Op-Ed Tu Maung Nyo

Tu Maung Nyo – Outlaw becomes Inlaw, when?

တပြည်လုံးအပစ်အခတ်ရပ်စဲရေး — မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့် —  အခြေပြမိန့်ခွန်း

တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၇ )

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ အပစ်အခတ်ရပ်စဲပြီးပြီ ဆိုရင် ဆက်လက် တက်လှမ်းသွားရမယ့် အဆင့်က “နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး” ကြဖို့သာဖြစ်ပါတယ်။

 ဒါပေမယ့်(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက နိုင်ငံရေးဆွေးနွေးဖို့အတွက် တစ်လုံးတစ်ပါဒမျှမပြောဘဲ၊  “တစ်ပြည်လုံးအတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရေးထိုးခြင်း” ဆိုတဲ့ အဆင့်တစ်ခုထပ်တိုးပြီးပြောလာပြန်ပါတယ်။

(ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ဖွဲ့စည်းပေးထားတဲ့ “ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ”ရဲ့ ပြည်နယ်အဆင့်နဲ့ပြည်ထောင်စုအဆင့် လုပ်ငန်း ၂ ခုအနက်  “ပြည်နယ်အဆင့်”လုပ်ငန်းစဉ် ၅ ခုကို ဆောင်ရွက်ပြီးရင် “ပြည်ထောင်စုအဆင့်” ဆိုတဲ့ လုပ်ငန်းစဉ်ကို လုပ်ရမှာပါ။ အခုတော့ အဲဒီအဆင့်ကို တိုက်ရိုက်မသွားဘဲ။ ကြားတစ်ဆင့်တိုးလာတာဖြစ်ပါတယ်။

            တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို “မတရားသင်းအဖြစ်မှကင်းလွတ်ခွင့်ပြုခြင်း” ကြေညာပေးနိုင်မယ်လို့လည်း လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်တဲ့ (ဗိုလ်) ဦးအောင်မင်းက လွှတ်တော်မှာ ရှင်းလင်းတင်ပြသွားပါတယ်။

            သွေးရိုးသားရိုးသာဆိုရင် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်/စစ်တပ်ဘက်ကသာ ကြေညာပေး ရမှာဖြစ်ပါတယ်။  အခုတော့

တစ်ပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာပါဝင်လက်မှတ်ရေးထိုးရမယ်” တဲ့။ ဒီလိုပါဝင် လက်မှတ်ရေးထိုးမှသာ မတရားသင်းအဖြစ်မှ “ကင်းလွတ်ခွင့်ပြုခြင်းကို ကြေညာနိုင်မယ်”တဲ့။

သဘောကလက်မှတ်မထိုးရင် လက်မှတ်မထိုးတဲ့ အဖွဲ့အစည်းကို မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့်မပြုဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။ ထို့အပြင် မတရားသင်းအဖြစ်မှ “ကင်းလွတ်ခွင့်” သာပြုမှာဖြစ်ပြီး “မတရားသင်းအဖြစ်မှလုံးဝပယ်ဖျက်ပေး” မှာ မဟုတ်သေးပါဘူး။ ယာယီသဘောနဲ့ ကာလတစ်ခု “ကင်းလွတ်ခွင့်” ပေးထားမယ် ဆိုတဲ့သဘောသာဖြစ်ပါတယ်။

ဒီမှာတင် ကိစ္စကမပြတ်သေးပါဘူး။ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့“အခြေပြမိန့်ခွန်း” ဆိုတာကို နားထောင်မှတ်သားလေ့လာရ ပါဦးမယ်။ ဒီအပေါ်ကနေမှ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးနဲ့ နိုင်ငံရေးဆွေးနွေးမှုများအစပြုနိုင်မယ်လို့ ဆိုပါတယ်။

“ နိုင်ငံရေး ဆွေးနွေးမှုများ”  ဆိုတာကို ကြံ့ဖွံ့အစိုးရနဲ့လွှတ်တော်ပြင်မှာ ဆွေးနွေးရမှာလား သို့တည်းမဟုတ် လွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်)ရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးရမှာလား။

တစ်တိုင်းတစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များဆိုတာမှာဘယ်လိုအချက်တွေပါဝင်နေသလဲ။

နိုင်ငံတော်သမ္မတရဲ့“အခြေပြမိန့်ခွန်း” ဆိုတာမှာ ဘယ်လိုအချက်အလက်တွေပါဝင်သလဲ။

 “၂၀၀၈အခြေခံဥပဒေ ကို လေးစားလိုက်နာပြီး၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါ့မယ်” ဆိုတဲ့အချက်ပါသလား။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က အဲဒီအချက်အလက်တွေကို ဘယ်လိုကြိုတင် သိရှိနိုင်မှာလဲ။ ဘယ်လို အချက်အလက်တွေအပေါ်မှာ  သဘောတူညီချက်ကို လက်မှတ်ထိုးကြမှာလဲ။ ဒါတွေရှင်းရှင်းလင်းလင်းကြိုတင်သိရှိဖို့လိုပါတယ်။

သဘောတူညီချက် လက်မှတ်ထိုးမှသာလျှင် မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့ သဘောကတော့ ကြိုတင် သတ်မှတ်ချည်နှောင်ထားတဲ့အချက်သာဖြစ်ပါတယ်။

တကယ်တန်းဖြစ်သင့်တာက (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရဘက်က သဘောထားကြီးမားမှုကို ဖေါ်ပြတဲ့သဘော၊ ကြံ့ဖွံ့အစိုးရ အနေနဲ့ တစ်ပြည်လုံးငြိမ်းချမ်းရေးကို လိုလားကြောင်းပြသတဲ့သဘောဖြင့် တစ်ပြည်လုံးအတိုက်အခိုက်ရပ်စဲကြောင်းတစ်ဖက်သတ်ကြေညာ ရပေးမှာဖြစ်ပါတယ်။

ယင်းသို့ကြေညာပြီးတဲ့နောက် သမ္မတ(ဗိုလ်) ဦးသိန်းစိန်က “အခြေပြမိန့်ခွန်း” ဆိုတာ ချွေသင့်တာပါ။ အဲဒီနောက်မှာမှ တန်းတူ ရည်တူရှိတဲ့ နိုင်ငံရေးဆွေးနွေးရေးပွဲသို့  ဦးတည်သွားရမှာဖြစ်ပါတယ်။

ယင်းနောက် ဆွေးနွေးကြမည့်အစီအစဉ်များ၊အကြောင်းအရာများ၊  နှစ်ဖက်ဆွေးနွေးမှု ဖြစ်စဉ်အဆင့်ဆင့်အခြေအနေများကို  ပြည်သူများ၊ ပြည်တွင်းပြည်ပမီဒီယာများ၊ သမာသမတ်ရှိသော လေ့လာစောင့်ကြည့်သူများက လေ့လာစောင့်ကြည့်အကဲခပ်နေကြရမှာပါ။ ဒီအတွက် ဆွေးနွေးမှုရရှိချက်တွေကို ပြည်သူများ၊ပြည်တွင်းပြည်ပမီဒီယာများ၊ လေ့လာစောင့်ကြည့်အကဲခတ်နေသူများ လေ့လာသိရှိ သုံးသပ်အကဲဖြတ်နိုင်အောင် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားဖို့လည်း (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရမှာ တာဝန်ရှိပါတယ်။

 ဒါဟာသွေးရိုးသားရိုးရှိတဲ့၊အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုအတွက် တကယ်လိုအပ်တဲ့ ပတ်ဝန်းကျင်ကောင်းတွေဖြစ် ပါတယ်။ ဒီလို ပတ်ဝန်းကျင်ကောင်းတွေသာရှိမယ်။ တန်းတူရည်တူလည်း ဆွေးနွေးနိုင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက် ကောင်းမွန်တဲ့ အလားအလာနဲ့ အခြေခံတွေကို လက်တွေ့ကျကျ ချမှတ်နိုင်မှာဖြစ်ပါတယ်။

အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၃) ဖွဲ့ နဲ့ ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့်တွေ ဆွေးနွေးနေကြသလို၊   ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကနေ မွေးဖွားပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်မတော် (ABSDF) နဲ့ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ တွေ့ဆုံ ဆွေးနွေးမှုတွေရှိနေပါသလား။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ KIO/KIAနဲ့တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ ကျောင်းသားတပ်မတော် (ABSDF) (မြောက်ပိုင်း) က ကျောင်းသားရဲဘော်တွေ ပါဝင်တိုက်ခိုက်နေတာ မီဒီယာသတင်းတွေမှာ ကြားသိနေရတာပဲဖြစ်ပါတယ်။

ကျောင်းသားတပ်မတော်(ABSDF)မှ လက်ရှိတာဝန်ရှိသူများနဲ့ (MPC)ဝန်ထမ်းတွေ ပြည်တွင်း/ပြည်ပမှာ “အလွတ်သဘောဆို လား”  တွေ့ဆုံကြတာတော့ ပြည်ပအသံလွှင့်မီဒီယာနဲ့ ပြည်တွင်းထုတ် ဂျာနယ်အချို့မှာ ကြားရ၊ ဖတ်ရပါတယ်။

(MPC- Technical Team) နဲ့ (MPC) ဝန်ထမ်းတွေထဲမှာ ယခင်ကကျောင်းသားတပ်မတော် (ABSDF)မှာ တာဝန်ထမ်းဆောင် ခဲ့ကြဖူးတဲ့သူတွေ ပါဝင်နေတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။

 (MPC)ဝန်ထမ်းဖြစ်နေကြတဲ့ (ABSDF)ဟောင်းတွေ နဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ (ABSDF) တာဝန်ရှိသူတွေ တွေ့ဆုံကြ တာ “နိုင်ငံရေးဆွေးနွေးပွဲ”မဟုတ်ပါဘူး။ ကံကြမ္မာ၏ အချိုးအကွေ့တစ်ခုမှာ( အဘဦးအောင်မင်း၏ကြီးမားစေတနာကြောင့်) သူငယ်ချင်း ဟောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ ရဲဘော်ရဲဘက်ဟောင်းတွေ (ပိစင်တာ)မှာ ငြိမ်းချမ်းစွာပြန်လည်ဆုံဆည်းခွင့်ရကြတဲ့ သဘော သာ ဖြစ်ပါတယ်။

ကျောင်းသားတပ်မတော် (ABSDF) နဲ့ နိုင်ငံရေးဆွေးနွေးဖို့ အစီအစဉ်ရှိသလား။ ဆွေးနွေးဦးမှာလား။

ကျောင်းသားတပ်မတော် (ABSDF)နဲ့ “အလွတ်သဘော ထိတွေ့နေကြတယ်” ဆိုတဲ့ သတင်းတွေ ကြားသိနေရတာကြာလှပြီ။

တရားဝင်ဘယ်တော့ဆွေးနွေးမှာလဲ။ ရန်ကုန်မှာဆွေးနွေးမှာလား၊ နေပြည်တော်မှာလား၊ သို့တည်းမဟုတ် ပြည်ပနိုင်ငံတစ်ခု ခုမှာများလား၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကျောင်းသားတပ်မတော်(ABSDF)လည်း ပါဝင် လက်မှတ်ထိုးမှာ လား။ ကျောင်းသားတပ်မတော်(ABSDF)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၃)ဖွဲ့ထဲမှာ စာရင်းသွင်းမထားတာ ဘာကြောင့် လဲ။

 (Photo – 

A delegation from the All Burma Students’ Democratic Front (ABSDF) at the Myanmar Peace Center in Rangoon on Monday to meet with the government’s peace negotiation team. (Photo: Min Zaw Oo/Facebook, From – Irrawaddy)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts