Uncategorized

Ashin Okkahta (Sar Linka) – Essay

လေးစားမိပါသည်
အရှင်ဥက္ကဌ (သီရိလင်္ကာ)
ဇူလိုင် ၁၈၊ ၂၀၁၃


လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ မြင့်မြတ်မှု၊ ယုတ်ညံ့ နိမ့်ကျမှုတို့သည် အမျိုးနွယ်ဇာတ်တို့နှင့် မသက်ဆိုင်ပဲ ထိုသူ၏ ပြုမူ ဆောင်ရွက်ချက်တို့နဲ့သာ သက်ဆိုင်ကြောင်း၊ သူတော်ကောင်းနှင့် သူယုတ်မာ ဖြစ်ရေးအတွက် အမျိုးဇာတ်က ဖော်ဆောင်မပေးနိုင်ကြောင်း မြတ်စွာဘုရားရှင် မိန့်ကြားတော်မူခဲ့သည်။
ထို့နည်းတူစွာပင် ဟိန္ဒူခေါင်းဆောင်ကြီးတစ်ဦးဖြစ်သူ ရာမာခရစ်ရှနာကလည်း ဤကဲ့သို့ ဆိုလာပြန်သည်၊ “ဇာတ်အနိမ့် အမြင့်အတန်းအစား ဆိုသည်မှာ လူတွေ၏ သညာသာဖြစ်သည်။ ဇာတ်အနိမ့် အမြင့်ထက် စေတနာအနိမ့် အမြင့် ရွေးတာက ပိုပြီး သဘာဝကျပေသည်” ဟူ၍ဖြစ်သည်။ ယင်းပုဂ္ဂိုလ်ကြီး နှစ်ဦးလုံးတို့သည် ဇာတ်အနိမ့် အမြင့်အစွဲ ပြင်းထန်သည့် အိန္ဒိယ အင်ပါယာတစ်ခွင်မှ ပေါ်ထွက်လာခဲ့ကြသူများဖြစ်သည်။
လူအများစုသည် မိမိတို့၏ အစွဲသန်ရာကိုလိုက်ပြီး အမှားအမှန်ကို ဆုံးဖြတ်လေ့ရှိကြသည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တတ်သည့် သဘော၊ ဘုရားချင်းတူတာတောင်မှ မိမိအိမ်ပေါ်ရှိ ဘုရားကသာ ပိုပြီးသပ္ပာယ်နေသယောင် တွေးထင်တတ်သည့် သဘောရှိကြသည်။ မိမိ၏ ဥပါဒါန်အစွဲတရားက မိမိကိုပြန်ပြီး အမှားလမ်းကြောင်းပေါ်သို့ ပို့ဆောင်နေခြင်းပင်ဖြစ်သည်။
ယနေ့ ကမ္ဘာကြီးကို ကြည့်လျှင် ပုဂ္ဂိုလ်စွဲ လူမျိုးစွဲ ဂိုဏ်းဂဏစွဲ ဘာသာစွဲ ၀ါဒစွဲ စသည့် အစွဲပေါင်းများစွာတို့ဖြင့် ရှုပ်ထွေးပွေလီကာ ငါ့ဘာသာ ငါ့လူမျိုး တို့ကသာ မြင့်မြတ် မှန်ကန်သည် စသည်ဖြင့် အငြင်းပွါးကြရင်း ပဋိပက္ခမျိုးစုံကို ၇င်ဆိုင်ဖြတ်သန်းနေကြရသည်။ အမှားနဲ့ အမှန် မြင့်မြတ်ခြင်း မမြတ်ခြင်း ဆိုသည်ကို အသားအရောင် လူမျိုး ဘသာ စသည့်ပေတံဖြင့် တိုင်းတာနေကြမည့်အစား လူတစ်ဦးတစ်ယောက်ချင်းစီ၏ ပြုမူဆောင်ရွက်မှုအပေါ် အခြေခံပြီး မှတ်ကျောက်တင်နိုင်ကြပါလျှင် ဆန့်ကျင်ဖက် ပဋိပက္ခများ လျှော့ပါးသွားနိုင်မည်မှာ သေချာမလွဲပင်။
စာရေးသူ ယခုကဲ့သို့ နိဒါန်းပျိုးလိုက်ခြင်းသည် ရည်ရွယ်ချက် ဆိုသည်ထက် တွေ့ရှိချက်ကို တင်ပြလို၍ဖြစ်သည်။ ယင်းတွေ့ရှိချက်သည်ပင် ယခုဆောင်းပါးကို ရေးဖြစ်လာခဲ့ရခြင်း၏ အဓိကအကြောင်း၇င်း ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသူ/သား အများစုက သီရိလင်္ကာနိုင်ငံသူ/ သားများကို ကုလားဟု ခေါ်စမှတ်ပြုလေ့ရှိကြပြီး အချို့သူများက အဆိုပါ ကုလားဟူသည့် အသုံးအနှုံးနဲ့အတူ ကိုယ့်ထက်နိမ့်ကျသူများအဖြစ် တွေးထင်တတ်လေ့ရှိကြသည်။ ဒီနေ့ မနက်ပိုင်းက စာရေးသူ ကိစ္စတစ်ခုနဲ့ ကိုလံဘို တက္ကသိုလ်ကို သွားခဲ့သည်။ တက္ကသိုလ်မှအပြန် လိုင်းကားပေါ် သံဃာတော်များအတွက် သီးသန့်ထားသည့် ထိုင်ခုံတွင် ထိုင်လိုက်သည်နဲ့ မျက်စောင်းထိုး ထိုင်ခုံတစ်ခုတွင် ထိုင်ပြီးလိုက်ပါလာသည့် အမျိုးသမီးကြီးတစ်ယောက်မှ စာရေးသူယာဉ်စီးခအတွက် သူပေးမည်ဖြစ်ကြောင်း ပြောလာသည်။ စာရေးသူကလည်း ပေးလိုက ပေးလိုက်ပါ ဟူသည့် သဘောဖြင့် အမူအရာပြလိုက်သည်။ မကြာခင်မှာပဲ အဆိုပါအမျိုးသမီးကြီးအနားသို့ ဘတ်စ်ကားစပယ်ယာ ရောက်ရှိလာခဲ့သည်။ ယင်းအမျိုးသမီးကြီးက သူတို့ဘာသာစကားနဲ့ တစ်ဖက်ကဘုန်းကြီးအတွက် ပိုက်ဆံပေးတာဖြစ်ကြောင်း ပြောလိုက်သည်ကို စာရေးသူ သတိထားမိသည်။ တစ်ချိန် တည်းမှာပင် ထိုဘတ်စကား စပယ်ယာ၏ တုန့်ပြန်သံက စာရေးသူအတွက် အသိအမှတ်ပြု လေးစားစရာဖြစ်စေခဲ့သည်။ သူပြောလိုက်သည်က “ဘုန်းကြီးအတွက် ကားခ မယူလိုပါ” ဟူ၍ဖြစ်သည်။ ဒီနေရာတွင် စာရေးသူအနေနဲ့ မိမိအတွက် ဘတ်စကားခ ပေးလိုက်သူထက် ဘတ်စကားစပယ်ယာကိုမှ ပိုပြီးအသိအမှတ်ပြု လေးစားမိသည်မှာ အမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူအနေနဲ့ ဘုန်းကြီးတစ်ပါးရဲ့ လက်ထည်းမှ ကားခကို တိုက်ရိုက်မယူလို၍ အလကားစီးနင်းလိုက်ပါခွင့် ပြုနိုင်ပေသည်။ သို့သော်လည်း ယခုတွင်မူ ဘုန်းကြီးအစား အခြားလူတစ်ယောက်က ပေးသည့် ကားခကိုပင် မယူပဲ ငြင်းပယ်လိုက်ခြင်းအတွက် ထိုဘတ်စကားစပယ်ယာ၏  အတွင်းစိတ်သဘောထားကို ခန့်မှန်းကြည့်နိုင်ပေသည်။ ထိုသူသည် မြန်မာနိုင်ငံသူ/သား အများစုက အသားမည်း၍ ကုလားဟု ခေါ်သည့် သီရိလင်္ကာနိုင်ငံသား တစ်ယောက်ပင် ဖြစ်လေသည်။ အသားပင်မည်းနက်သော်လည်း နှလုံးသားဖြူစဉ်၍ နူးညံ့လှပပေသည်။
မြန်မာနိုင်ငံတွင်လည်း တက္ကစီကားအချို့က သံဃာတော်များ အခမဲ့ဆိုပြီး ပို့ဆောင်ပေးလျှက်ရှိကြောင်း ကြားသိရသည်။ အချိန်ကုန်ခံပြီး လူအင်အား ပစ္စည်းအင်အားတို့ဖြင့် စွတ်လွှတ်အနစ်နာခံကာ ကူညီနိုင်ကြသည့် ၄င်းတို့၏ စိတ်ဓာတ်ကား ချီးကြူးထိုက်ပါပေစွ၊ သို့သော်  အခြားလူပုဂ္ဂိုလ် ဒကာတစ်ဦးဦးက သံဃာ့ကိုယ်စား ကားခပေးခဲ့ပါလျှင် လက်ခံမည်  ငြင်းပယ်မည်ဆိုသည်ကိုတော့ စာရေးသူ ကိုယ်တိုင် မတွေ့ကြုံဖူးသေး၍ မသိနိုင်ပေ။

စာရေးသူ၏ အဓိက ဆိုလိုရင်းမှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အမျိုးဇာတ် စသည့် မတူကွဲပြားသည့် ခေါင်းစဉ်တို့သည် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းတို့အတွက် ယုတ်နိမ့်မှု မြင့်မြတ်မှုတို့ကို မဖန်တီးနိုင်ပေ။ မိမိတို့ဘ၀ ကိုယ်စီ၏ နိမ့်ကျအောင်လုပ်မှု ဂုဏ်တက်အောင် ဖော်ဆောင်မှုတို့သည် မိမိတို့ကိုယ်တိုင်ပင် တာဝန်ရှိပေသည်။ ထိုကြောင့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အဆိုး အကောင်း စသည်တို့ကို ဘာသာ လူမျိုး အသားအရောင် စသည့် အမှတ်သညာတို့ဖြင့် မတိုင်းတာ မသတ်မှတ်ကြပဲ ၄င်းတို့၏ လုပ်ဆောင်ချက်များကို အခြေခံပြီး အမှားနဲ့အမှန်၊ လူကောင်း နဲ့ လူယုတ်မာ စသည် ခွဲခြားသတ်မှတ်ခြင်းကသာလျှင် ပို၍သင့်မြတ်ကြောင်း တင်ပြလိုက်ရပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts