>on the road

>


ဝိတ်လည်းကျ ၀မ်းလည်းဝ
မိုင်မြစ်ကြီးနား
အောက်တိုဘာ ၂၁၊ ၂၀၀၈

“ – – အလုပ် စ၀င်တုန်းက ကျနော့်ရဲ့ ကိုယ်အလေးချိန်က ၁၆၅ ပေါင် ရှိတယ်၊ အခု ၁၄၀ ပေါင်ပဲရှိတယ်၊ ပေါင် ၂၀ ကျော် ကျသွားတယ် – – ”

လမ်း ဆက်လျှောက်မယ် (၁)
ဒီနေ့က ရောက်တ် အသစ်၊ နံပတ်က ၁၈၂၉၊ အားလုံး ပါ့ခ်အင်လု၊ တတ်ဗန်ဒယ်က ပါသေး၊ နောက်ထပ် ပီးစ် သုံးခုလည်း ပါသေးတယ်၊ အက်စ်ဒီအို မရတာလည်း ကြာပြီဆိုတော့ တော်တော်လေး ပြိုင်းသွားတယ်။

အပေါ်က စာပိုဒ်ကိုကြည့်ပြီး ဘာတွေလဲဟ ဒီကောင် ဘာတွေပြောနေတာလဲလို့ ထင်နေလိမ့်မယ်။ ဒါပေမဲ့ လိုင်းတူတဲ့လူဆို သိတယ်။ ထူးထူးခြားခြား မဟုတ်ပါ၊ အမှန်တော့ ကျနော့်အလုပ်နဲ့ ပတ်သက်ပြီး ပြောလိုက်တာပါ။ ဘာအလုပ်လဲ သိချင်ရင် ပြောပြမှာပေါ့။ ဒီအလုပ်သစ်မှာ တစ်နှစ်တောင်ပြည့်တော့မယ်။ မဆိုးဘူးလို့ပဲ ပြောရမယ်။ ဒီအလုပ်က ကျန်းမာရေးအတွက် ကောင်းတယ်၊ ပိုက်ဆံလည်း ရတယ်၊ လမ်းလျှောက်တတ်ရင် လုပ်လို့ရပြီ။

ဘီးတဲလ်အဖွဲ့(Beatles)က ဆိုထားတဲ့ Please Mr. Postman ကို ကြားဖူးမှာပေါ့၊ အဲဒီ postman သို့မဟုတ် စာပို့သမား ဆိုတာ ကျနော်ပေါ့။ ဒီမှာတော့ mailman လို့ခေါ်ကြတယ်။ အလုပ်အကြောင်း ဆက်မပြောခင် စာပို့သမားတွေအတွက် အသုံးများတဲ့ အခေါ်အဝေါ်လေးတွေကို အရင်ဆုံး ရှင်းပြချင်တယ်။

ရောက်တ် (route) ဆိုတာက စာပို့သမားတစ်ဦးရဲ့ နေ့စဉ်စာဝေရတဲ့ နေရာ သို့မဟုတ် လမ်းကြောင်းပေါ့။ ပါ့ခ်အင်လု(park n loop) ဆိုတာ စာဝေရတဲ့ ပုံစံတစ်မျိုး၊ ထပ်ရှင်းပြရရင် စာပို့ကားနဲ့ စာစဝေမဲ့အိမ်ရှေ့မှာ ကားကိုရပ်၊ ပြီးတော့ တစ်အိမ်ချင်း လမ်းလျှောက်ပြီး စာဝေရတဲ့ နေရာမျိုး၊ ဝေတာတစ်ပတ်ပြည့်သွားရင် ကားရပ်တဲ့နေရာ ပြန်ရောက်လာမယ်၊ အဲဒါကို ပါ့ခ်အင်လုလို့ ခေါ်တယ်။ တတ်ဗန်ဒယ်(third bundle) ဆိုတာ အပတ်တိုင်း တနင်္ဂလာနဲ့ အင်္ဂါနေ့တွေမှာ ဝေရတဲ့ penny saver၊ safeway၊ lucky၊ wal-mart တို့လို ကြော်ငြာတွေကို ခေါ်တယ်။ ပီးစ်(piece)ဆိုတာက ကိုယ်ဝေရမဲ့ route အပြင် အပိုထပ်ထည့်ပေးလိုက်တဲ့ အခြား route က စာတစ်ချို့။ အက်စ်ဒီအို (SDO – scheduled day off) ကတော့ သိတဲ့အတိုင်း အလုပ်နားရက်ပေါ့။ ကဲဒီလောက်ဆို အလုပ်အကြောင်း ဆက်ပြောဖို့ လွယ်သွားပြီ။

အကြမ်းဖျဉ်း ပြောရရင် route တစ်ခုတိုင်းမှာ အိမ်ခြေ ၃၀၀ နဲ့ ၄၀၀ လောက်ရှိတယ်။ မတူတဲ့ ရပ်ကွက်၊ လမ်း၊ ဒေသပေါ်မူတည်ပြီး စာဝေရတဲ့ပုံစံ ကွဲပြားသေးတယ်။ ပထမတစ်မျိုးက park n loop လမ်းလျှောက်ပြီးဝေရတယ်။ ဒုတိယတစ်မျိုးက driving ဒရိုက်ဗင်း၊ ကားပေါ်ကနေပဲ စာဝေရတာရယ်၊ တတိယတစ်မျိုးက game box ဂိမ်းဘောက်စ်လို့ခေါ်တဲ့ စာတိုက်သေတ္တာလေးတွေထဲကို စာထည့်ရတယ်၊ ကွန်ဒိုအိမ်၊ apartment လို အိမ်တွေမှာပေါ့။ နောက်တစ်မျိုးကတော့ တမျိုးနည်းနည်းစီပါတဲ့ အရောပုံစံပေါ့။ အားလုံးထဲမှာ ဒုတိယအမျိုးကို လူကြိုက်များတယ်၊ ဘာလို့လဲဆိုတော့ သူက လမ်းလျှောက်စရာမလိုဘူး၊ ကားပေါ်ကနေပဲ ပလက်ဖေါင်းဘေးမှာစိုက်ထားတဲ့ စာပုံးထဲကို စာထည့်သွားလိုက်ရုံပဲ၊ လူသက်သာတယ်။ လူတွေအညစ်ဆုံးကတော့ ပါ့ခ်အင်လုဖြစ်တဲ့ တစ်အိမ်စီ လမ်းလျှောက်ပြီး စာဝေရတဲ့ဟာမျိုးဖြစ်တယ်။

ပို့စ်မင်းတွေကြိုက်တဲ့ စာဝေနည်း

ကျနော်တို့အခေါ် game box စာတိုက်သေတ္တာလေးတွေ

စာပို့သမား တစ်ယောက်ဟာ နေ့စဉ် ခြေလှမ်းပေါင်း ၁၉၀၀၀ သို့မဟုတ် ပျှမ်းမျှ ၇ မိုင် လျှောက်ကြတယ်လို့ စာစောင်တစ်ခုထဲမှာ ဖတ်ရတယ်။ အလုပ် စ၀င်တုန်းက ကျနော့်ရဲ့ ကိုယ်အလေးချိန်က ၁၆၅ ပေါင် ရှိတယ်၊ အခု ၁၄၀ ပေါင်ပဲရှိတယ်၊ ပေါင် ၂၀ ကျော် ကျသွားတယ်၊ မကောင်းဘူးလား။ အခုမှ fit ဖြစ်တော့တယ် 🙂

ကြုံတုန်း အကြံပေးလိုက်အုံးမယ်။ ပိန်ချင်တဲ့ အမျိုးသမီး၊ အမျိုးသားများ ငွေကုန်ခံပြီး ဘာဆေးမှ သောက်စရာမလိုပါဘူး။ အစာကိုမျှမျှတတ ပုံမှန်ပဲစား၊ ပြီးတော့ နေ့စဉ် ၄-၆ နာရီလောက် လမ်းလျှောက်ပါ၊ သုံးလလောက် ဇွဲရှိရှိနဲ့လုပ်သွားရင် ပိန်ကျသွားစေရမယ်။ အသိရှိရင် လက်တို့လိုက်ပါ 🙂

ကျနော့်လို စာပို့သမားတစ်ယောက်ရဲ့ တာဝန်က ရိုးရိုးလေး။ စာတစ်စောင်တိုင်း သူ့အိမ်နံပတ်နဲ့ ကိုက်အောင် စာပုံးထဲ ထည့်နိုင်ရင်ရပြီ၊ ဒါပဲ။ စာတိုက်ကားနဲ့ တစ်နေကုန် အပြင်မှာပဲ၊ မျက်လုံးဒေါက်ထောက်ကြည့်နေတတ်တဲ့ မန်နေဂျာ၊ စူပါဖိုက်စာတွေ မရှိဘူး၊ လေးထောင့်အခန်းကျဉ်းသေးသေးထဲက ရုံးခန်းလို၊ မွန်းကျပ်တဲ့ နေမမြင် လမမြင် စက်ရုံထဲမှာလို၊ ဧည့်သည်တွေရဲ့ ကွန်ပလိမ်း(complaint) အမြဲကြားနေရတဲ့ စားသောက်ဆိုင်လို မနေရဘူး၊ တစ်ယောက်တည်း စိတ်ကူးလေးနဲ့ နေရောင်ခြည်၊ သစ်ပင်၊ ကောင်းကင်၊ သဘာဝအလှအပတွေကို နေ့စဉ်တွေ့နိုင်တယ်။ ဒါကြောင့် ဒီအလုပ်က အချိန်ကုန် သိပ်မြန်တယ် ထင်ရတယ်။ ဟဲဟဲ ကောင်းတာတွေကိုပဲ ပြောနေတာနော်။ အမေရိကန်မှာ “အလုပ်ဟူသမျှ ပင်ပန်းစွ” လို့ ဆိုရမလို ဘာလုပ်လုပ် ကိုယ်ခန္ဓာ၊ ခေါင်း ပင်ပန်းတာပဲ။ အဲ ဒါပေမဲ့ ကောင်းတာလေးတွေကိုပဲ ကြည့်တတ်ရင်တော့ ဘာလုပ်လုပ် ကောင်းနေတာပဲ။

အခုလည်း အမေရိကန်ရဲ့ စီးပွားရေးကျဆင်း နေချိန်မှာ အမေရိကန်စာတိုက်ကလည်း အရှူံးပြနေတယ်ဆိုပဲ၊ ဘီလီယံချီ တဲ့။ စာအရေအတွက် လျော့သွားတာတော့ သတိထားမိပါတယ်။ အကြောင်းရင်းတစ်ခုက လူတွေ အင်တာနက်ကို ပိုအသုံးပြုလာလို့ပဲ။ စာတွေမရေးကြတော့ဘူး၊ အီးမေးလ်ပဲ သုံးလာတယ်။ အကြွေးတွေကို ချက်လက်မှတ်ရေးမပို့တော့ဘဲ အွန်လိုင်းကနေ ငွေပေးကြတယ်။ ဆိုတော့ အမေရိကန်စာတိုက်လုပ်ငန်းရဲ့ ရှေ့ရေးဟာလည်း ရေရှည်မှာ သိပ်မဟန်နိုင်ပါဘူး။

လောလောဆယ်တော့ အလုပ်ကောင်းနေသရွေ့(အလုပ်ပေးနေသရွေ့) လမ်းဆက်လျှောက်နေအုံးမယ်။ အက်စ်ဒီအို ရတဲ့နေ့ကြရင် အတွေ့အကြုံတွေကို ထပ်ရေးလိုက်မယ်။

လမ်း ဆက်လျှောက်မယ် (၂)
နေ့စဉ် တအိမ်ဆင်း တအိမ်တက် စာတွေဝေနေရင်း လေ့လာနိုင်စရာတွေ ရှိပါတယ်။ အိမ်တအိမ်ရဲ့ စာကိုကြည့်ပြီး အဲဒီအိမ်ဟာ ဘယ်လိုလူတွေနေတယ်၊ ဘာတွေလုပ်တယ် စတာတွေကို အကြမ်းဖျင်း ပြောနိုင်ပါတယ်။

ဥပမာ Time မဂ္ဂဇင်းတွေ့ရင် ဒီအိမ်ရဲ့ အိမ်သားတယောက်ယောက်ကတော့ စာဖတ်ဝါသနာပါပြီး နိုင်ငံတကာအရေးတွေကို အမြဲလေ့လာတဲ့သူ၊ Netflix စီဒီခွေတွေတွေ့ရင် ရုပ်ရှင်ဝါသနာပါသူ၊ ကက်တလောက်(catalog) အထပ်လိုက်တွေ့ရင် ဒီအိမ်ဟာ ဈေးဝယ် သိပ်ဝါသနာပါသူ၊ QVC တံဆိပ်နဲ့ ပါဆယ်ထုတ်တွေ မကြာခဏတွေ့ရင် တီဗွီကနေ ပစ္စည်းဝယ်လေ့ရှိသူ၊ ဘာစာမှလာလေ့မရှိတဲ့အိမ်ဆို ပြင်ပနဲ့လုံးဝ အဆက်ဖြတ်ထားသူ၊ သို့မဟုတ် ဘိုင်ကျနေသူ 🙂 စသဖြင့် ခန့်မှန်းနိုင်ပါတယ်။ တခါတလေ အသက်ကြီးသူတွေနေတဲ့ အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့အိမ် (senior mobile home) လိပ်စာမှာ ပလေးဘွိုင်းမဂ္ဂဇင်းတွေ့ရင် ပျော်ပျော် နေတတ်ပြီး သန်စွမ်းသေးတဲ့ လူကြီးဖြစ်လိမ့်မယ် ထင်တာပဲ။

နောက်ပြီး တချို့အိမ်များရဲ့ အိမ်ရှေ့မှာ မြက်ခင်းစိမ်းစိမ်း ပန်းမာန်ဥယျာဉ်တွေနဲ့ လှလှပပ ပြုပြင်ထားတာကို တွေ့ရတယ်။ Landscape လုပ်ထားတာ ပုံစံမျိုးစုံပဲ၊ ဘယ်အိမ်ရဲ့ပုံစံကိုတော့ ကြိုက်တယ်၊ ဘယ်အိမ်ဟာကတော့ မကြိုက်ဘူးဆိုပြီး စာဝေရင်း လေ့လာနေသေးတယ်။ စာတိုက်ပုံးတွေကလည်း ဒီဇိုင်းအမျိုးမျိုးပါပဲ၊ အရင်တုန်းကတော့ သတိမထားမိပါဘူး၊ အခု ကိုယ်တိုင်စာပို့သမားဖြစ်မှ သိတော့တယ်။ ထူးခြားတဲ့စာတိုက်ပုံးတွေကို ဓာတ်ပုံရိုက်ပြီး စုထားမယ်လို့ စဉ်းစားထားသေးတယ်။

စာဝေရင်းနဲ့လည်း တရားရစရာတွေ ကြုံတတ်ပါတယ်။ ကျနော် စာပို့နေကျ လူအိုတွေနေတဲ့ အရပ်တခုမှာ တနေ့တော့ ပို့ထားတဲ့စာတွေ ပြန်ထုတ်ထားတာတွေ့ရတယ်။ စာပေါ်မှာရေးထားတာက ‘deceased’ တဲ့ အဲဒီလူ သေသွားပြီ တဲ့၊ သူ့ကိုတော့ မမြင်ဖူးပါဘူး။ လောကကြီးကနေ လူတယောက် စွန့်ခွာသွားပြန်ပကောလို့ သိလိုက်ရတယ်။ သူစာတွေကို ပြန်သိမ်းယူခဲ့ရတယ်။

တနေ့က စာတိုက်တနေရာရဲ့ နံရံမှာကပ်ထားတဲ့ သံလိုက်ပြားလေးမှာ ရေးထားတဲ့ စာတမ်းလေးကို သဘောကျလို့ မှတ်ထားလိုက်တယ်။ ဘာသာပြန်လိုက်ရင်တော့ “စက်ရုပ်များ ရှားပါးမှုကြောင့် ယခုအလုပ်လုပ်နေသူများသည် လူသားများဖြစ်ပါသည်၊ သူတို့အား မတရားဖိနှိပ်(မတရားခိုင်း)လာပါက မထင်မှတ်သည့် တုန့်ပြန်မှု ရှိလာနိုင်ပါသည်”။ အလုပ်ခွင်တွေမှာ တွေ့ရတတ်တဲ့ အလုပ်သမားနဲ့ စီမံခံ့ခွဲသူတွေအကြား ပြဿနာတွေကို ရည်ညွှန်းထားတာပါ။ စီမံခန့်ခွဲသူတွေရဲ့ “ဖြစ်ကိုဖြစ်ရမယ်” နဲ့ အလုပ်သမားတွေရဲ့ “လက်တွေ့” တို့ဟာ တခါတလေ မတူနိုင်၊ မဖြစ်နိုင်ပါဘူး။ နှစ်ဖက်ညှိနှိုင်းပြီး လျှော့သင့်တာလျှော့ ပြင်သင့်တာပြင်မှသာ အလုပ်ဖြစ်မှာပါ။ အဲဒီလိုမဟုတ်ပဲ ပရိုဂရမ်သွင်းထားတဲ့ စက်ရုပ်လို လူတွေကို အတင်းခိုင်းလို့ မရဘူးဆိုတာ နံရံမှာကပ်ထားတဲ့ စာတမ်းလေးက ပြောပြနေတာလို့ ထင်တာပဲလေ။

ဒီနေ့တော့ဒါပါပဲလေ။ မနက်ဖန် အားရှိရှိနဲ့ လမ်းဆက်လျှောက်နိုင်အောင် စောစောအိပ်လိုက်အုံးမယ်။

(မူရင်း – http://my-myitkyina.blogspot.com/ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts