>Kyi Mwae Eain’s short story 01

>

ဆင်ခြေဖုံးဆက်တင်
ကြည်မွေ့အိမ်
အောက်တိုဘာ ၂၁


အိမ်မွေးဘဲငန်းတစ်အုပ်၏ ဂူးဂူးဂဲဂဲ အော်မြည်သံကြောင့် စိတ်အနှောင့်အယှက်ဖြစ်လှစွာ အိပ်ယာမှ နိုးထခဲ့ရသော နံနက်ခင်းပေါင်းများစွာကို သူမ ပိုင်ဆိုင်ရလေ့ရှိပါသည်။ မကျေမနပ် ဖြစ်ရတတ်သော်လည်း ဘယ်သူ့ဘယ်သူကို အပြစ်ရှာလက်ညှိုးထိုး၍ ရမယ်ရှာရမည် မသိတတ်နိုင်သောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ္တုချတရားပြပြီး စကားလုံးများစွာကို ပြန်မျိုချခဲ့ရသော နေ့ရက်ပေါင်းလည်း များခဲ့ပေပြီ။

သူမတို့ရပ်ကွက်သည် လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက် ဖြစ်သဖြင့် ဆိုက္ကားနင်းစားသူများ၊ ဆိတ်၊ ဝက်မွေးသူများ၊ ဘဲငန်းမွေးသူများ၊ စက်ရုံအလုပ်သမားများ၊ အထမ်းသမားများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် နေ့စားလိုက်သော အလုပ်သမားများ၊ ကြုံရာကျဘမ်း အိမ်သာကျင်းတူး အလုပ်သမားများ၊ သစ်ပင်ခုတ်၊ အုန်းပင်တက်သည့် အလုပ်သမားများ ပေါများသော ရပ်ကွက်ဖြစ်ပေရာ စာတတ်ပေတတ် စာရေးစာချီဝန်ထမ်းများ နည်းပါးလှပါသည်။

ကလေးများနှင့် ခွေးလေခွေးလွင့်များ ပေါများလှ၏။ မိုးလင်းတာနှင့် ကလေးငိုသံ၊ ဆူသံ၊ ဆဲသံ၊ ခွေးအူသံ၊ ခွေးဟောင်သံ၊ ဘဲငန်းအော်သံ အစရှိသဖြင့် အသံမျိုးစုံတို့က နံနက်ခင်းနေထွက်တာနှင့်အပြိုင် အလုအယက် တိုးထွက်လာတတ်ကြ၏။ သူမတို့အိမ်နှင့် မျက်နှာချင်းဆိုင် အိမ်သားစုများကတော့ ပထွေးနှင့် မယားပါသားနှစ်ယောက်က အငှားဆိုက္ကားနင်းစားကြသူများဖြစ်ပြီး မိခင်ဖြစ်သူက အမဲသားတုတ်ထိုး ရောင်းပါသည်။ ပထွေးနှင့် နောက်ထပ်ရသော ကလေးလေးယောက်အပါအဝင်၊ မယားပါ သားအကြီးဖြစ်သူက တလောကပင် လူပျိုဘော်ဝင်ကာ ဟိုတလောဆီကပင် မိန်းမ ခိုးလာပြီး စုစုပေါင်း လူဦးရေ ကိုးယောက်တို့သည် ထို တဲသာသာ အိမ်ပုတ်အိမ်စုတ်ကလေး၌ စုပြုံတိုးဝှေ့ နေထိုင်ကြသည်ဖြစ်ရာ နေ့နေ့ညည အသံဗလံများက စဲသွားသည်ဟူ၍မရှိချေ။ ကလေးငိုသံ၊ အရက်မူးပြီးလင်မယား အချင်းများသံ၊ မယားပါသားများနှင့် ပထွေးဖြစ်သူတို့၏ အပြန်အလှန် စော်ကားပုတ်ခတ် အော်ဟစ်သံ၊ ကန်ကျောက်ထုရိုက်ကာ ငိုယိုအော်ဟစ်သံများဖြင့် သူမ၏ နံနက်ခင်းအိပ်ယာထချိန်ကို မသာမယာဖြစ်အောင် ပထမဦးဆုံး ဖျက်ဆီးပစ်သော မိသားစု စာရင်းဝင်များလည်းဖြစ်ကြပေသေး၏။

မျက်စောင်းထိုးအိမ်ဆီကတော့ မူဆလင် ကုလားမိသားစုများ နေထိုင်ကြပါသည်။ သူတို့အလုပ်ကား စက်ဘီးပြင်၊ ဆိုင်ကယ်ပြင်သောအလုပ်ဖြစ်လေသည်။ အိမ်ထောင်စုသုံးစု စုပေါင်းနေထိုင်ကြသော အနှီတဲကုပ်ကုပ်ကို အိမ်ရှေ့ခြံစည်းရိုးထိပ်အရောက် အဖီချထားကာ တစ်အိမ်ထဲတွင် လူ ဆယ့်ငါးခြောက်ဦး နေထိုင်ကြသည့်အပြင်၊ တစ်နေ့တစ်နေ့ နားကွဲလုမတတ် ဆိုင်ကယ်စက်နှိုးသံ တဝူးဝူး၊ တူထုသံ၊ ပလာယာဖြင့် တဗျန်းဗျန်းရိုက်နေသံ၊ လမ်းမပေါ်ထွက်ပြီး ကြွားဝါသံ၊ အချင်းများသံ၊ ကလေးတပြုံတမ အော်ခေါ်သံ၊ သူတို့ကုလားလို တရစပ် တဗျိဗျိနှင့် ဖလူးဖလူး ပြောသံ၊ အရပ်ကို ရေဝေသဖြင့် နေ့နေ့ညည မီးစက်သံ တထုန်းထုန်းသံများကလည်း စိတ်နောက်ကျုဖွယ် နံနက်ခင်းကို ပုံဖော်ဆောင်သူများအဖြစ် ပါဝင်ပတ်သက်လျက် ရှိပေသေး၏။

ခေါင်းရင်းတစ်အိမ်ကျော်ဆီကတော့ ဘဲငန်းမွေးသော မိသားတစ်စု နေထိုင်ကြပါသည်။ လင်ဖြစ်သူက အသက်ငါးဆယ်ကျော်၊ မယားဖြစ်သူက ခုနှစ်ဆယ်နား ကပ်နေပြီဖြစ်သည့် ဆံဖြူအဖွားကြီးဖြစ်ပါ၏။ လင်ဖြစ်သူက ယခင်က လယ်သမား ဖြစ်သော်လည်း ယခုမူဆိုက္ကားသမား အဖြစ် နေ့တွက်ကိုက်လျက် နေပေပေသည်။ မယားဖြစ်သူ အဖွားကြီးက နေ့စဉ်လိုလို ခမောက်စုတ်တစ်လုံးဆောင်းကာ လည်တံရှည် ဘဲငန်းတစ်အုပ်ကိုတုတ်ရှည်တစ်ချောင်းဖြင့် တို့ကာယမ်းကာ ရပ်ကွက်အစွန် ကွင်းပြင်အစပ် ရေကန်ရှိရာသို့ ထိန်းကျောင်းမောင်းနှင်ကာ ဘဲကျောင်း ထွက်ရသူတည်း။ သူ့ဘဲငန်းတစ်အုပ်၏ ဆူသံကား တစ်ရပ်ကွက်လုံး နားမခံသာအောင် ဆိုးဝါးလွန်းလှပေ၏။ သားတစ်ယောက် သမီးတစ်ယောက် မွေးထားကာ သမီးဖြစ်သူမှာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ဖော်ရလေသေး၏။ သားဖြစ်သူ ခြေသလုံး အိမ်တိုင်သမားကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ် ဖြစ်ရင်းကနေ မိန်းမလိုချင်လှချည်ရဲ့ ဆိုလို့ မိဘနှစ်ပါးမှာ ဘာကြာသေးလ၊ဲ တစ်လလား ရှိသေးတာ၊ အကြွေးတင်ခံပြီး အိုးနင်းခွက်နင်း မင်္ဂလာဆောင်ပေးလိုက်ရသေးသည်လေ။

လက်ကြောခြေကြော မတင်းသည့်ကောင်က ဘယ်လိုမိန်းမပျင်းမျိုးကို ရွေးယူခဲ့သည်တော့ မသိ။ ဖခင်ဖြစ်သူ ဆိုက္ကားနင်းရာမှ မောမောပမ်းပမ်း ပြန်လာ၊ ရေထမ်းဖြည့်၊ ထိုထမ်းဖြည့်ထားသောရေကို လင်မယားနှစ်ယောက် အခန့်သားချိုးပြီး အလှပြင်ကာ လက်ဖက်ရည်ဆိုင်ထွက်ထိုင် မအေက ဘဲကျောင်းရာမှပြန်လာ၊ နေမြင့်မှ ချက်ပြုတ်ပြင်ဆင် ခူးခပ်သောထမင်းကို အရံသင့်စားကာ အေးအေးလူလူ ဇိမ်ယူနေကြသဖြင့် အစ်မဖြစ်သူ အထည်ချုပ် အလုပ်သမက မခံနိုင်ရာမှ အော်ကြဟစ်ကြ၊ ဆဲကြဆိုကြ၊ ဆူကြပွက်ကြ၊ ရိုက်ကြပုတ်ကြနှင့် လူတွေကလည်း တပြူးပြူးတပြဲပြဲ၊ ဘဲငန်းတွေကလည်း တဂူးဂူး တဂဲဂဲနှင့် ရပ်ကွက်ထဲ နောက်ထပ် စည်ပင်ဝပြောစရာ ဇာတ်ဝင်ခန်းတစ်ခု
လည်း ဖြစ်ပေသေးသည်။

သူမတို့ ခြေရင်းအိမ်ဆီကတော့ သားဖြစ်သူခမျာ နည်းနည်း လည်လည်ဝယ်ဝယ်ဆိုတော့ အိမ်မှာ ဘက်ထရီအားသွင်းခြင်း၊ မီးစက်တစ်လုံးဝယ်၊ ရေခဲသေတ္တာ ဝယ်ပြီး ရေခဲထုပ် ထုပ်ရောင်းကာ ဆိုင်ကယ်တဖုတ်ဖုတ်နှင့် ရပ်ကွက်ထဲမှာ မီးအလင်းနိုင်ဆုံးအိမ်အဖြစ် စာရင်းပေါက်နေပြီး နေ့ရောညပါ တဟီးဟီး တဟားဟား ဗီဒီယိုတဝါးဝါးနှင့် ကြွားကြွားရွားရွား နေနိုင်သူများ ဖြစ်ကြ၏။

ဒီဘက်မျက်စောင်းထိုးယွန်းယွန်းအိမ်ဆီကတော့ ကုန်စိမ်းသည်လင်မယား၊ ကုလားဗုဒ္ဓဘာသာဝင် မိသားစု နေထိုင်ကြသည်။ အဖွားအိုတစ်ယောက်၊ သမီးကလေးတစ်ယောက်ရှိပြီး ဈေးကြီးထဲမှာ ကုန်စိမ်းဘန်းနှင့် ပျံကျရောင်းကြပြီး သူတို့ဘာသာ အေးအေးလူလူ တိတ်တိတ်ဆိတ်ဆိတ် နေကြလေ၏။ ပတ်ဝန်းကျင်ကို တယ်ပြီး ဒုက္ခမပေးလှပေ။ ဒီဘက် အရှေ့အိမ်က ကောင်မလေးကတော့ ကိုယ်လေးလက်ဝန်နှင့် တရှောင်ရှောင် ဖြစ်လို့နေ၏။ သူထမင်းစားမကောင်းတာကိုပင် မကျေမနပ်ဖြစ်ကာ တစ်ရပ်ကွက်လုံးကြားအောင် အာပြဲကြီးနှင့် စားမကောင်းဘူးဗျို့၊ နေမကောင်းဘူးဗျို့၊ လုပ်ကြပါဦးဗျို့နှင့် တစ်ချိန်လုံး ဗျို့ဟစ်နေတတ်သည့် ကလေးမ ဖြစ်ပေသည်။ သူ့ယောက်ျားလေးကတော့ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ သန်လျက်ကိုင်အဆင့် ပန်းရံဆရာဆိုလား ပြောဖူးသည်။ မိုးစုပ်စုပ်ချုပ်မှ ပြန်လာရသော လင်ဖြစ်သူခမျာမှာ မမောပမ်းအားဘဲ တစ်ချိန်လုံး သူ့အပြစ်ချည်း လက်ညှိုးထိုးရန်ရှာနေသော ကောင်မလေးကို ချော့ချည်တစ်လှည့် ခြောက်ချည်တစ်ခါ နေရသူဖြစ်၏။

ဒီဘက် အနောက်အစွန်ဆုံး အိမ်ကတော့ တော်တော့်ကိုဆိုးသည်။ ရပ်ကွက်ထဲမှာတော့ အမိုက်စားအပျံစားပင်။ လင်ဖြစ်သူနှင့်မောင်ဖြစ်သူက ရေနံမှာ ဒရဝမ်ဆိုလား ညစောင့်ဆိုလား မသိ။ ထောတယ်လို့ လူပြောသူပြောကြားရ၏။ ဟုတ်နိုင်လောက်ပေ၏။ ဘယ်လိုပုံ ဘယ်လိုနည်းနှင့် ထောတယ်တော့လည်း မဆိုနိုင်။ ညဘက်ဆိုလျှင် တစ်ညလုံးလိုလို အငြိမ့်ဖွင့် ကာရာအိုကေဆို၊ အသံသေးအသံကြောင်နှင့် ဝက်သားတုံးကြီး အဆီပြန်၊ ကြက်သားတုံးကြီး အဆီပြန် ဟေးလား မောင်ရို့ဝါးလုပ်ကာ ပတ်ဝန်းကျင်ကို အဖကမ် တန်သလိုလို၊ ဖုတ်လေသည့်ငပိ ရှိလေသည်လို့ မထင် သလိုလို ထီမထင် ဂရုမစိုက်ဘဲ နေကြသူများ ဖြစ်လေ၏။ ရပ်ကွက်ကွဲမတတ် ကျယ်လောင်ဆူညံစွာ သီချင်းဆူဆူဖွင့်ထားပေရာ တစ်ခါတစ်ခါ ဆောင့်ဆောင့်ဝင်လာသည့် နားအူဆူသံကြောင့် ဘယ်သူ့ခေါ်တာလဲ၊ဘာပြောတာလဲနှင့် အော်မကြား ခေါ်မကြား စကားမေးမရ သတင်းမေးမရနှင့် ဦးခေါင်းတို့ မူးဝေလောက်အောင် နောက်ကျုစရာကောင်းလှချေ၏။

အဲဒီနောက်ဘက်နည်းနည်းထပ်လျှောက်လိုက်မယ်ဆိုလျှင်တော့ အချိုလေး၊ အချဉ်လေး၊ မုန့်ပဲသားရေစာလေး ရောင်းတဲ့ ဈေးဆိုင်ငယ်လေးတစ်ဆိုင် ရှိသည်။ကြံလေး၊ ဇီးထုပ်လေး၊ ပဲလှော်လေး၊ နှမ်းပျစ်ယိုလေး၊ ကြက်သွန်ဥ အသေးထုပ်လေးတွေ၊ အချိုမှုန့်အထုပ်ငယ်လေးတွေ ထုပ်ပြီး ရောင်းတဲ့ဆိုင်လေးဖြစ်သည်။ တစ်ခါတရံ ဖယောင်းတိုင်လေး ဘာလေးတောင် ရနိုင်သေးသည်။ ခေတ်ဟောင်းပင်စင်စား လင်မယားနှစ်ဦးဖြစ်ပြီး အလွန့်အလွန် ကုပ်ကပ်စေးနှဲကာ ချေးထူလှသော ရုံးဝန်ထမ်းအပျိုဟိုင်းကြီး သမီးတစ်ဦးလည်း ရှိသေးလေ၏။ ငါးရာတန်တို့ နှစ်ရာတန်တို့နှင့် ချိုချဉ်မုန့်ပဲသရေစာ ဝယ်စားလို့ မရ။ ငွေအကြွေပြန်အမ်းလျှင် တမေ့တမောကြီး ကြာမြင့်တတ်လွန်းလှသဖြင့် တော်တန်ရုံ ဈေးဝယ်ကြသူများ၊ အထူးသဖြင့် ကလေးများမှာ စိတ်မရှည်နိုင်ဘဲ ရှိကြရာ သူအော် ကိုယ်အော်နှင့် တော်တော် အလုပ်ဖြစ်လျှက်နေသည်။

အဘွားကြီးကတော့ ဟိုအိမ် ဒီအိမ် စပ်စပ်စုစု ဖျစ်ဖျစ်တောက်တောက် လုပ်တတ်၏။ သူနှင့် အလွန်တည့်သူများ၊ အပေးအယူမျှသူများ၊ သူ့ကိုမြှောက်ထိုး ပင့်ကော်လုပ်နိုင်သူများ သူ့ဆိုင်ဈေးလာဝယ်မိပြီဆိုလို့က တော်တော်နှင့် အိမ်မပြန်ရတတ်တော့ပေ။ ထိုလူ၏ လက်ကို မလွှတ်တမ်းဆွဲထားပြီး စိတ်ပျက်စရာကောင်းလောက်အောင် ကရားရေလွှတ်၊ ဟိုလူ၊ ဒီလူ့အကြောင်း မဲ့ကာရွဲ့ကာ စောင်းကာချိတ်ကာ မနားတမ်းပြောလေတော့၏။ သမီး ဖြစ်သူ အပျိုဟိုင်းကြီးမူကား လမ်းလျှောက်လျှင် ဦးခေါင်းကို ခပ်မော့မော့ ထားတတ်ပြီး တစ်ရပ်ကွက်လုံး ဘယ်တစ်ယောက်မှ သူနှင့် မတူမတန် သွေးနားထင်ရောက်ကာ ဘယ်သူ့မှလဲ အဖက်လုပ်ပြီး အရေးတယူ မရှိတတ်လှချေ။

”အလကားလူတွေ၊ တစ်ရပ်ကွက်လုံးပေါင်းမှ လေးတန်းတောင်မရတဲ့ လူဖျင်းလူညံ့တွေ၊ လူအ၊ လူနတွေ”ဟု အမြဲပင် ရေရွတ်နေတတ်လေ့ရှိသူဖြစ်လေသည်။

နောက်ဖေးအိမ်ကျတော့ တစ်မျိုးတစ်ဘာသာ။ သူများတကာရဲ့ အိမ်နောက်ဖေးခြံဝိုင်းအဖီလေးထဲမှာ ငှားနေရလို့သာ တော်ပေတော့သည်။ စကားပြောလျှင် မိုးထိလုမတတ်၊ ခေါင်တက်ခိုက်နေတတ် ပြန်သေး။

”ကြက်သားပဲ ဝယ်လာလိုက်တယ်လေ၊ အမလေး … သူများတို့ကတော့ မရှိရင်သာနေမယ်၊ မကောင်းလို့ကတော့ မစားသေးဘူးမှတ်၊ သူများတကာလို သေရင် ဘယ်သူ ခံစားစံစားမယ် မသိတဲ့ နှပ်ချေး ငပိလုပ်စားတတ်တဲ့ သူမျိုးကို သိပ်သောက်မြင်ကတ်တာ၊ ဝယ်မှာစားမှာပဲ၊ ကိုယ်သေတော့ ကိုယ့်နောက် ဘာပါသွားမှာလဲ၊ ဝတ်ကောင်း စားလှလည်း တစ်စုံရှိဆိုရတာပေါ့။ ဘုန်းကြီးကျောင်း အလှူတို့၊ ပွဲလမ်းသဘင်တို့ ဆိုတာလည်း တစ်နှစ်တစ်ခါ လာတာ၊ အလကား ရပ်ကွက်ကြီး၊ မျက်နှာကြီးရာ ဟင်းဖတ်ပါကြတာ၊ အလှူအတန်းများမသွားတာမှ ခပ်ကောင်းကောင်း၊ သမီးရေ… ရော့
အဲဒါ ပေါင်သားချည်းသက်သက် ဝယ်လာတာ၊ ငါးဆယ်သား၊ ချက်စမ်း…”

”ဟင်းချက်ဖို့ ဆီမရှိဘူးအမေ၊ ငရုပ်သီးမှုန့်လည်း ကုန်နေတယ်”

”မဝမ်တို့ဆိုင်မှာ နှစ်ဆယ်သားလောက် အကြွေးသွားယူထားလိုက်။”

”အမေကလည်း…ဟိုနေ့ကပဲ…”

”လျှာမရှည်စမ်းနဲ့ ချိနဲ့မရေ၊ ငါက သွားဆိုသွားစမ်း… အမေကပြောတယ်လို့ပြော၊ နောက်နေ့ နင့်အဖေ လစာရလာတော့ ပေးမယ်ပြောလိုက်…” အစရှိသဖြင့်ပေါ့လေ။ တစ်ခါတလေ သူမ အိမ်ပြေးလာတတ်သည်။

”ဘယ်ရှိမလဲ အနုရယ်၊ အိမ်မှာက ဝန်ထမ်းနှစ်ယောက်ရဲ့ လစာလေးနဲ့ မှီပြီး စားနေရတာ၊ အဒေါ်တို့မှာ ဘာလုပ်ငန်းမှ ရှိတာမှမဟုတ်ဘဲ အပိုအလျှံ မရှိပါဘူးကွယ်” အမေက သို့ကလိုပြောလျှင် အလွန်အမင်း မကျေမနပ်သော မျက်နှာပေးဖြင့် ”အဒေါ်ကလည်း တစ်နေ့ကပဲ လစာထုတ်တာ၊ အခုကုန်ပြီလား…၊ ကုန် ကုန်နိုင်လွန်း”

သူမမှာ ငိုရအခက်၊ ရယ်ရအခက် ပါးစပ်ဟောင်းလောင်းပွင့်ကာ အကြောင်သား ငေးမော နားထောင်နေရ၏။ ရေထမ်း ရောင်း တဲ့ တစ်ခုလပ် တစ်လင်ကွာ ကလေးနှစ်ယောက်အမေ မိန်းမရွယ်ကလည်းတစ်မျိုး။ ရပ်ကွက်ထဲက အိမ်တွေဆီ ရေထမ်းပြီး လိုက်ရောင်းမယ့် ကိစ္စကို အများသုံး ရေတွင်းမှာ သွားမခပ်ဘဲ သူမတို့ တုံကင်မှာ တစ်နေကုန် တဂျိဂျိ လာနှိပ်နေသည်။ အိမ်မှာက လူအိုတွေနဲ့ မိန်းမသားတွေချည်းရှိလို့ ရေမနှိပ်နိုင်တာနဲ့ မီးနဲ့မောင်းတဲ့ မော်တာစက်သေးသေးတစ်လုံး ဝယ်ပြီး ရေမောင်းတော့လည်း သုံးရတယ်လို့ကိုမရှိ။ သူချည်း ဒိုင်ခံရေလာလာသယ်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ရေထမ်းကာ စီး ပွားရှာနေ၏။ ရေတစ်ထမ်း တစ်ရာတဲ့။ ကောင်းရော။ အိမ်က သောက်ရေလေး တစ်စည်လောက် ထမ်းဖြည့်ပေးစမ်းပါဆိုတော့ သောက်ရေဆိုရင် တစ်ထမ်း နှစ်ရာပဲတဲ့။ မလျှော့နိုင်ဘူးတဲ့။ ဖနောင့်နဲ့ထပြီး ပေါက်ဖို့ ကောင်းတဲ့ဟာတွေ။ ကြာတော့ သူမမှာ သည်းမခံနိုင်တော့။

”နင့်ဘာသာ ရေတွင်းက သွားခပ်ပြီး ထမ်းရောင်းပါ၊ နင်စီးပွားရှာဖို့ ငါတို့ ရေမောင်းနေတာမဟုတ်ဘူး။ ဒါ ငါတို့တစ်အိမ်သုံးဖို့ မဖြစ်မနေ လုပ်ထားရတာ” လို့ပြောတော့ ဘာပြန်ပြောတယ် မှတ်သလဲ။ သူမတို့ ကွယ်ရာမှာလေ။ ”လူမှုရေး တော်တော်ခေါင်းပါးတဲ့အိမ်၊ ရေအကျိုးဆယ်ပါး ဆိုတာကို မကြားဖူးဘူးလား မသိဘူးတဲ့။ ဟုတ်… ဟုတ်သေးတော့။ တရားကျရပါ၏။ ပြီးတော့ ဒီရပ်ကွက်၊ ဒီလမ်းထဲမှာ တစ်အိမ်တည်းသော သင်္ဘောသားဟောင်းတစ်အိမ်မှာ အိမ်သုံး လက်ကိုင်ကြိုးဖုန်းလေးရှိသည်။ အရေးအကြောင်းမို့ ဖုန်းသွား မဆက်မိလေနဲ့။ ရှိရှိသမျှ တစ်အိမ်သားစုလုံး ဖုန်းနံဘေးစုပြုံပြီး ဝိုင်းကြီးပတ်ပတ်နေကြတော့တာ။ ဖုန်းနံပါတ်ကို စာရွက်ပေါ်ရေးပြီးပြထား ပေးရသည်။ ကိုယ့်ဘာသာ ယူနှိပ် လို့မရ။ ဖုန်းကို မကိုင်ရ။ မထိရ။

”မကိုင်နဲ့…မကိုင်နဲ့ လက်အစိုတွေ၊ အပေတွေနဲ့ဖုန်းက တစ်လက်ကိုင်ပဲကောင်းတာ၊ ရပ်ကွက်ထဲမို့ အားနာလွန်းလို့သာနော်၊ မဟုတ်ရင် ရှုတ်ရှုတ်ယှက်ယှက်နိုင်လို့ ခေါ်မပေးပါဘူး။ အလကား အလုပ်ပျက်အကိုင်ပျက်နဲ့ ရတာနဲ့မှ မကာမိဘူး”

”အပြင်ဖုန်းလည်း ဒီလောက် မပေးရပါဘူးဗျာ။ကျုပ်တို့ ကုမ္ပဏီဝန်ထမ်းတွေပါ၊ ဒီလောက်လည်းမဟုတ်ပါဘူး သိပါသေးတယ်။

”ဟဲလို … ဟဲလား … ဘယ်သူ … ဟဲ့လို … ကျယ်ကျယ်ပြောပါ… ဘယ်သူ့ကိုခေါ်ပေးရမှာလဲ၊ မကြားရဘူး… ပြန်ပြောပါဦး… ဟဲလို…ဟဲလို”

”ပေးစမ်းပါဗျာ… ခင်ဗျား ဟဲလိုး ဟဲလား လုပ်နေတာနဲ့ ဖုန်းဖိုးကုန်ပြီး ဖုန်းက ကျသွားရော့မယ်။ တစ်ဖက်လူက စိတ်မရှည်ဖြစ်ပြီး ဖုန်းချသွားရုံပဲရှိမှာ၊ ပေးပါ ဖုန်းက နိုင်ငံခြားဖုန်းမို့ သည်းခံ ခေါ်နေရတာ၊ ပိုက်ဆံလည်း မငြိုမငြင်နဲ့ တောင်းသလောက် ပေးတာဗျ။ တစ်မြို့လုံးမှာ ဖုန်းတွေ ဗွက်ပေါက်နေတာ၊ အချိန်မပေးနိုင်လွန်းလို့ အိမ်နီးတယ်ဆိုပြီး အောင့်နေရတာ ခင်ဗျား ဘာမှ နားလည်း
မကြားဘဲနဲ့ စွတ်စွတ်အော်နေ၊ ဟိုက လိပ်ခေါင်းထွက်အောင် အော်လည်း ကြားမှာမဟုတ်ဘူး။ ကျုပ်ဒီအချိန် ကြိုချိန်းထားတာ မလွဲဘူး။ ပေးပါဗျ ဖုန်းကို ခင်ဗျားနဲ့ ပြောမှာလား ကျုပ်နဲ့ ပြောရမှာလား”

”ဖြည်းဖြည်းလုပ်ပါဟဲ့၊ ကျကွဲတော့ လျော်မှာလဲ မဟုတ်ပဲနဲ့” အဲသလိုပါပဲ။ သူမတို့ရဲ့ တဲစုစု အိမ်တန်းတွေ စီနေတဲ့ ရပ်ကွက်ထဲမှာတော့ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ အဟုတ်အမှန် ဇာတ်လမ်း၊ ဇာတ်ကြမ်းနဲ့ ဇာတ်ဝင်ခန်းမျိုးစုံရှိသည်။ ကြမ်းမလား…ရမ်းမလား။ လွမ်းမလား… ဆွေးမလား။ ဖိုက်မလား… မိုက်မလား။ ပျော့မလား… မာမလား။ မွှေးမလား… နံမလား။ ချဲမလားကျဲမလား။ အားလုံးရသည်။ ဒါတွေတင် ရတာလားဆိုတော့ မဟုတ်သေး။

ကလေးတွေ၊ ခွေးတွေ၊ ဆိတ်တွေ၊ ဝက်တွေ၊ ဘဲငန်းတွေ အရူးအနှမ်းတွေ၊ ချဉ်ပေါင်တွေ၊ ကန်စွန်းတွေကလည်း ဘာမဆို အားလုံးရသည်။ နုမလား… ပြုမလား။ ညဆယ်နာရီကျော် ဆယ့်တစ်နာရီထိုးအထိ အသံဗလံတွေ မငြိမ်တတ်သေး။ ဟေးဟေးဝါးဝါး ဖြစ်တုန်း။ နင်လားကွ… ငါလားကွနှင့် ပညာပြိုင်တုန်း။ အဖေကယ်ပါ အမေကယ်ပါနှင့် တ,တုန်း။

ဒီလိုနှင့် ထုံးတမ်းအစဉ်အလာ လာနေကျ လာရိုးလာစဉ် နောက်ထပ် နံနက်ခင်းအသစ်တစ်ခုမှာ ဖြစ်သည်။”ဆရာမရေ… ဗျို့… ဆရာမရေ… နိုးပြီလားဗျို့” အိမ်ရှေ့ ခြံတံခါးပေါက်ဆီမှ ဆင့်ကဲဆင့်ကဲ အော်ခေါ်နေသံကြောင့် သူမ အိပ်ယာမှ လူးလဲထကာ နားစွင့်လိုက်ပြီး ကပျာကသီ အိမ်ရှေ့ပြေးထွက်ကာ ဘယ်သူလဲ ဘာကိစ္စလဲနှင့် မေးရမြန်းရသည်။

”ရေခဲချောင်းရောင်းတဲ့ အဘိုးကြီး ဦးသံချောင်းလေ၊ အဲဒါညက ဆုံးသွားရှာပြီ ဆရာမရဲ့ ဆွေမျိုးသားချင်းလည်း မရှိတော့ ရပ်ကွက်ကပဲ စီစဉ်ပြီး ချပေးရမှာ။ ရက်လည်ကိုလည်း ရပ်ကွက်ကပဲ ကြည့်ကျက် လုပ်ပေးကြတာပေါ့။ အဲဒါ ဆရာမ အလုပ်ကအပြန် ရက်လည်ဖိတ်စာလေး ရိုက်လာပေးပါလားဗျာ။ ရန်ကုန်မြို့ထဲဆိုတော့ ဈေးချိုမှာပေါ့။ ပြီးတော့ ဆရာမမျက်နှာနဲ့ ဆိုတော့လေ…”

သူမမှာ ကိုယ့်မျက်နှာကိုယ်ရောင်ရမ်းပြီး စမ်းမိမလို ဖြစ်သွားသည်။

”ဖိတ်စာရဲ့ ကုန်ကျစရိတ်ကိုလည်း ဆရာမပဲ စိုက်လာခဲ့ပါတော့နော်။ ရက်လည်ပြီးမှ ရှင်းကြ လင်းကြတာပေါ့။ မကောင်းဘူးလားဗျာ။ ထို့နောက်မှာတော့ သူမတို့ အိမ်ရှေ့တစ်ဝိုက်ဆီသို့ အိပ်မှုံစုံမွှားရပ်ကွက်သားများ ရောက်လာကြပြီး ရုံးစု ရုံးစု ဖြစ်သွားကြပါသည်။ မကြာချေ။ ကလေးများ၊ ခွေးများလည်း အာပုပ်စီးကြောင်းနှပ်ချေးတွဲလောင်း၊ ပြာနံ့တထောင်းထောင်းတို့ဖြင့် တစ်ယောက်တစ်ပေါက်ဆိုသလို ပေါက်ပေါက် ဖောက်ကြလေတော့၏။ ”အေးလေ… မုန့်ဟင်းခါးလေးပဲ အချိန်နှစ်ဆယ် သုံးဆယ်လောက် ဖြစ်အောင် လုပ်ပေးရတော့မှာပေါ့။ ဒါပဲ ကောင်းပါတယ်။ နိုင်နိုင်နင်းနင်း…”

”ဟေး… ဘိုးဘိုးကြီး ဦးသံချောင်း သေသွားပြီတဲ့ကွ၊ မုန့်ဟင်းခါး စားရတော့မယ်ဟေ့… ပျော်လိုက်တာ… ဝေးဟေးဟေး” မြူးတူးအော်ဟစ်ကာ ခုန်ပေါက်နေကြသော ကလေးတစ်သိုက်ကို ကြည့်၍ သူမမှာ အိမ်ပေါ်သို့ ခပ်သုတ်သုတ် ပြန်တက်လာခဲ့မိပါသည်။ အိမ်ပေါ်ရောက်မှ ရင်ဘတ်ကို လက်နဲ့ အသာဖိကာ သက်ပြင်းကျိတ်ရှိုက်ရလေ၏။ အော်… ဒုက္ခ… ဒုက္ခ။

ဒီလို… ဒီအကြောင်းတွေကြောင့်ပဲများ သူမဟာ ဒီရပ်ကွက်ထဲမှာ နှစ်ပေါင်း နှစ်ဆယ်နီးပါးကြာအောင် နေနိုင်ခဲ့တာ ဖြစ်ပေမည်လေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts