>Khin Maung Zaw’s Short Stories 01

>

ငင်းပယ်ခြင်းထဲက တပေါင်းလရိပ်

ခင်မောင်ဇော်

အောက်တိုဘာ ၂၄၊ ၂၀၀၈

လတပေါင်းဟာ သူ့နောင်တော်လတွေနဲ့ အလျင်းမတူ ကွဲပြားခြားနားတဲ့ စိတ်လှုပ်ရှားမှုကို ပေးအပ်လေ့ရှိစမြဲ။ ပဒေသာသီးနေတဲ့ ပတ္တမြားမီးပုံးတွေ ချိတ်ဆွဲထားရာ ပေါက်ပင်တွေနဲ့ လက်ပံပင်တွေ။ ဆေဇန်းရဲ့ အဝါရောင် နှင်းစက်တွေနဲ့ အပြိုင် ကြဲရင်း ပင်လုံးကျွတ် ရွှေဝါရောင်လင်းနေတဲ့ ငုပင်တွေ။ ငွေရောင်အပွင့်တွေကို ဣနြေ္ဒအပြည့်နဲ့ ချွေချပေးနေတဲ့ ထီးမြင့်ကျော့ရှင်းတဲ့ သခွပ်ပင်တွေ။ တပေါင်းကို မွှေးရနံ ကြိုင်လှိုင်သင်းစေသူကတော့ ဆရာမခင်ဆွေဦးရဲ့ သရဖီဦးထဲက သရဖီဝတ်မှုန်တွေပါပဲ။ အပင်တကာ့အပင်တွေရဲ့ ရွက်နုအထွဋ်အဖူးတွေဟာ အလုအယက် ဝေဆာစေရင်း တပေါင်းလရိပ်ကို ပူဇော်နေရောထင့်။ ဒါပေမယ့် နှစ်ဟောင်းကို ထမ်းပိုးရင်း နှစ်သစ်ထဲ လှမ်းဝင်ရေးရဲ့ စေတမန် လတပေါင်းခမျာမှာတော့ သောက အပူတွေ စ,လို့ပါလား။

ဘယ်အချိန်မှာပဲဖြစ်ဖြစ် ထာဝရကြိုလင့်နေဆဲ အိမ်ရှေ့က ညောင်မုတ်ဆိတ်ပင်ကြီးရဲ့ သမာဓိအားတွေက ကျီးတွေကို မကြာခဏ ပွက်လောထစေပုံရတယ်။ ညောင်မုတ်ဆိတ်ပင်ကြီးရဲ့ ကျီးပြိုညတွေ မငြိမ်းသေးဘူး။ ကြွေလေ တရားအပြကောင်းတဲ့ ညောင်မုတ်ဆိတ်ပင်ကြီးကို ဘယ်သူ ယှဉ်နိုင်မှာလဲ။ အနက်ရှိုင်းဆုံး လက်ကုန်နှိုက် ဆုံးမလေ့ရှိတဲ့ တရားပြရုက္ခဒေသနာ မူပိုင်ရှင်ဟာ အဲဒီညောင်ပင်ကြီးဖြစ်နိုင်ဖွယ်ရှိတယ်။ ဘာပဲဖြစ်ဖြစ် တပေါင်းရဲ့ နွေမိခင်ကြီးဟာ ကိုယ်ပိုင် လေပြေညှင်းနုနုတွေ တဝေဝေနဲ့ နွေညပန်းချီထဲက မေတ္တာရနံ့တွေဟာ အနံ့ခံနာ့ဗ်ကြော အသီးသီးထဲမှာ ပြေးလွှားအသက်ဝင်နေဆဲ။ အဲဒီရနံ့ချိုတွေထဲမှာ အဖွားရဲ့ သနပ်ခါးရနံ့တွေနဲ့ ဆေးပြင်းလိပ်ရနံ့တွေ မွှေးရီနေဆဲ။ ပြီးတော့ အဖွားရဲ့ အိပ်ရာဝင်ပုံပြင်တွေက ရနံ့ချိုလေပြေ တသွေးသွေးထဲမှာ ပျံ့ပျံ့သင်းသင်း စီးဆင်းလာလေ့ရှိတယ် မဟုတ်လား။

ပုံပြင်တိုင်းကို နိဂုံးချုပ်ပေးလေ့ရှိတဲ့ အဖွားဟာ နိဂုံးမဲ့ပုံပြင်တစ်ပုဒ်ကို ထူးထူးခြားခြား ပြောကြားရစ်ခဲ့တယ်။ ပုံပြင်နားထောင်သူတွေကိုယ်တိုင် စိတ်ကြိုက်နိဂုံးချုပ်ရမယ့် ပုံပြင်လို့ဆိုတယ်။ မြန်မာလေးတွေနဲ့ သိပ်စိမ်းတဲ့ပုံပြင်လို့ မဆိုနိုင်ဘူး။ ခြင်္သေ့အိုကြီးနဲ့ နှာစေးတဲ့ယုန်သူငယ်လေးတို့ရဲ့ ပုံပြင်ပါပဲ။ အမှန်အတိုင်း လျှောက်တင်ရင်း ရဲဝံ့စွာ သေပွဲဝင်သူ ဝက်ဝံနဲ့ မြှောက်ထိုးပင့်ကော် လျှောက်တင်ရင်း မရှုမလှ သေပွဲဝင်ရသူ မြေခွေးတို့ကို နှာစေးသဖြင့် အသက်ချမ်းသာခွင့်ရသူ ယုန်ကလေးရဲ့ စုပ်သတ်သံတွေနဲ့ နိဂုံးချုပ်လေမလား။ ဝက်ဝံကို အောင်ပွဲခံစေတဲ့ နိဂုံးလေလား။ မြေခွေးကို အနိုင်ပေးမယ့် နိဂုံးလေလား။ ဒါမှမဟုတ် သူတို့ (၃) ကောင် စည်းလုံးမိပြီး ခြင်္သေ့ကြီးကို အာခံတော်လှန်စေမှာလား။ လပေါင်းများစွာထဲမှ စိတ်ကြိုက်ဆွဲယူ နိဂုံးချုပ်စေနိုင်စွမ်းတဲ့ပုံပြင်ဟာ ပုစ္ဆာအရောင်းကိုယ်စားလှယ်များ ဖြစ်နေရော့သလား။

‘တရုတ်နဲ့ ခွေးမဝင်ရ’ စာတန်းပေါင်းများစွာဟာ တစ်ချိန်က တရုတ်ပြည်ကြီးရဲ့ တစ်ခေတ်တစ်ခါက အဆောက်အဦတွေရဲ့ ရှေ့မှောက်မှာ ဝင့်ကြွားခဲ့ဖူးတယ်။ နှာစေးနေကြသူ တရုတ် ခေါင်းဆောင်အချို့ဟာ စာတန်းချိတ်ဆွဲခိုင်းတဲ့ အရှင်သခင်တွေရဲ့ အလိုကျ နှစ်ကိုယ့်တစ်စိတ် တူမျှခဲ့ကြတယ်။ စာတန်းကို စိတ်လိုလက်ရ ကဗ္ဗည်းတင်ပေးလိုကြတဲ့ အလျှိုလျှိုသော လက်တွေဟာ သမိုင်းဓားချက်အောက်ကို ဇွတ်တိုးဝင်လာတယ်။ အဲဒီ စာတန်းနဲ့ မိုက်ဖော်ဆိုးဖက် စာတန်းတွေဟာ ကမ္ဘာ့နေရာအနှံ့မှာ ကိုယ်စီ တွင်ကျယ်ခဲ့ကြတယ်။ ”လူမည်းမဝင်ရ’၊ ‘လူဖြူမဝင်ရ’၊ ‘ဧည့်သည်တော်များသာ’…။



မီးဖိုပေါ်တင်ပြီး မီးထိုးပေးခြင်းခံနေရတဲ့ နွားနို့ဟာ ရေရောထားစေဦးတော့ မလိုင်ဖတ်တိုင်းကို အထက်တွန်းပို့တဲ့ ဓလေ့စရိုက်ရှိတယ်။ မလိုင်ဖတ်တွေကလည်း နွားနို့ရဲ့ ဂုဏ်ကျက်သရေသဖွယ် စီးစီးပိုးပိုးနေရာယူတတ်ကြတယ်။ လူထဲမှာလည်း လူ့မလိုင်တွေ ထုထည်ကြီးထွားလာနေဆဲ၊ သူတို့ရဲ့ တိုးပွားနှုန်းအလျင်ဟာ စက်မှုတော်လှန်ရေးနဲ့ ICT တော်လှန်ရေးတို့ကြားမှာ အဟုန်ပြင်းထန်လာပုံရတယ်။ သမိုင်း အချိုး အကွေ့တိုင်းမှ မလိုင်ဖတ်တွေရဲ့ ချဉ်သိုးသိုးအနံ့ဆိုးတွေ မပြတ်နိုင်ကြသေးဘူး။ ရွှေတိဂုံစေတီတော်မြတ်ကြီး အမှူးပြုတဲ့ ဝတ္တကမြေအသီးသီးရဲ့ မင်္ဂလာမုခ်ဦးဝတွေမှာ ပုပ်သိုးသိုး မလိုင်ဖတ်အပုံတွေ ရှိခဲ့တာအမှန်ပဲ။ နှာစေးနေကြတဲ့ ဂေါပကတွေဟာ ‘ဥရောပတိုက်သားများမှတစ်ပါး မည်သူမျှ ဖိနပ်မစီးရ’ ဆိုတဲ့ အော့ကြောလန် မလိုင်ချဉ်ဖတ်ပုံကြီးကို နှာခေါင်းနှစ်ပြီး အချစ်ကြီး ချစ်ပြခဲ့ကြတယ် မဟုတ်လား။

ဒါပေမယ့် နှာစေးတဲ့ ပုံပြင်ရဲ့ ဒီဇိုင်း ရုပ်သွင်ဟာ ပုံပြောသူရဲ့ အခိုင်းအနိုင်းတွေကို နာခံ ကျိုးနွံလေ့ရှိတယ်။ နှာစေးတဲ့ယုန်ရဲ့ ဘက်တော်သားပုံပြောဆရာ မျက်နှာပေးက ယုန်မျက်နှာပေါက် ချိုးလာစမြဲ။ ပြုံးဖြီးဖြီးပီတိကြောင့် အလျား ဆန့်ပြဲလာတဲ့ သူ့ပါးစပ်ထောင့်စွန်းနှစ်ဖက်ကို ခြေကုပ်ယူထားတဲ့ သူ့နားရွက်တွေကို ထောင်မတ်လှုပ်ခတ်နေစေတယ်။ ပုံနားထောင်သူ အများစုကြီးကလည်း နှာစေးဖို့ အရေးအတွက် နှာခေါင်းဝနှစ်ပေါက်ကို လေလံတင်နေကြတယ်။ ပုံပြောသူရဲ့ အတ္တနောမတိကို ပကတိအတိုင်း ဖွင့်ချပြဆိုတဲ့ နိဂုံးချုပ် ဝါကျကိုယ်စီဟာ တန်ဖိုးကိုယ်စီ ရှိနေမှာ မုချယုံတယ်။ အတော်နတ်ကြီးတဲ့ ကမ္ဘာဦးနှောင်းပိုင်း နောက်ဆုံးနေ့ထုတ် ပုံပြင်တစ်ပုဒ်လို့ ဆိုကြတယ်။ မှော်ပဉ္စလက်ဆန်လွန်းလာတဲ့ လူ့မနောအလိုကျ အချုံ့အဆန့် အားကောင်းလွန်းတဲ့ ပုံပြင်ပဲ။ ပုံနားထောင်သူတွေရဲ့ တုန့်ပြန်နှလုံးခုန်လှိုင်းကို ပုံပြောသူတိုင်းက အမှတ်မထင် တွက်ချင့်ကြလေ့ရှိတယ်။ ဒါပေမယ့် ပုံနားထောင်သူတွေရဲ့ မျက်ဝန်းရိပ် အရိုးခံဓာတ် အစုအဝေး ကြီးမားမှုအပေါ် အထင်တသေး တက်နင်းကြလေ့ရှိတတ်တယ်။ ငါ့စကားနွားရ ဖိပြောနေပုံက အတင်းရော အဓမ္မပါ ဆန်လှတဲ့ မူဆိုလီနီရဲ့ အာဘော်နဲ့ တစ်ထပ်တည်းကျတယ်။ ပိဋိကတ်အိုးကွဲမဟုတ်ကြပါ တဲ့၊ ပုံနားထောင်သူတွေပဲရယ်လို့ အလေးမထားတာတော့ သေချာတယ်။ အသက်နဲ့ အရာရာကို စွန့်လွှတ် စတေးခံကြရသူတွေကို ဘေးဖယ်ပြီး လက်ရဲဇက်ရဲ အာကျယ်ရဲလာတဲ့ သမိုင်းကျမ်း အဆူဆူထဲက ပိုးဟပ်တွေရဲ့ အော်သံတွေ ကျယ်လောင်နေပါကလား။ ပြည်သူဆိုတာ ၉၆ ပါး ရောဂါ ပျောက်စေတဲ့ ကိုးပါးဆေး မဟုတ်ကြောင်း အကျယ်တဝင့် ဋိကာဖွင့်သမှု ပြုစုကြတယ်လေ။

နန်နိုခေတ်မှာ ဘာမဆို ကျုံ့နိုင်ချဲ့နိုင်သမို့ သမိုင်းရဲ့ လိုဂိုဒီဇိုင်းကို သူတို့လမိုင်းကပ်သလို ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မင်္ဂလာဆိုင်းဝိုင်းရဲ့ တော်ဝင်ဒီဇိုင်းတွေ ဘယ်လောက်ပဲ ဆန်းကျယ်လာစေဦးတော့ ချွင်တောက်ဆိုတဲ့ စည်းဝါးကသာ အခရာကျတယ်မဟုတ်လား။ လေထဲမှာ နေရာယူထားတဲ့ အောက်ဆီဂျင်ရဲ့တန်ဖိုးနဲ့လည်း အလားသဏ္ဍာန်တူလိမ့်မယ်။ အဲဒါ ပြည်သူပဲ။ သတ္တ လောကနဲ့ ရုက္ခလောကတို့ရဲ့ အရှင်သခင်ဟာ အောက်ဆီဂျင်ဖြစ်သလို လူတွေရဲ့ အရှင်သခင်ဟာ ပြည်သူပါပဲ။ ကိုယ်တိုင်မီးမလောင်ပေမယ့် သူမရှိရင် ဘယ်အရာမှ မီးမလောင်နိုင်ဘူး။ ဆေတန် (၅) ဒုံးပျံကြီးကို တွန်းလွှတ်ပေးနိုင်တဲ့ အောက်ဆီဂျင်အတုံးအခဲလေးတွေက အံ့ဖွယ်မကောင်းဘူးလား။ နှာစေးခြင်းအမှုကို အလေးအနက် စွဲကိုင်ထားတဲ့ နှာစေးသူတွေရဲ့ ဂရုဏာတရားနဲ့ ဆင်ခြင်ဉာဏ်တွေနဲ့ ပတ်သက်လို့ အငြင်းမှားလို့ ဘာထူးမှာလဲ။ ဒါပေမယ့် သူတို့ရဲ့ စိတ်ကူးအတွေးကို (၁) မှတ်ရုတ်ပြီး (၉၉) မှတ်သာ ချီးမြှင့်ထိုက်ပေလိမ့်မယ်။ စည်းဝါးနဲ့ အောက်ဆီဂျင်တို့ကို ပစ်ပယ်မှုကြောင့် အလျှော့ခံရတဲ့ (၁)မှတ်က ကျန်တဲ့ (၉၉) မှတ်ကို ဟားတိုက် ရယ်မောလိမ့်မယ်။ သူရသတ္တိဟာ အမှန်တရားကို စားသုံးရင်း ရိုးရိုးကျင့် မြင့်မြင့်ကြံခြင်းရဲ့ ရလဒ်ဖြစ်ကြောင်း နှလုံးသွင်း ကောင်းနိုင်ကြပါစေ။ လျှော့မှတ်(၁)ဟာ အရည်အချင်းစစ်စစ်ဖြစ်ပြီး၊ ရမှတ် +(၉၉)ဟာ အရေအတွက်မျှသာဖြစ်ကြောင်းကိုလည်း သတိချပ်ပါလေ။

အီဖယ်မျှော်စင်ကြီးရဲ့ မဟာခန့်ညားမှု၊ အောင်ပွဲခံ မုခ်ဦးကြီးရဲ့ ကျက်သရေရှိမှုနဲ့ မာဆေးနန်းတော်ကြီးရဲ့ ထည်ဝါမှုတွေဟာ ရှက်ရှာတော်မူလွန်းလို့ အနိုင်နိုင်ငုံ့ပြီး ရှုံ့၍ခံနေကြတဲ့ ကာလ။ ဗာစီးတီးအကျဉ်းထောင်ကြီးကိုယ်တိုင် အကျဉ်းကျခံနေရတဲ့ကာလ။ ဒါပေမယ့် ပါရီကမိန်းမပျက်ကလေးရဲ့ ရှာရှေမီဒီလမ်းမကြီးပေါ် နင်းလျှောက်လာတဲ့ ခြေသံတွေက ညကို ယုံကြည်မှုအပြည့်နဲ့ စိန်ခေါ်နေသလို။ အခန်းအောင်းပြီး သက်ငြိမ်ပန်းချီကားကြီးဆွဲနေဆဲ ‘အင်ဒရေ’ကို သူမက စက်ဆုပ်သတဲ့၊ စပိန်ပြန် ပီကာဆိုရဲ့ ပန်းချီစုတ်ချက်တိုင်းကိုတော့ သူမက ရင်ခုန်သတဲ့။ ပြင်သစ်ဘာသာအသံထွက်ဆိတ်သုဉ်းနေတဲ့ ပြင်သစ်စာသင်ကျောင်းတွေထဲက ထွက်ပေါ်လာတဲ့ ဂျာမန် အသံထွက်တွေကို သူမက နားကလောလွန်းသတဲ့။ ငွေပေးမယ့် ဖိုသတ္တဝါကို အမိဖမ်းတဲ့ မာယာအတတ်ဟာ သူမရဲ့ ကိုယ်ပိုင်လက်နက်ပဲ။ သူမရဲ့ အသက်နဲ့ ဘဝလည်း မည်တယ်။ သူမရဲ့ အမှတ် (၁) ပုဂ္ဂလိကပိုင်ပစ္စည်းစစ်စစ်လည်း ဖြစ်တယ်။ တကယ်တော့ သူမဟာ ဂျာမန်တွေကို မမုန်းဘူး။ သူမရွံ့မုန်းတာက အဲဒီဂျာမန်တွေရဲ့ လုပ်ရပ်ကိုသာဖြစ်တယ်။ ရှုးဆို၊ ဘော်လ်တဲယား၊ ကားလ်မတ်ဆိုသူတွေကို ကြားတောင်မကြားဘူးသူလေးပဲ။ မီးနီရပ်ကွက်ကိုတော့ ကောင်းကောင်းသိတယ်။ အခုတော့ နောက်ထပ်အသိတစ်ခုကို ဘဝလက်တွေ့က လက်သိပ်ထိုးထည့်ပေးခဲ့ပြီလေ။ ဇိမ်ခန်းထဲမှာလဲကျနေတဲ့ ဂျာမန်အလောင်းကောင်ရဲ့ ခန္ဓာကိုယ်ထဲ စူးနစ်နေတဲ့ ဓားကို ဆွဲနုတ်လိုက်တယ်။အဲဒီ တဒင်္ဂကာလအတွင်းမှာ သူမရဲ့ မျက်နှာပေးက ဒင်ညုမြစ်ပြာလိုလှနေတယ်။ သူမရဲ့ လက်ထဲက သွေးစက်လက်ကျဓားဟာသူမရဲ့ အမှတ် (၂) ပုဂ္ဂလိကပစ္စည်းဖြစ်လာတယ်။ ပြင်သစ်တော်လှန်ရေးသမိုင်း ကျမ်းပြုဆရာတွေဟာ သူမရဲ့ ခံစားချက်ကို ဘယ်လိုလုပ်ပြီးပုံဖော် နိုင်ကြပါ့မလဲ။ သူမရဲ့ ငယ်ဖော်တွေထံမှ လာတဲ့ သတင်းတစ်ရပ်အရ ပုံပြင်အသည်းစွဲကြိုက်တဲ့ ကောင်မလေး တဲ့။ အဲဒီ အချိန်ကစပြီး အမှတ် (၃) ပုဂ္ဂလိကပိုင် ပစ္စည်းတစ်ခုကို သူမ ပိုင်ဆိုင်ခွင့်ရှိခဲ့တယ်။ ဘယ်တော့မှ နှာမစေးတတ်ခြင်းဆိုတဲ့ ကျန်းမာခြင်းရဲ့ ဆုလာဘ်တစ်ခုကို ဖြစ်တယ်။

ရည်းစားစကားပြောလာတဲ့ ကောင်လေးကို ငြင်းပယ်တဲ့ ကောင်မလေးရဲ့ ငြင်းပယ်ခြင်းဟာ ရွေးချယ်ခြင်း စင်စစ်မျှသာ ဖြစ်တယ်။ ရန်လိုတုန့်ပြန်ခြင်းအလျင်းမဟုတ်သလို အပျိုကြီးဘဝ လျှာထားခြင်းလည်းမဟုတ်နိုင်ဘူး။ မချစ်မနှစ်သက်သူကို ငြင်းပယ်ခြင်းဟာ ချစ်ခင်စုံမက်သူကို ရွေးချယ်ခြင်းသို့ ရှေ့ရှုတဲ့ ပြယုဂ်ဖြစ်လိမ့်မယ်။ အလိုရမ္မက်ကြီးစွာ အဓမ္မကျူးကျော်လာသူအား ငြင်းပယ်ခြင်းပြုရေးကို ငြင်းဆန်ပြီး လက်ခံလိုက်လျောသူတွေရဲ့ နိဂုံးဟာ ဘယ်တော့မှ ကမ်းကပ်နိုင်မှာ မဟုတ်ဘူး။ သူ့ပါရမီ ဖြည့်ဆည်းရေးအတွက် ဝေသန္တာရာက ထီးနန်းကို ငြင်းပယ်ခြင်းပြုတယ်။ ‘နင်မဟုတ်ရင်နင့်အဖေပဲ’လို့ ကောက်ချက်ကို ကျောက်ချပြီးမှ အမေးစကားဆိုတဲ့ မြေခွေးနဲ့ အဖြေ ရလဒ်ကို အလိုမရှိဘဲ ပုစ္ဆာထုတ်တဲ့ ခြင်္သေ့အိုကြီးတွေကို ငြင်းပယ်ခြင်းဖြင့်သာ ရင်ဆိုင်ရပေလိမ့်မယ်။

ဆာရယ်ဂျီနယ်ကရက်ဒေါက်ဟာ ရွှေမော်ဓော ဝတ္တကမြေပေါ်လှမ်းအဝင်မှာ ဖိနပ်ချွတ်ဖို့ ငြင်းပယ်ခဲ့တယ်။ သူ့မှာ ရည်ရွယ်ချက်ရှိတယ်။ သူဟာ ဆာဂျေစကော့ (ရွှေရိုး) ရဲ့ The Burman အပါအဝင် မြန်မာမှုဖွဲ့စာ အစုံစုံကို အာဂုံဆောင်နိုင်ခဲ့ပြီးသူပဲ။ သူ့ရည်ရွယ်ချက်က မြန်မာတွေကို ဆူပူ အုံကြွလာစေရေး ဖြစ်ကြောင်း သူ့အစီရင်ခံစာတွေက ဖော်ပြနေတယ်။ အိန္ဒိယဘုရင်ခံရဲ့ လက်ထောက်ဘုရင်ခံဘဝကို သူ မနှစ်မြို့ဘူး။ ပေါင်းတည်ဦးသိမ်းမောင် သဘာပတိလုပ်တဲ့ ဖိနပ်ပြဿနာ ပြည်လုံးကျွတ် အစည်းအဝေးကြီး ပေါ်ထွက်လာတယ်။ ဝတ္တကမြေပေါ် ဖိနပ်မစီးရခြင်းကို ငြင်းပယ်တဲ့ ကရက်ဒေါက်ရဲ့ ဆန္ဒဟာ သူ့ကိုယ်ကျိုးသက်သက်အတွက်မျှသာ ဖြစ်တယ်။ ဝတ္တကမြေပေါ် ဖိနပ်စီးခြင်းကို ငြင်းပယ်သူတွေကတော့ တစ်မျိုးသားလုံးအတွက် အမှန်ဖြစ်တယ်။ အိန္ဒိယဘုရင်ခံနဲ့ ဂုဏ်ရည်တူမျှတဲ့ မြန်မာဘုရင်ခံဖြစ်လာသူ ကရက်ဒေါက်ဟာ ဝမ်းသာလုံး ဆို့ခဲ့မှာပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီခေတ်ရဲ့ ဖိနပ်ပြဿနာကို စွဲကိုင် ဆန့်ကျင်ခဲ့တဲ့ ဘိုးဘွားတွေကြောင့် မြန်မာတစ်မျိုးသားလုံး နောင်တတံပိုးမှ လွတ်ကင်းရတာတော့ သေချာတယ်။ ငြင်းပယ်ခြင်း လမ်းကြောင်းတွေဟာ သိမ်မွေ့သလောက် ထွေပြားတယ်။ မီးကို ဘယ်လိုငြင်းပယ်မလဲ။ မီးကို ရေနဲ့ ငြင်းပယ်မှာလား။ ဒါမှမဟုတ် မီးကို မီးနဲ့ ငြင်းပယ်မှာလား။ တစ်ခုတော့ရှိတယ်၊ ငြင်းပယ်ခြင်းမှာ ခိုင်လုံတဲ့ အကြောင်းတရားနဲ့ ရည်ရွယ်ထားတဲ့ အကျိုးတရားကို တပ်ဆင်ပြီး ဖြစ်ရမယ်။

အဒေါ့ဖ်ဟစ်တလာကို ဖြောင်းဖျနိုင်သူရယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးလှတဲ့ မစ္စတာချိန်ဘာလိန်ကို အင်္ဂလန်လူထုက ငြင်းပယ်ခဲ့တယ်။ ဟစ်တလာမွှေးတဲ့ မီးတောက် လောင်စာစွမ်းအင်ကို ရေနဲ့ချေဖျက်လို့မရဘူး။ အာခံတွင်းကို ချိတ်မိနေတဲ့ ငါးမျှားချိတ်ကို မဖြုတ်ဘဲ ကြိုးအလျား အလျှော့အတင်းပေါ်မှာ ပျော်မြူး ကစားရင်း လွတ်လမ်းရှာလေ့ရှိတဲ့ ငါးမန်းကို တံငါသည်က ဟားတိုက် ရယ်မောလိမ့်မယ်။ အနာသိရင် ဆေးရှိတယ်လို့ ဆိုတယ်။ ဒါပေမယ့် နာတာရှည်လူနာရဲ့ နလံထစကာလမှာ တိုက်ကျွေးမယ့်အဟာရ အချိန်အဆဟာလည်း သမားတော်ရဲ့ ကျွမ်းကျင်မှုအပေါ်မှာ လုံးဝမှီတည်နေလိမ့်မယ်။ လူနာကို အားပေးရေးဟာ အဓိကကျတဲ့ လိုအပ်ချက်တစ်ခုပဲ။ ဒါပေမယ့် ဆေးဆိုတာ ရောဂါပြင်းလေ အဝင်ဆိုးလေပဲ ဆိုတာလောက်ကိုတော့ ကြိုတင် ပြောပြထားသင့်တယ်။ ဒါကြောင့် ဆီဦးထောပတ် ထမင်းဟင်းတွေကို ငြင်းပယ်ခြင်း ပြုရမယ့် လူနာဟာ ဆေးခါးကြီးကိုတော့ ငြင်းပယ်ခြင်းမပြုဘဲ ဇွတ် မျိုချရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီဦးထောပတ်ကို ငြင်းပယ်ခြင်းဟာ ဆေးခါးကြီးကို လက်ခံခြင်းသဘော ဆောင်လို့ပါပဲ။ ခွေးရူးရောဂါကို ဖားပြုတ်အဆီဖြင့် ကုသနိုင်တဲ့ ကချင်ရိုးရာဆေးနည်းကို လိုလိုမယ်မယ် ဆောင်ထားသင့်တယ်။ အနောက်တိုင်းထွက် ခွေးရူးရောဂါဆေးဆိုတာက ကာကွယ်သမှုပဲ ပြုနိုင်တယ်။ တကယ့်ခွေးရူးရောဂါသည်ကို အရှင်းပျောက်စေတဲ့ ဆေးနည်းဟာ ကိုယ့်မြေကိုယ့်ရေပေါ်က ကိုယ့်သမားတော်တွေရဲ့ လက်ထဲမှာသာ ရှိတယ်မဟုတ်လား။

ယပ်တောင် တဖျပ်ဖျပ်ခပ်ရင်း အပူမီးကို ငြင်းပယ်ခြင်းပြုနေတဲ့ မြန်မာတို့အတွက် မုတ်သုံဟာ တာထွက်ဖို့ စိုင်းပြင်းနေလေရဲ့။ လေပူတွေရဲ့ လူပူတွေအပေါ် အတောမသတ် ကြည်စယ်ခွင့်ရတဲ့ကာလဟာ မိုးဦးကို လက်နက်ချရတော့မယ်လေ။ ခတ္တာရိုင်းတွေဟာ မဟာပထဝီမြေကြီးထဲမှ ခွဲထွက်ပြီး ဝဿန်ရဲ့ စေတမန်မိုးစက်တွေကို ကြိုလင့်လာချေပြီ။ ဂျပန် ကင်ပေတိုင်စခန်း အသီးသီးမှ မြန်မာ့ သံမဏိသူရဲကောင်းတွေရဲ့ ငြင်းပယ်ခြင်း သူရသတ္တိကို ပိုက်ထွေးထားတဲ့ လတပေါင်းဟာ နှစ်ဟောင်းကို ငြင်းပယ်သမှု ပြုလိုက်တယ်။ တစ်နည်းအားဖြင့် နှစ်သစ်ကို ကြိုဆိုသမှုပြုခြင်း မဟုတ်ပါလား။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts