>Moe Cho Thin – The Unity of the Opposites

>

ဆန့်ကျင်ဖက်တို့ ညီညွတ်မှု

မိုးချိုသင်း

အောက်တိုဘာ ၂၄၊ ၂၀၀၈

တလောကတော့ လမ်းလျှောက်လာရင်း လမ်းဘေးမှာ ပန်းချီကားလေးတွေကို အစီအရီ သပ်သပ်ရပ်ရပ် ပြထားတာတွေ့တာနဲ့ အမှတ်တမဲ့ ၀င်ကြည့်မိတယ်။ ပုံလေးတွေက ကောင်းပါတယ်။ အပျော်တမ်းဆွဲတယ် ဆိုပေမဲ့ ပရော်ဖက်ရှင်နယ် ဆွဲသလောက် ကောင်းမွန်တာပါ။ ပန်းချီဆရာက ခပ်ငယ်ငယ် မုတ်ဆိတ်ရေးရေး နဲ့ အဝေးကို မျှော်ကြည့်နေတတ်တဲ့ မျက်လုံးရီရီတွေနဲ့ပါ။

ကိုယ်လဲ နားလည်လို့ မဟုတ်ပေမဲ့ ဒီလိုပဲ လျှောက်ကြည့်နေမိတာ။ အဲဒီထဲမှာ ပန်းချီကားတကားကတော့ ကိုယ့်ကို အတော်ဆွဲဆောင်သလိုရှိတာမို့ ရပ်ပြီး ငေးမိတယ်။ သူသုံးထားတာ ဆန့်ကျင်ဖက်အရောင်တွေကို လှလှပပ တွဲသုံးသွားတာမို့ တခြားကားနဲ့မတူ၊ တမျိုး လှ နေတာပါပဲ။ ညနေခင်းမှာ ဘတ်စ်ကားစောင့်နေပုံရတဲ့ လူပင်လယ်ကြီးကို ဆွဲထားတာ။

ဒါနဲ့ အေးလဲအေး၊ မှောင်စလဲ ပြုလာပြီမို့ ဆက်မကြည့်တော့ဘဲ ပန်းချီဆရာကို ပြုံးနှုတ်ဆက်ပြီး လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းမှာလဲ စဉ်းစားလာမိတာ။ ကြည့်သမျှ ပန်းချီကားအားလုံး တွဲဖက်ညီတဲ့ အရောင်လေးတွေနဲ့ စပ်ဟပ်ဆွဲထားတာ ချစ်စရာ..။ ဟာမိုနီ ဖြစ်နေတယ် ဆိုပေမဲ့ ဘာလို့ ဟိုပန်းချီကားကိုပဲ အတွေးထဲမှာ သယ်လာရပါလိမ့် လို့ပေါ့။

တကယ်တော့ မတူညီတဲ့ နှစ်ခု ပေါင်းစပ်ရင်လဲ အလှဆိုတာ ဖြစ်ပေါ်တတ်တာပဲ။ အဲဒါကို တွေးမိလို့ အဖေစပ်ထားတဲ့ ကဗျာတပုဒ်ကို သတိရသွားတာနဲ့ အိမ်ရောက်တော့ ပြန်ရှာ ကြည့်မိတယ်။

အဲဒီကဗျာကို အဖေက ဆန်ဒီယေးဂိုးမြို့က လာဟိုယာကမ်းခြေကို ရောက်တုန်းမှာ စပ်ခဲ့တယ် လို့ အောက်ခြေမှတ်စုလေး ရေးထားပါတယ်။ ဖတ်ကြည့်ပါအုံးနော်။ ခေါင်းစဉ်က ဆန့်ကျင့်ဖက်တို့ ညီညွတ်မှု တဲ့..။

ညီညွတ်မှု

တင်မိုး

မြသားပင်လယ်၊ သမုဒ်ကျယ်မှာ

လှိုင်းစွယ် လှိုင်းကြမ်း၊ လှိုင်းငါးမန်းတွေ

သွေးဖြန်ဖြန်းထ ၀ိုင်းအုံကြွလဲ

ကမ်းစ သဲပြင်၊ နေရောင်လွင်မှာ

ဖျံလျင်တစု၊ ဘာမမှုဘဲ

သူ့သဘာဝ၊ လဲလျောင်းကြတယ်

တက်ကြွမှုနဲ့ ငြိမ်သက်မှု …

ဆန့်ကျင်ဖက်တို့ ညီညွတ်မှု …

၁၊ ၁၊ ၂၀၀၄

ကိုယ်လဲ ကဗျာလေးကို ဖတ်ရင်း ဆန့်ကျင်ဖက်တို့ ညီညွတ်ရင်လဲ အလှတရားပဲလို့ ဆက်တွေးမိနေပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts