>Lay Htee Ohn Maung – After 50 years passed …

>

နှစ်ပေါင်း ၅၀ ကြာသောအခါ

လေထီးဦးအုန်းမောင်

(မိုးမခ အထူး – ပြန်လည်ဆန်းသစ်ခြင်း၊ မိုးဂျာနယ် ၁၉၉၅ ဇွန်လ ထုတ်)

အောက်တိုဘာ ၂၃၊ ၂၀၀၈

ဖက်ဆစ်တော်လှန်ရေး

၁၉၄၅ ခု မတ်လ ၂၇ ရက်။

“နယ်ချဲ့ ဖက်ဆစ်ဓားပြ ဂျပန်လူရိုင်းများကို မောင်းထုတ်”

(ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့၏ကြေညာချက်)

ဤသို့ဖြင့် မြန်မာပြည်မှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသည် ထိုနေ့တွင်ဖက်ဆစ်ဂျပန်တို့ အားတစ်ခဲနက် အုံကြွတော်လှန်လိုက်ကြလေသည်။

ဖက်ဆစ်တော်လှန်ရေးကား ယခုလိုလျှင်နှစ်ပေါင်း (၅ဝ) ရှိသွားခဲ့လေပြီ။

ဖက်ဆစ်တော်လှန်ရေးသည် နှစ်ပေါင်း (၅၀) ရှိသွားပြီဖြစ်သော်လည်း ထိုနေ့ ထိုရက်ကိုကား ကျွန်တော်တို့ တစ်သက်တွင် မေ့ပျောက်၍ရနိုင်မည် မဟုတ်ပေ။

ထိုနေ့သို့ ရောက်တိုင်းရောက်တိုင်း တော်လှန်ရေးဖြစ်ရပ်ဟောင်းများသည် အသစ်ဖြစ်ကာ ရင်ခုန်လှုပ်ရှား ခံစားလာရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ က ကျွန်တော်ပါဝင်လှုပ်ရှားခဲ့သော နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုများကို ပြည်လည် တမ်းတ သတိရမိလေသည်။

အရေးတော်ပုံမှ သင်ခန်းစာ

ကျွန်တော်တို့ ကျောင်းသားဘဝတွင် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုလိုင်းဂယက်များ တစ်ပြည်လုံးတွင် ထကြွလှုပ်ရှားနေသည်။ အမျိုးသားရေး လှုပ်ရှားမှုများကို ခေါင်းဆောင်နေသော အဖွဲ့အစည်းမှာ တို့ဗမာအစည်းအရုံးဖြစ်သည်။

နယ်ချဲ့ဆန့်ကျင်ရေး အမျိုးးသားလှုပ်ရှားမှုများသည် ၁၃ဝဝ ပြည့် အရေးတော်ပုံတွင် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပေသည်။

ထိုကာလသည် လွတ်လပ်ရေး စိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ အနိုးကြားဆုံး၊ အတက်ကြွဆုံး၊ အပြင်းထန်ဆုံးသောကာလလည်း ဖြစ်သည်။

ရေနံမြေသပိတ်တပ် ခရီးရှည်ချီတက်ခြင်း၊ လယ်သမားတပ် ရန်ကုန်သို့ချီတက်ခြင်း၊ ကျောင်းသားများ အတွင်းဝန်ရုံးကိုဝိုင်း၍ ဆန္ဒပြခြင်း၊ မန္တလေးတွင် လူထုစီတန်းလမ်းလျှောက် ဆန္ဒပြ ကန့်ကွက်ခြင်း၊ ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ်များ၊ အထွေထွေသပိတ်ကြီး စသော လှုပ်ရှားမှုများသည် တပြည်လုံးတွင် ပွက်ပွက်ဆူနေတော့သည်။

နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု ပြင်းထန်သလောက် နယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုကလည်း ပြင်းထန် သည်။

အင်္ဂလိပ်နယ်ချဲ့သမား၏ လက်နက်အားကိုး အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ဗိုလ်အောင်ကျော်၊ မန္တလေးအာဇာနည် ၁၇ ဦး၊ အာလံဗိုလ်ဗဖိုး တို့ ကျဆုံးခဲ့ရသည်။ ရေနံမြေသပိတ်နှင့် အတွင်းဝန်ရုံး ဝိုင်းဆန္ဒပြသော ကျောင်းသူကျောင်းသားများအား မြင်းနှင့်တိုက်၊ တုတ်နှင့်ရိုက်သဖြင့် သပိတ်တပ်သား များနှင့် ကျောင်းသူကျောင်းသားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ သပိတ်ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခဲ့သည်။

ဤကဲ့သို့ အင်္ဂလိပ်နယ်ချဲ့သမားက ရက်ရက်စက်စက် အကြမ်းဖက်ဖိနှိပ်သော်လည်း ပြည်သူ တို့သည် နောက်တွန့်မသွားကြပေ။ ဖိလေကြွလေ ဆိုသကဲ့သို့ ဖိနှိပ်မှုကြားထဲကပင် ပြည်သူတို့၏ ဆန့်ကျင်တိုက်ခိုက်မှုကြောင့် နယ်ချဲ့အလိုတော်ရိ ဒေါက်တာဗမော် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားခဲ့ သည်။

၉၁ ဌာနအုပ်ချုပ်ရေး၏ နန်းရင်းဝန် (ဝန်ကြီးချုပ်) ဒေါက်တာဗမော်အစိုးရ ပြုတ်ကျသွားသော် လည်း အင်္ဂလိပ်နယ်ချဲ့သမားသည် မိမိ၏အုပ်စိုးမှုကိုကား လက်မလွှတ်ပေ။ လက်နက်နှင့် ထိန်းသိမ်း ကာကွယ်ထားသည်။

ဒေါက်တာဘမော်အစိုးရနေရာတွင် နောက်ထပ်အလိုတော်ရိတစ်ဦးဖြစ်သော ဦးပု ညွန့်ပေါင်း အစိုးရဖြင့် အစားထိုးကာ ၉၁ဌာနအုပ်ချုပ်ရေးကို သက်ဆိုးရှည်စေခဲ့သည်။

ဤတွင် လွတ်လပ်ရေး တိုက်ပွဲဝင်သူများသည် ၁၃ဝဝ ပြည့်အရေးတော်ပုံမှ သင်ခန်းစာ တစ်ရပ်ကို ရရှိလိုက်ကြသည်။ ထိုသင်ခန်းစာကား “လွတ်လပ်ရေးကို နိုင်ငံရေးတိုက်ပွဲ၊ လူထုတိုက်ပွဲ ချည်းသက်သက်ဖြင့် မရနိုင်၊ လက်နက်ကိုင်တိုက်ပွဲနည်းအားဖြင့်သာလျှင် ရနိုင်မည်”ဟူ၍ ဖြစ်ပေသည်။

အင်္ဂလိပ်အခက် ဗမာ့အချက်

၁၃ဝဝ ပြည့်အရေးတော်ပုံသည် ကျွန်တော်အား နိုင်ငံရေးမျိုးစေ့ ချပေးလိုက်သည်။

ကျွန်တော်သည် ၁၃ဝဝ ပြည့် အရေးတော်ပုံအပြီးတွင် သခင်နာမည်ခံယူကာ နိုင်ငံရေးနယ်ထဲ သို့ လုံးလုံးဝင်လိုက်တော့သည်။

အရေးတော်ပုံကာလက ရေနံမြေသပိတ်တပ်များ၊ လယ်သမားတပ်များကို ကြီးမှူးအုပ်ချုပ်ရန် ဗိုလ်များအလိုရှိနေရာ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက်စနစ်အရ ခေါင်းဖြုတ်ခံရသော ဗိုလ်များနေရာတွင် အစားတက်လိုသော သခင်၊ သခင်မများ အမြန်ဆုံး စာရင်းသွင်းရန် ဌာနချုပ် တို့ဗမာအစည်းအရုံးက ကြေညာလိုက်သည်။

ထိုကြေညာချက်အရ ကျွန်တော်သည် အသေခံတပ်ဗိုလ် စာရင်းသွင်းလိုက်သည်။ မကြာမီ ဌာနချုပ်မှ တာဝန်ပေးရန်ခေါ်ယူလိုက်သဖြင့် ဖျာပုံမှဌာနချုပ် တို့ဗမာအစည်းအရုံးသို့ လာခဲ့ရသည်။ ဌာနချုပ်သို့ရောက်သောအခါ အနယ်နယ်အရပ်ရပ်မှရောက်ရှိနေသော အခြား အသေခံတပ်ဗိုလ်များနှင့် အတူ သပိတ်တပ်များကို ကြိုဆိုနေရာချထားခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ ရပ်ကွက်တရားပွဲများတွင် လှုံ့ဆော်ရေးတရားဟောခြင်း စသော သပိတ်တာဝန်များကို အရေးတော်ပုံကြီးပြီးဆုံးသည်အထိ ထမ်းဆောင်ခဲ့ရသည်။

အရေးတော်ပုံကြီး ပြီးဆုံးသွားသောအခါ ဖျာပုံသို့ ရုတ်တရက် မပြန်သေးဘဲ ဌာနချုပ် ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များနှင့်တွေ့ပြီး မြန်မာ့လွတ်လပ်ရေးအတွက် ရှေ့လုပ် ရမည့်လုပ်ငန်းများကို ဆွေးနွေးမေးမြန်းသည်။ ခေါင်းဆောင်များ၏ အဓိကဆွေးနွေးချက်မှာ ဗမာ့ လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရေးပင်ဖြစ်သည်။

ကျွန်တော်သည် ခေါင်းဆောင်များ၏ လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကိုလက်ခံပြီး ဤအမြင်၊ ဤခံယူချက်ဖြင့် ဖျာပုံသို့ပြန်လာခဲ့သည်။

ဖျာပုံသို့ရောက်သောအခါ လုပ်ဖော်ကိုင်ဖက်များဖြစ်သော ကိုလှသောင်း(ဆရာဇော်ဂျီ၏ညီ)နှင့် ကိုမြလှိုင်(ကျောင်းသား အာဏရှင် ကိုလှရွှေ၏ညီ)တို့လည်း သခင်နာမည်ခံယူကာ နိုင်ငံရေးနယ်ထဲ ရောက်နေသည်ကို တွေ့ရသည်။

ကျွန်တော်တို့တစ်တွေမှာ ကျောင်းသားဘဝကတည်းက ကျောင်းသားသမဂ္ဂလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်ခဲ့သူများ ဖြစ်သည်။ ၁၃ဝဝ ပြည့်အရေးတော်ပုံကာလတွင် အသေခံ တပ်ဗိုလ်အဖြစ် ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့သလို ကိုမြလှိုင်တို့မှာ ဖျာပုံကျောင်းသားသပိတ်ကို ခေါင်းဆောင်ခဲ့ကြလေသည်။

နိုင်ငံတာဝန်အရ အခိုက်အတန့်အားဖြင့် လူချင်းကွဲနေခဲ့ကြရာမှ ယခုပြန်တွေ့ရသောအခါ ဝမ်းသာအားရဖြစ်ရသည်။

ကျွန်တော်တို့သည် စိတ်တူသဘောတူရှိသူများနှင့် ညှိနှိုင်းဆွေးနွေး၍ ဖျာပုံမြို့ တို့ဗမာအစည်း အရုံးကို ဖွဲ့စည်းလိုက်ကြသည်။

သခင် ဦးအာစရ၊ သခင် ဦးကေသလ္လတို့အား နာယကများအဖြစ်တင်မြှောက်၍ ဥက္ကဋ္ဌ သခင်စံဦး (အမိန့်တော်ရရှေ့နေ)၊ အတွင်းရေးမှူး သခင်မြလှိုင်၊ ငွေထိန်း သခင်ထွန်းမောင် (အမိန့်တော်ရရှေ့နေ)၊ ဝါဒဖြန့်ချိရေးမှူး သခင်အုန်းမောင်၊ အလုပ်သမားဌာနမှူး သခင်အေးမောင်၊ လယ်သမားဌာနမှူး သခင်ဘကျော့၊ စည်းရုံးရေးမှူး သခင်လှသောင်း၊ လက်ရုံးတပ် သခင်ကျော်သောင်းတို့ကို ရွေးချယ်တာဝန်ပေးလိုက်လေသည်။

အမှုဆောင်အများစုမှာ လူငယ်များဖြစ်ပြီး လွတ်လပ်ရေးကို လက်နက်နှင့်တိုက်မှရမည် ဆိုသော သဘောထားအမြင် ရှိသူများဖြစ်ကြသည်။ နိုင်ငံရေးလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်းများ လုပ်ရာ တွင် အားလုံး တက်တက်ကြွကြွရှိကြသည်။

ဖျာပုံ တို့ဗမာအစည်းအရုံးနှင့် ဖျာပုံကျောင်းသားသမဂ္ဂတို့မှ ခေါင်းဆောင်များသည် ၁၃ဝဝ ပြည့်အရေးတော်ပုံကာလအတွင်းတွင် ပေါ်ထွက်လာသော ခေါင်းဆောင်များဖြစ်ကြသဖြင့် လွတ်လပ်ရေးလုပ်ငန်း၊ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများတွင် စိတ်သဘောထားချင်း၊ ကွဲပြားမှုမရှိ ညီညွတ်မှု ရရှိကြသည်။

၉၁ ဌာနအုပ်ချုပ်ရေး တိုက်ဖျက်ရေးနေ့ (ဧပြီလ ၁ ရက်)၊ ဦးဝိစာရနေ့ (တော်သလင်းလဆုတ် ၃ရက်)၊ ပါတော်မူနေ့ (တန်ဆောင်မုန်းလဆုတ် ၈ ရက်)၊ အမျိုးသားအောင်ပွဲနေ့ (တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်) များတွင် အတူပူးတွဲဆောင်ရွက်ကြသဖြင့် အောင်မြင်မှုများ ရရှိခဲ့သည်။

ဒုတိယကမ္ဘာစစ် စပြီ

၁၉၃၉ ခု စက်တင်ဘာလ ၃ ရက်နေ့၊ ထိုနေ့တွင် ဥရောပ၌ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွား လေသည်။

ဤစစ်ကြီးမှာ နယ်ချဲ့အင်္ဂလိပ်၊ ပြင်သစ်က တစ်ဖက်၊ နာဇီဂျာမနီက တစ်ဖက်။ နယ်ချဲ့သမား ချင်းဖြစ်ကြသော နယ်ချဲ့စစ်ပွဲဖြစ်သည်။ နှစ်ဦးစလုံးသည် နယ်ချဲ့ရည်ရွယ်ချက်၊ နယ်ချဲ့အကျိုးစီးပွား အတွက်တိုက်နေကြသော စစ်ပွဲဖြစ်သဖြင့် လက်အောက်ခံ ကိုလိုနီနိုင်ငံသားများနှင့်ကား မည်သို့မှ မသက်ဆိုင်ပေ။

ထိုကြောင့် ဤနယ်ချဲ့စစ်ပွဲကြီးကို လူအား ငွေအားဖြင့် မကူညီရေး၊ စစ်ဆန့်ကျင်ရေး၊ အာဏာဖီဆန်ရေးတို့ကို တို့ဗမာအစည်းအရုံးက ဟောပြောဝါဒဖြန့်သည်။ စစ်မကူညီရေး၊ စစ်ဆန့်ကျင် ရေးသာမဟုတ်၊ စစ်ကြောင့် အင်္ဂလိပ်နယ်ချဲ့သမား အကျပ်အတည်းဆိုက်နေစဉ် အင်္ဂလိပ်အကျပ် အတည်းကို အခွင့်ကောင်းယူ၍ မိမိတို့လွတ်လပ်ရေးကို အရယူကြရန်လည်း လှုံ့ဆော်သည်။

ဤတွင် “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုသောဆောင်ပုဒ်မှာ လွပ်လပ်ရေးတိုက်ပွဲဝင်သူများ ၏ ကြွေးကြော်သံဖြစ်လာသည်။ “နယ်ချဲ့စစ်ကို ပြည်တွင်းစစ်အဖြစ်သို့ ပြောင်းပစ်” ဆိုသော ကြွေးကြော်သံသည် လွတ်လပ်ရေးတိုက်ပွဲဝင်သူများအတွက် အလုပ်လမ်းညွှန်ဖြစ်လာသည်။

ကျွန်တော်တို့သည် ကမ္ဘာစစ်ကြီးကိုမလိုလားသော်လည်း စစ်ကြီးဖြစ်လာသောအခါ ကျွန်တော် တို့တိုင်းပြည် လွတ်လပ်ရေးအတွက် အခါကောင်းကြုံခြင်းပင်ဖြစ်သည်ဟု သဘောထားကာ စိတ်အား တတ်ကြွနေကြသည်။

ပထမကမ္ဘာစစ်တုန်းက ရုရှားပြည်သူတို့သည် နယ်ချဲ့စစ်ကို ပြည်တွင်းစစ်အဖြစ်ပြောင်းပစ်ကာ ဆိုဗီယက်အာဏာကို အရယူလိုက်ကြသည်။ အိုင်ယာလန်သည် ပထမကမ္ဘာစစ်တွင် အင်္ဂလိပ် အကျပ် အတည်းကို အခွင့်ကောင်းယူ၍ လွတ်လပ်ရေးကို အရယူခဲ့သည်။

ဤအဖြစ်အပျက်များကို သင်ခန်းစာယူပြီး ကျွန်တော်တို့လည်း ဤစစ်ကြီးတွင် အင်္ဂလိပ် အကျပ်အတည်းကို အခွင့်ကောင်းယူ၍ မိမိတို့ လွတ်လပ်ရေးကို အရယူမည်ဟု စိတ်ပိုင်းဖြတ်ထား ကြလေသည်။

ဗမာ့ထွက်ရပ်ဂိုဏ်း

တို့ဗမာအစည်းအရုံးသည် “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုသော ဆောင်ပုဒ်နှင့်အညီ စစ်ကို အခွင့်ကောင်းယူ၍ လွတ်လပ်ရေးကိုအရယူရန် လွတ်လပ်ရေးအင်အားစုများကို စုစည်းလေသည်။ တို့ဗမာအစည်းအရုံးနှင့် ဆင်းရဲသားဝံသာနုအဖွဲ့တို့ပူးပေါင်း၍ ထွက်ရပ်ဂိုဏ်းဖွဲ့စည်းခြင်း၊ ဗမာ့လက်ရုံးတပ်၊ ကျောင်းသားသံမဏိတပ်၊ ရဲတပ်၊ မြို့မအပျော်တမ်းတပ်၊ အမျိုးသားသူနာပြုတပ်တို့ ပူးပေါင်း၍ အမျိုးသား ကာကွယ်ရေးအဖွဲ့ချုပ် ဖွဲ့စည်းခြင်း၊ လက်နက်ကိုင်တော်လှန်ရေးအတွက် မြေအောက်တော်လှန်ရေးအဖွဲ့ (Underground Unit) ဖွဲ့ခြင်း၊ တို့ဗမာအစည်းအရုံးက သာယာဝတီ ညီလာခံကျင်းပကာ စစ်မကူရေး၊ စစ်ဆန့်ကျင်ရေး၊ အာဏာဖီဆန်ရေးကို ဆုံးဖြတ်၍ လွတ်လပ်ရေးကို တောင်းဆိုခြင်းတို့ဖြင့် နိုင်ငံရေးလက္ခဏာသည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖြစ်ပေါ်လာနေသည်။ ဥရောပစစ်မျက်နှာတွင် အင်္ဂလိပ်၊ ပြင်သစ်တို့ စစ်အရှုံးကြီး ရှုံးနေသည်။

နာဇီဂျာမနီသည် စစ်စဖြစ်ကတည်းက လျှပ်တစ်ပြက်စစ်ဆင်ရေးဖြင့် တရစပ်တိုက်ခိုက်ရာ ၁၉၄၁ ခု ဧပြီ၊ မေ၊ ဇွန်လများတွင် ဒိန်းမတ်၊ နော်ဝေး၊ ဘဲလ်ဂျီယံ၊ ဟော်လန်၊ လူဇင်ဘတ်၊ ပြင်သစ် စသော နိုင်ငံများသည် တစ်နိုင်ငံပြီး တစ်နိုင်ငံ နာဇီဂျာမနီလက်အောက်သို့ ကျရောက်ကုန်ကြသည်။ ပြင်သစ်ပြည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဒန်းကပ်မြို့မှ အင်္ဂလိပ်၊ ပြင်သစ် စစ်သားများသည် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်၍ အင်္ဂလန်ကျွန်းသို့ ဒရောသောပါး ဆုတ်ခွာခဲ့ရသည်။

ပြင်သစ်ပြည်ကျဆုံးပြီးနောက် နာဇီဂျာမနီသည် သူ၏စစ်မြားဦးကို အင်္ဂလန်ဘက်သို့လှည့် လိုက်လေသည်။ အင်္ဂလန်ကိုတိုက်ရန်အတွက် လန်ဒန်မြို့ကို လေကြောင်းမှနေ၍ နေ့ရောညပါ အဆက်မပြတ် ဗုံးကြဲနေသည်။

အင်္ဂလိပ်သည် သူ၏မဟာမိတ် ပြင်သစ်ကျဆုံးသွားသောအခါ မဟာမိတ်မရှိသလောက်ဖြစ် သွားသည်။ ဂျာမနီ၏ရန်ကို သူတစ်ဦးတည်း ခုခံကာကွယ်နေရသည်။ အင်္ဂလိပ် ဂျာမနီစစ်ပွဲတွင် မိမိတို့သာရှုံးနိမ့်သွားပါက မိမိတို့၏ကိုလိုနီများသည်လည်းကောင်း၊ ဗြိတိသျှ အင်ပါယာကြီးသည် လည်းကောင်း ပျက်စီးဆုံးရှုံးသွားရမည့်အရေးကို အင်္ဂလိပ်တို့ စိုးရိမ်နေကြသည်။

ထို့ကြောင့် အင်္ဂလန်မကျဆုံးရေးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေရာ အင်္ဂလန်ကို မိမိတစ်ဦးတည်း အသေအလဲ ခုခံကာကွယ်နေရသည်။ အင်္ဂလိပ် စစ်ရေးရှုံးနိမ့်နေရသောအချိန်သည် ဗမာ့လွတ်လပ်ရေးအတွက် အရေးကြီးသောအချိန်ဖြစ်သည်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆို သလို အင်္ဂလိပ်အကျပ်ဆိုက်လေ၊ လက်နက်ကိုင်တော်လှန်ရေးအတွက် အခါကောင်းဆိုက်လေဟု သဘောထားကာ လက်နက်ကိုင်တိုက်ပွဲအတွက် ခြေလှမ်းသွက်သွက်ဖြင့် လှုပ်ရှားလာကြသည်။

လက်နက်ကိုင်တော်လှန်ရေးကိုဦးစီးရှေ့ဆောင်ရန်အတွက် မြို့များတွင် မြေအောက်တော် လှန်ရေးအဖွဲ့(ယူနစ်)များ အလျှိုလျှိုပေါ်လာသည်။

လက်နက်ကိုင်တော်လှန်ရေးအတွက် အခြေအနေမှာ တစ်နေ့တခြား နီးကပ်လာလေပြီ။ ဤကဲ့သို့ အရေးကြီးသောအချိန်တွင် သခင်လင်း (သထုံတွင် ဂျပန်အသတ်ခံရသူ) သည် သခင်ဗဟိန်း အဆက်အသွယ်ဖြင့် ကျွန်တော်ထံ ရောက်လာသည်။ ဖျာပုံတွင် မြေအောက်တော်လှန်ရေးအဖွဲ့ (ယူနစ်) ဖွဲ့ရန် ဖြစ်သည်။

အင်္ဂလိပ်အစိုးရသည် လွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ကြသော သခင်ခေါင်း ဆောင်များ၊ ထွက်ရပ်ဂိုဏ်း ခေါင်းဆောင်များကို အရမ်းကာရော ဖမ်းဆီးထောင်ချနေသည်။ ဘုရင်ခံ၏ တစ်ချက်လွှတ် ဥပဒေဖြစ်သော ပုဒ်မ ၂၆ ကိုလည်း ထင်သလို သုံးနေသည်။

အဖမ်းမခံရသေးသူများသည်လည်း လွတ်လပ်ရေးလုပ်ငန်းများကို ပြောင်ပြောင်တင်းတင်း မလုပ်နိုင်တော့ဘဲ ပုန်းလျှိုးကွယ်လျှိုး လုပ်နေရသည်။ အချို့မှာ မြေအောက်လျှိုးသွားကာ လျှို့ဝှက်ရေး လုပ်ငန်းများကို လုပ်နေရသည်။

ဤအခြေအနေတွင် သခင်လင်းမှာလည်း အင်္ဂလိပ်အစိုးရက ဖမ်းဆီးမည့်စာရင်းထဲတွင် ပါနေသူတယောက်ဖြစ်နေသောကြောင့် အထူးသတိထားပြီး လျှို့ဝှက်စွာ သွားလာလှုပ်ရှားနေရသည်။ နိုင်ငံရေးသမားမှန်း သခင်လင်းမှန်း မသိအောင် ရုပ်ဖျက်ထားရသည်။ နာမည်ကို ဦးစံဦးဟု ပြောင်းထား သည်။ ဝတ်စားဆင်ယင်ပုံကိုလည်း ပြောင်းလဲထားသည်။ ပင်နီပေါ်အင်္ကျီအစား သက္ကလက်တိုက်ပုံ အင်္ကျီ၊ ချည်လုံချည်အစား ဘန်ကောက်လုံချည်ကို ဝတ်ထားသည်။ ရွှေမျက်မှန်တပ်ပြီး ညှပ်ဖိနပ်အစား ရှူးဖိနပ်စီးထားသည်။ ဗြုန်းခနဲကြည့်လိုက်လျှင် သခင်လင်းမှန်း မသိရ၊ စက်သူဋ္ဌေးလိုလို ကုန်သည်လို လို ထင်ရသည်။

သခင်လင်းကို ကျွန်တော့်ဦးလေးတော်စပ်သူ ဦးသိန်းမောင်(တယော)အိမ်သို့ ပြောင်းရွှေ့ထား လိုက်သည်။ တယောဦးသိန်းမောင်အိမ်မှာ ကွက်သစ်ပိုင်းရှိ လူအသွားအလာပြတ်သော နေရာဖြစ် သဖြင့် လုံခြုံစိတ်ချရသည်။

ကျွန်တော်တို့ကိုလည်း ပုလိပ်က မျက်စိဒေါက်ထောက်ပြီး ကြည့်နေသောအချိန်ဖြစ်သဖြင့် သခင်လင်းနှင့် ကျွန်တော်တို့ ဆက်သွယ်ဆွေးနွေးမှုကို ညညများတွင်မှ စီစဉ်ဆောင်ရွက်ရသည်။ ဖျာပုံမြေအောက်တော်လှန်ရေးအဖွဲ့ ဖွဲ့ရန် ဆွေးနွေးကြသည်။ သခင်ချည်းပါသော အဖွဲ့အစည်း မဖြစ်စေဘဲ ကျယ်ပြန့်သော အဖွဲ့တခုဖြစ်ရန်လိုကြောင်း သခင်၊ ကျောင်းသားနှင့် တစ်သီးပုဂ္ဂိုလ်များ ပါရန်လိုကြောင်းများကို သခင်လင်းက ရှင်းပြသည်။ ထို့အပြင် မြေအောက်တော်လှန်ရေးအဖွဲ့တွင် ပါဝင်မည့်သူများသည် လက်နက်ကိုင်တော်လှန်ရေးအတွက် ယုံကြည်စိတ်ချရသူများ ဖြစ်ဖို့လိုကြောင်း ကို မှာကြားသည်။

ဖျာပုံမြေအောက်တော်လှန်ရေးအဖွဲ့

ဗဟိုမြေအောက် တော်လှန်ရေးအဖွဲ့၏ ညွှန်ကြာချက်များအတိုင်း ကျွန်တော်တို့သည် ဖျာပုံမြေအောက်တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြသည်။ ထိုအဖွဲ့တွင်

၁။ဦးလှအောင် (ကွယ်လွန် တစ်သီးပုဂ္ဂလ၊ နောင်ဖျာပုံဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ) ၂။ သခင်အုန်းမောင် (တို့ဗမာအစည်းအရုံး) ၃။ သခင်မြလှိုင် (တို့ဗမာအစည်းအရုံး) ၄။ ကိုကျော်သိန်း (ကျောင်းသားသမဂ္ဂ) ၅။ ကိုစိန်လှိုင် (ကိုဋ္ဌေးမြိုင်) (ကျောင်းသားသမဂ္ဂ) ၆။ ကိုတင်အောင် (ကျောင်းသားသံမဏိတပ်) တို့ပါဝင်သည်။

မြေအောက်တော်လှန်ရေးအဖွဲ့များကို နောင်တွင် ယူနစ်ဟု ခေါ်ကြသည်။ ယူနစ်ဖွဲ့ပြီးနောက် သခင်လင်းက ကျွန်တော်တို့အဖွဲ့အား နိုင်ငံရေးအခြေအနေများကို ရှင်းပြသည်။ လွတ်လပ်ရေးအတွက် နိုင်ငံခြား အဆက်အသွယ်ရှာဖွေခဲ့ရာ ယခုအခါ သခင်အောင်ဆန်းနှင့် ကျောင်းသားခေါင်းဆောင်များ ဂျပန်ပြည်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ဂျပန်က မြန်မာ့လွတ်လပ်ရေးအတွက် ငွေ၊ လက်နက်များ အကူအညီပေးမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်ကို ပြည်တွင်းမှတော်လှန်ရန် မျိုးချစ်လူငယ်များကို ဂျပန်သို့ခေါ်ယူ၍ စစ်ပညာသင်တန်းများပေးမည်ဖြစ်ကြောင်း၊ စစ်သင်တန်းတက်ပြီးသော မျိုးချစ် လူငယ်များကို မြန်မာပြည်သို့ပြန်လွှတ်ပေးပြီး အတွင်းသူပုန်ထရန် စီစဉ်စိုင်းပြင်းမည်ဖြစ်ကြောင်း များကို သခင်လင်းက အသံခပ်တိုးတိုးဖြင့် ပြောပြသည်။

ကျွန်တော်တို့အားလုံး စိတ်ဝင်စားကြသည်။ စိတ်အားတက်ကြွလာကြသည်။ စင်စစ် ကျွန်တော်တို့သည် တော်လှန်ရေးအကြောင်းများကို ပြောနေရသော်လည်း လက်ထဲတွင် လက်နက် တစ်လက်မှ မရှိသေး။ လက်နက်ကိုင်တော်လှန်ရေး တစ်ရပ်တွင် လက်နက်သည် အဓိကလိုဖြစ်နေရာ လက်နက်မရှိဘဲနှင့် ကျွန်တော်တို့ထက် လက်နက်အင်အားကြီးမားသော အင်္ဂလိပ်ကို မည်သို့တော် လှန်ကြမည်နည်း။ ဤလက်နက်ပြဿနာမှာ ကျွန်တော်တို့ခေါင်းထဲတွင် မရှင်းမလင်း ဖြစ်နေသည်။

ဂျပန်က လက်နက်အကူအညီပေးမည်ဟုသိရမှ စိတ်ကြည်လင် အားတက်လာမိကြသည်။ မြန်မာ့လွတ်လပ်ရေးအတွက် အလင်းရောင်ကို လက်ခနဲမြင်လိုက်ရသလို ခံစားမိကြရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts