>Mar Mar Aye 250

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၀)
ရွှေပြည်ကြီး နီးအောင်ပင်လှမ်းချင်တော့
မာမာအေး
အောက်တိုဘာ၂၆၊ ၂၀၀၈


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်-

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဒီနေ့ အိမ်ရှေ့ပြတင်းပေါက်မှန်တံခါးကနေပြီး အိမ့်အပြင်ကို ငေးကြည့်မိတော့ – – မာလာငွေဖော့ ကြွေတော့မယ့် သဏ္ဌာန်လိုလို၊ ရွက်အိုရွက်ဟောင်း စိမ်းဝါမောင်းရင့် ညိုကျင့်ကျင့်တွေ လေသင့်ရာ ဟိုသည်အဝေး ရှပ်တိုက်ပြေးမယ့်သဘော ‘FALL’ ခေါ်တဲ့ ရာသီ ရောက်ခဲ့ပြီလေ။ အမိတိုင်းပြည်မှာဆိုရင်ကော – – အနားမှာရှိတဲ့ ပြက္ခဒိန်လေးထဲ လှန်လှောကြည့်လိုက်ပါ့ – အဓိကရ အနီဝိုင်းလေးနဲ့ ပြထားတာ မြင်တယ်။ သြော်- သီတင်းကျွတ်လပြည့်နေ့ကြီးပါလား၊ ဒါနဲ့ အိမ်သတိရ ဖြစ်သွားပါတယ်။ ဆီမီးကတော့ ရှားမှာပေါ့၊ မှိတ်တုတ် မှိတ်တုတ် ဖယောင်းတိုင်အထုပ်တွေနဲ့ ဖြစ်မှာလား။ လွမ်းအား ပိုပါတယ်။

xxx ကျွတ်သီတင်းပေမို့၊ လွတ်ကင်းသည်အခါမှာတော့
နီဝါပြာရောင်စုံပြွမ်းလို့ရယ်၊ လွမ်းဖွယ့်ရာသီ xxx

ဟိုး လွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၀၀ပြည့်နှစ် အောက်တိုဘာလတုန်းက ‘မာဂဓိ-သာစည်’ ကဗျာသီခဲ့တာလေး တေးမှတ်ထားတာ ကောက်ရွတ်ပြလိုက်တာပါ သောတရှင်တို့ရာ။ ကမ္ဘာအေးကုန်းမြေမှာ ကလေးတွေကို ယဉ်ကျေးမှုသင်တန်းတွေ ပေးခဲ့တဲ့ ဘုရားသားတော် ရဟန်း ဖြစ်ပါတယ်။ ဘုရားရှင် တာဝတိံသာကနေပြီး လူ့ပြည် ပြန်ကြွလာလို့ ဆီးကြိုပူဇော် ဖူးမျှော်ကြည်ညိုရာက မြင်းမိုရ်မီးပွဲ ဆင်နွှဲခဲ့တဲ့အကြောင်း ဖွဲ့သီထားတာမို့ အလွမ်းပြေ ညည်းဖြစ်တော့တာပါပဲ။

ဖူးမျှော်ချင်
ဦးတော်တင် လက်စုံယှက်ပါလို့
အထက်ဝတိံသာက၊ မြန်းကြွရာပမာတင်လို့
ဘဂ၀ါသခင် စိန္တေဦးမှာလ
ရွှင်မြူးဝေနေယျာတို့၊ သွေမကွာ မာစေကြောင်းကိုဖြင့်
ဆုတောင်းကာသစ္စာတိုင်လို့၊ မေတ္တာမြိုင် ကိုင်ပုတီးရယ်နှင့် မီးညှိလို့ထွန်း။

သြော် – – ခုလို အေးအေးဆေးဆေး အရွယ် တဖြည်းဖြည်းရောက်၊ ပုတီးလေး တကိုင်ကိုင်နဲ့ မေတ္တာပို့နိုင်နေတာဟာ သူ့ကျွန်ဘ၀က ကွာခဲ့လို့ ဆိုတာလည်း ပါတယ်နော်။ နှစ် ရာကျော်က သက်တော်ထင်ရှား ရေးဆိုသွားခဲ့တဲ့ သဘင် ဂီတ မိဘဆွေသား လှုံ့ဆော်တေး ထားခဲ့သူများကိုလည်း စိတ်ညွတ်စေစား မေတ္တာပွားရတာပေါ့ရှင်။ သူတို့မို့ပဲ ဓားဝဲတဲ့ကြားက ရေးသွားဆိုသွားခဲ့တာ လို့ အရင်တပတ်ကတင် ပြောဖြစ်နေတာမို့လား။ သဘင်ဆိုရင် အင်တင်တင်နဲ့ ပစ်ချင်နေကြတဲ့ မဟာလူသား ခွဲခြားသူတချို့ ရှိနေလို့ကတော့ မာအေးတို့အရင် လွတ်လပ်ရေး မြင်တာ ခင်တာ အမျိုးချစ်ခဲ့တာ ရုပ်သေးသဘင် စင်တော်ကောက်တွေပါရှင်တို့လို့ ပြောဖို့ ရှိတာပဲ။ ကိစ္စများမြောင် မအောင်ခင်ကာလမှာ ဆိုဟာ တီးဟာ ရေးဟာနဲ့ ပါခဲ့ကြ ကူခဲ့ကြ ဘယ်တော့မှ နောက်မကျခဲ့ကြပါဘူး။ သိမီသမျှ အောင်ပွဲရပြီ ဆိုတော့ မေ့မေ့လျော့လျော့နဲ့လေ။ လူလေလူပေါ့စာရင်း မသွင်းရုံတမယ် သူများနောက်မယ် တလည်လည် ထားရက်ကြပေတယ် လို့ မာအေး ခံစားမိနေတယ်။ ဂီတလူကြီးတွေ ရင်ထဲလည်း ဒီလိုပဲ ရှိမှာပေါ့။ သူတို့တတွေ ကိုယ့်တိုင်ပြည်အရေး စည်းရုံးပေးတုန်းကအကြောင်း လက်မောင်းလက်ရုံးတန်း၊ အာဝဇ္ဇန်းရွှင်ရွှင် ပြောနေတဲ့အခါ အိမ်မှာသွားကြည့် ဆန်တစေ့မှ မရှိ ပကတိဗလာပါ။ ဒါကို ဘယ်သူသိမှာလဲ။ အနုပညာရှင်တို့အသည်း ရယ်ကျဲကျဲနဲ့ ရဲရဲချည်းပါ။

ရုပ်သေးစင်ပေါ်မှာ ပြောခဲ့ပြီးတဲ့ မဒီကိုင်ကြီး ဦးဖိုးညိုတင်မက စင်တော်မင်းသမီး အမေပု ခေါ် ဆရာပုတို့လည်း ဆိုကြပါတယ်။ ရေးတဲ့သူက ‘ဆရာဉာဏ်’ တဲ့။ သူရေးတဲ့ ‘ပြည်ကုန်းဘောင်’သီချင်းကို အစိုးရမင်းတွေ ကြားတော့ အတော် တုန်လှုပ်သွားတယ်ဆိုပဲ ရှင့်။ သီချင်းထဲမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက စလာတဲ့ ကုန်းဘောင်မင်းဆက်ဟာ သိုက်တဘောင်စာအရ မင်းဆက် ၁၅ ဆက် ရှိရမယ်၊ အခု သီပေါဘုရင်မင်းမြတ်ဟာ မင်း ၁၁ ဆက်သာ ဖြစ်တဲ့အတွက် ကုန်းဘောင်ခေတ်ကြီး တဖန် ပြန်ရောက်ဖို့ နီးပြီ ဆိုတဲ့ အဓိပ္ပာယ်ပါလို့ တဲ့။ သြော် – သူတို့ နယ်ချဲ့ခေတ်ကလည်း တိုင်းပြည် ပြန်ပေးရမှာ ကြောက်တာပါပဲကလား။

“ဆရာဉာဏ်ရေးသားတဲ့ ပြည်ကုန်းဘောင်သီချင်းဟာ တပ်လှန့်သံသီချင်းဖြစ်တယ်။ မြန်မာတို့ တောင့်တမျှော်လင့်ချက်၊ ဇာတိမာန် ဇာတိသွေး မျိုးချစ်စိတ်မွေး သန်မာနိုးကြားရေးတွေ တပြည်လုံး အတိုင်းအတာနဲ့ တွေးတော့တာမို့ တိုင်းတပါးအစိုးရရဲ့ ပထမဦးဆုံး အရေးယူခံရတဲ့ သမိုင်းဝင် မြန်မာကာလပေါ်တေးကြီး ဖြစ်ပါတယ်” လို့ မြန်မာ့ဂီတရေစီးကြောင်းစာအုပ်မှာ အမျိုးသားစာပေဆုရ အကယ်ဒမီစန္ဒရားလှထွတ်က ရေးသားခဲ့ပါတယ်ရှင်။

ဟိုနေ့က ‘ရွှေပြည်ကြီး’သီချင်းကို နယ်ချဲ့တို့က အရေးယူခဲ့ပေမယ့် အထက် အောက် မြန်မာပြည်မှာ ‘ရွှေပြည်ကြီး’သီချင်းတွေဆိုတာ ထပ်ကာထပ်ကာ ပေါ်ပေါက်လာပါတယ် လို့ ပြောခဲ့တဲ့အတိုင်း မြန်မာ့ဂီတရေစီးကြောင်း စာအုပ်ထဲက မူရင်းစာနဲ့ တွေ့ရတဲ့ ‘ရွှေပြည်ကြီး’ကို ဆိုကြည့်ဦးမယ်နော်။

xxx အို – – ရွှေပြည်ကြီး၊ နီးအောင်ပင်လှမ်းချင်တော့ နန်းရွှေရိပ်လှုံ၊ ရွှေဘုံဟံသာကွန်းရွမ်းနတ်စည်၊ ဗဟိုရ်နှစ်ချက်တီးပြီထင့် ညည်းမှိုင်မိသည် x x ရွှေတောင်ပံနှက်ပါလို့ ကျွက်ကျွက်ကယ်စီ၊ ရောင်နီလာ ကျင်းပါလို့၊ လင်းပြန်ခဲ့ပြီ x x ပြဿဒ်ဖျားဆီက စိန်သွားရောင်ခြည်၊ ဒေါင်းမြီးကွက်တွေ လျှမ်းပါလို့၊ လွမ်းပြန်ခဲ့ပြီ x x ဋ္ဌာနပုံကွာဝေးခဲ့သည်ခါ၊ ရွှေပြည်တော်သာ ရောက်နိုင်ဘူးဗျာ၊ ဘယ်တော့ခါမှ နီးရပါ့ စည်တီးနဲ့ကွာ xxx

(မူရင်း – ဘီဘီစီ အသံလွှင့်ဌာန၊ မြန်မာပိုင်းအစီအစဉ်)

ရေဒီယိုဆောင်းပါး နားဆင်ရန် ဤနေရာ ကို နှိပ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts