ဆွေတယောက် အီးမေးပို့ခဲ့တဲ့ ဗွီဒီယိုလင့်ခ်ကို ကြည့်မိတော့ တော်တော်လေး သဘောကျသွားတယ်။ ဒါနဲ့ အခြားသူတွေကိုလည်း ကြည့်စေချင်တဲ့စိတ်က ပေါ်လာကြောင့် ဒီစာကိုရေးမိပါတယ်။ (စာနောက်ဆုံးမှာ လင့်ခ်ကို ပေးထားပါတယ်)

ဗွီဒီယိုက နိုင်ငံတကာမှာ လူသိများ အောင်မြင်ကျော်ကြားနေတဲ့ လူရွှင်တော် ရပ်ဆဲပီတာ (Russell Peters) ရဲ့ ရယ်စရာ ပျက်လုံးတွေပါ။ Red, White and Brown လို့ ခေါင်းစီးနာမည်ပေးထားတဲ့ နောက်ဆုံးခွေအသစ်ပါ။ တစ်နာရီကျော်ကျော် ရှိပေမယ့် ပျင်းစရာတကွက်မှ မရှိ အလွန်ပဲ ရယ်ရပါတယ်။ သူ့ရဲ့ ပရိသတ်တွေထဲမှာ အာရှတိုက်သားတွေလည်း များတယ်၊ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က အာရှတိုက်သား၊ ပျက်လုံးအများစုကလည်း အာရှတိုက်သားတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်တယ်။

ရပ်ဆဲကို အိန္ဒိယမိဘနှစ်ပါးက ကနေဒါမှာ မွေးဖွားခဲ့ပြီး ကနေဒါမှာပဲ ကြီးပြင်းခဲ့ပါတယ်။ နာမည်အပြည့်အစုံက Russell Dominic Peters ဖြစ်ပါတယ်။ သူဟာ ၁၉၈၉ နှစ်က စင်တင်ပျက်လုံးကို ကနေဒါမှာ စတင်ဖျော်ဖြေခဲ့ပြီး အခုဆို အမေရိကန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နာမ်၊ အိန္ဒိယ၊ သြစထေးရီးယား၊ နယူးဇီလန် အစရှိတဲ့နိုင်ငံတွေမှာ ဖျော်ဖြေခဲ့ပါတယ်။ ဒူဘိုင်း(Dubai)မှာ လုပ်ခဲ့တဲ့ပွဲ ဆိုရင် အင်တာနက်ကနေ လက်မှတ်စပြီးရောင်းပြီ ဆိုတာနဲ့ နှစ်စက္ကန့်တိုင်းမှာ လက်မှတ်တစ်စောင်နှုန်းနဲ့ စံချိန်တင် ရောင်းခဲ့ရပါတယ်။

၂၀၀၅ ဧပြီ် အမေရိကန် နယူးယောက်မှာရှိတဲ့ အပိုလိုရုံ(Apollo Theatre)မှာလုပ်ခဲ့တဲ့ ရပ်ဆဲရဲ့ပွဲဟာ ရုံလုံးပြည့် လက်မှတ်ရောင်းခဲ့ရတဲ့အထိ အောင်မြင်ခဲ့တဲ့ ပထမဆုံးသော အာရှသား လူရွှင်တော် ဖြစ်ပါတယ်။ ၂၀၀ရ ဇွန် မှာလည်း ကနေဒါ တိုရွန်တို(Toronto) ရဲ့ Air Toronto Centre မှာ၊ ရုံပြည့်၊ လူပေါင်း ၃၀၀၀၀ ကျော်ရှေ့မှာ ဖျော်ဖြေခဲ့ပါတယ်။ ပြီးတော့ ၂၀၀၈ ဖေဖေါ်ဝါရီမှာ နယူးယောက်မြို့က နာမည်ကျော် မက်ဒီဆင်စကွဲယား (Madison Square Garden) မှာလည်း ရုံလုံးပြည့်ခဲ့ပြီး ရပ်ဆဲဟာ လက်မှတ်အကုန်ရောင်းရတဲ့ စူပါလူရွှင်တော်တွေထဲက တစ်ဦးအဖြစ် စာရင်းဝင်သွားပါပြီ။ ယူကျု(youtube)မှာ တင်ထားတဲ့ သူ့ရဲ့ ပျက်လုံးတွေကို လာရောက်ကြည့်ကြတဲ့ ပရိသတ်တွေဟာ စုစုပေါင်း သန်း ၂၀ ကျော်ရှိပါတယ်။
ရပ်ဆဲ ပျက်လုံးလုပ်တဲ့အခါ ရယ်စရာတွေကိုချည်း သက်သက် ပြောတာမဟုတ်ဘဲ သူ နေ့စဉ် ကြုံတွေ့ရတဲ့ လူမျိုးပေါင်းစုံတွေရဲ့ လူတန်းစား၊ ယဉ်ကျေးမှု၊ စကားအသုံးအနှုံး၊ အသံထွက် စတာတွေကို လေ့လာပြီး သူမြင်သလို ပြန်လည် ပြောပြရင်း ရယ်စရာဖြစ်အောင် ဖန်တီးပါတယ်။ လူမျိုးပေါင်းစုံ ပါဝင်တဲ့ နားထောင်နေတဲ့ ပရိသတ်တွေကို ‘ရပ်ဆဲဟာ ငါတို့ကိုနားလည်တယ်၊ ငါတို့မိတ်ဆွေဖြစ်တယ်’ ဆိုတဲ့စိတ် ဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိသူပါ။

သူရဲ့ နာမည်ကျော် လူသိများတဲ့ စကားလုံးတချို့က ‘be a man’ ၊ ‘ somebody gonna to get hurt real bad’ စတာတွေဖြစ်ပါတယ်။

အောက်မှာ ပေးထားတဲ့လင့်ခ်မှာ လက်တွေ့ကြည့်လိုက်ပါဦး။ ကလစ်လိုက်ရုံပါပဲ။ အစမှာ ကြော်ငြာလေးထွက်လာတတ်တယ်၊ အဲဒီကြော်ငြာကို ကလစ်ပြီး ပိတ်လိုက်ရုံပါပဲ။

http://www.filmikz.net/watch.php?q

အိန္ဒိယနွယ်ဖွား ကနေဒါနိုင်ငံသား Russell Peters (photo: AP, 2008 October)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts