Maung Yit Op-Ed

Editor’s Notes – (22)

အယ်ဒီတာ့လက်ရေး (၂၂)

ကိုမျိုး၊ မင်းကျော်ခိုင်၊ မိုးမခ၀ိုင်းတော်သားများ၊ ချစ်သူများအတွက်လက်ဆောင်

မောင်ရစ်၊ မေ ၃၀၊ ၂၀၁၃

ကိုမျိုးက ၈၈မျိုးဆက်တွေရဲ့ တွေ့ဆုံပွဲ ပိုစတာတွေ ဒိုင်ခံဆွဲပေးတယ်။ ကိုမင်းကျော်ခိုင်က သူတို့အတွက် အမှတ်တရ စကက်ခ်ျလေးဆွဲပေးတယ်။ အဲဒါတွေကို မိုးမခမှာ တင်တယ်။ ပြီးတော့ လာမယ့် ဇွန်လ ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများ တွေ့ဆုံပွဲမှာလည်း ပိုစတာတွေ၊ ဒီဇိုင်းတွေ၊ သတင်းလွှာတွေမှာ သုံးပြီး ဖြန့်မယ်ပေါ့ဗျာ။

အခု သူတို့ ရောက်လာတော့ ဘာအမှတ်တရလုပ်ရမှန်း မသိပါဘူးဗျာ။ သူတို့ကို ကြည့်ပြီး ပျော်နေမိတာပဲ။ ဒါနဲ့ ကိုမင်းကျော်ခိုင်ရဲ့ ပုံတူဆွဲထားတာကို ပရင့်လေးထုတ်ပြီး လက်မှတ်လေး ထိုးခိုင်းမိတယ်။ “ခင်ဗျားဆွဲတာက အသက်ဝင်တယ်ဗျာ …” လို့ ပြောကြသဗျာ။ ကိုမျိုးရဲ့ ပိုစတာကလည်း နေရာတိုင်းမှာ သူ့မျက်နှာပဲ ဆိုကြပါစို့။

အဲဒါလေးကို ကိုယ့်ဆရာသမားတွေ၊ ၀ိုင်းတော်သားတွေ၊ ချစ်သူတွေအတွက် လက်ဆောင်အဖြစ် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ ရက်စွဲကတော့ဗျာ … သူတို့လက်မှတ်လေးတွေကို ဆန်ဖရန်တွေ့ဆုံပွဲမှာ ကျေးဇူးတင်လွှာပေးရင် လက်ဆောင်ပေးချင်တဲ့ စိတ်နဲ့ ဇွန် ၁ရက် ထိုးခိုင်းလိုက်တာပါ။ သူတို့ကလည်း ထိုးပေးပါတယ်။ “တော်ကြာ စာရွက်အပေါ်မှာ အကြွေး ဒေါ်လာ ၃ သောင်း ပေးရန် ရှိသည် ပုံ … မင်းကိုနိုင်”  ဆိုပြီး လုပ်မလွှတ်နဲ့နော်ဆိုပြီး ရယ်စရာ ပြောသွားပါသေးတယ်။

မိုးမခလည်း ဖတ်ကြတယ်လို့ ပြောကြပါသဗျာ။ ခင်ဗျားတို့ကို တမင်စိတ်ချမ်းသာအောင်များ ပြောသလား မသိပါဘူး။ အင်တာနက်ဆိုတော့ အကန့်အသတ် ရှိတာပေါ့ကွာ။ ပြည်တွင်းမှာလည်း စာစောင်တွေမှာ ရေးတာတွေ ပြန်ဖော်ပြတာတွေ လုပ်ကြဖို့ တိုက်တွန်းသွားလေရဲ့။

  
ကံကောင်းချင်တော့ သမီးရဲ့ ပုံဆွဲစာအုပ်လေးပါလာတော့ သူတို့ကို အဲသည်စာအုပ်ကလေး ပြဖြစ်တယ်ဗျာ။ သမီးကလည်း စာတွေ ပုံတွေ ၀ါသနာပါကြောင်းလည်း အမွှန်းတင်ရသေးသကိုး။ အဲဒါနဲ့ သူတို့က သမီးအတွက် အမှတ်တရစာလေးတွေ ရေးပေးလိုက်ပြန်တယ်။ အင်း သမီးကလည်း မိုးမခမှာ စာရေး ပုံဆွဲသူ တစိတ်တပိုင်းဝိုင်းတော်သားပဲဗျာ။ သည်တော့ မိုးမခ၀ိုင်းတော်သားတွေ အတွက်လည်း ဆိုင်တာပဲ ဆိုပြီး ရှယ်လိုက်ပါတယ်ဗျာ။

အချိန်တွေ ဆင်းရဲပြီး သူများတွေအတွက် သူတို့ကိုယ်သူတို့ ပေးဆပ်ထားရသူတွေက ကျနော်တို့နဲ့ အချိန်ကလေး တဒင်္ဂလောက်ပေးပြီး နှုတ်ဆက်သွားတယ်။ ကျနော်တို့အတွက်ကတော့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းမျှော်လင့်ခဲ့ရတဲ့ ကြယ်တာရာကြီးတွေ ဖြတ်သန်းသွားသလိုပဲ။ သူတို့ကိုယ်တိုင် အမှောင်တိုက်ထဲကနေ ရုန်းကန်ရင်ဆိုင်ပြီး ထွက်ပေါ်လာတဲ့ ကြယ်တာရာတွေဆိုတော့ သူတို့ကိုယ်တိုင်လည်း အလင်းတန်းတွေဖြစ်သလို သူများတွေအတွက်လည်း အလင်းရောင်တွေ ပေးခဲ့သပေါ့။ ကျနော်တို့ကတော့ အချိန်တန်တော့ နှုတ်ဆက် အိမ်ပြန်ပြီး အခုလို စာလေး မတောက်တခေါက်ရေး၊ ဓာတ်ပုံလေးတွေ တင်ပြီး ကျေနပ်နေမိရုံသာပါပဲ။

သူတို့ သက်ရှည် ကျန်းမာ ပျော်ရွှင်ပြီး မြန်မာပြည်ဒီမိုကရေစီအရေး ဆောင်ရွက်မှုတွေ အောင်မြင်ကြပါစေ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts