>U Win Tin – Articles on Art Selection – 1

>

ပဝေဏီ ပန်းချီ ပန်းပု

ပေါ်သစ် (ဦးဝင်းတင်)

(အလှရှာတော်ပုံ စာအုပ်မှ ကောက်နှုတ်သည်)

အောက်တိုဘာ ၁၀၊ ၂၀၀၈

ကမ္ဘာပေါ်တွင် လူသားဟု၍ အဆင့်ဆင့် ဆင်းသက် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း တစ်သန်းကျော်ခန့်ရှိပြီဟု မနုဿဗေဒပညာရှင်တို့ ယူဆကြသည်။ ပန်းချီပန်းပု အနုပညာရှင်တို့သည် လူ့ယဉ်ကျေးမှုဟု ဆို အပ်သော လူ့ဘောင် လူ့အဖွဲ့အစည်း ပေါ်ဦးစကာလကပင် ရှိနေခဲ့သည်။ ကမ္ဘာဦး လူသားတို့သည် ကျောက်လိုဏ်ဂူ များအတွင်း၌ အသင်းစုကလေးများ စတင်ဖွဲ့စည်းနေထိုင်ကာ တိရစ္ဆာန်ဘာသာဘာဝ ဓလေ့စရိုက်တို့ကို စွန့်လွှတ်စဦးကပင် ကျောက်နံရံများပေါ်၌ ပန်းချီရုပ်များ ရေးဆွဲခဲ့ကြသည်။ ကျောက်သားဖြင့်လည်းကောင်း၊ တိရစ္ဆာန်ရိုးဖြင့် လည်းကောင်း ပန်းပုရုပ်ထုလုပ်ခဲ့ကြသည်။

ကြမ်းတမ်းသော ကမ္ဘာဦးလူသားတို့၏ သမိုင်းခရီးလမ်းတွင် မြောက်မြားစွာသော ကမ္ဘာဦးပန်းချီပန်းပု အနုပညာတို့သည် ပျောက်ပျက်ကွယ်ပခဲ့သည်။ ယနေ့အထိ အကြောင်းအားလျော်စွာ တူးဖော်ရှာဖွေတွေ့ရှိထား သော ကမ္ဘာဦးအနုပညာလက်ရာတို့၏ သက်တမ်းသည်ပင် နှစ်ပရိစ္ဆေရ မတိုတောင်းတော့ချေ။

၁။ ဥရောပကျောက်ဂူပန်းချီ

ယခုချိန်အထိ အစောဆုံးတွေ့ရသော ကမ္ဘာဦးပန်းပု လက်ရာကို ဥရောပတိုက် ယနေ့ပြင်သစ်ပြည်နေရာတွင် တွေ့ခဲ့သည်။ စပိန်ပြည်နှင့် ပြင်သစ်ပြည်နေရာများတွင် တွေ့ခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ငါးသောင်းနှင့် နှစ်သောင်းအကြား ခေတ်ကာလက ထုလုပ်ခဲ့သော ရုပ်ထုဖြစ်သည်။ ရေခဲသမင်ဦးချိုဖြင့် ပြောင် သတ္တဝါပုံ ထုလုပ်ထားသည်။

အစောဆုံးတွေ့ရသော ကမ္ဘာဦးပန်းချီလက်ရာကိုလည်း စပိန်ပြည်နှင့် ပြင်သစ်ပြည် နေရာများတွင် တွေ့ခဲ့သည်။ စပိန်ပြည် အာလ်တာမီရာအရပ် ကျောက်ဂူကြီးတစ်ခုအတွင်း၌ တွေ့ရှိခဲ့သည်။ ၁၈၇၉ခုနှစ်က ထိုကျောက်ဂူကြီးအတွင်း ရှေးဟောင်းပစ္စည်း စူးစမ်းရှာဖွေသော ပညာရှင်တစ်ဦး၏ သမီးငယ်ကလေးက အမှတ်မထင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုပန်းချီလက်ရာများ၏ သက်တမ်းသည် နှစ်ပေါင်း တစ်သောင်းလေးထောင်ကျော်မှ နှစ်သောင်းနှစ်ထောင်ကျော်အတွင်း ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းရ သည်။

အာလ်တာမီရာကျောက်ဂူပန်းချီလက်ရာများတွင် ဦးချိုလိန်ပြောင်ရုပ်များ၊ မြင်းရုပ်များစသည့် အမဲသတ္တဝါ ရုပ်ပုံများပါဝင်သည်။ ကျောက်သားပေါ်တွင် ဦးစွာ အရုပ်ကောက်ကြောင်းရာ ပေးပြီးမှ ဆေးသွင်းချယ်သောပုံများဖြစ် သည်။ သံရိုင်းမြေများမှရသော အနီရောင်နှင့်အဝါရောင်များဖြစ်သည်။

ကမ္ဘာဦး ပန်းချီဆရာတို့သည် မိမိဖန်တီးရေးခြယ်သောတိရစ္ဆာန်တို့၏ ဗီဇစရိုက်ကို ကောင်းစွာ ထိုးထွင်း သိမြင်သည်။ တိရစ္ဆာန်၏လှုပ်ရှားဟန်ကို စိတ်အာရုံ၌ စွဲမြဲမှတ်သားလျက် ပန်းချီရေးခြယ်ကြခြင်းဖြစ်၍ ထိုတိရစ္ဆာန်၏ လှုပ်ရှားမှုသည် ပန်းချီလက်ရာတို့တွင် ထင်လင်းစွာပေါ်လျက်ရှိသည်။

သို့သော် တိရစ္ဆာန်ကို ပုံတူကူး၍ရေးဆွဲခြင်းမဟုတ်။ အသေးစိတ်များမပါဝင်။ ပုံသွင်ကိုသာ ဖော်ထုတ် ရေးခြယ်သည်။ ပုံတူထက် လှုပ်ရှားရှင်သန်မှုကို အဓိကထားလျက် ဖော်ဟန်ရှိသည်။ အရောင်ရေးခြယ်ရာ တွင်ပင် အလုံးအဝန်းကို ဖေါ်ရန်မဟုတ် လှုပ်ရှား ဥိးတည်မှုကို ထင်မြင်စေရန်သာဖြစ်သည်။ တိရစ္ဆာန်သဏ္ဍန်ကို ရေးခြယ်ရာတွင်လည်း ခါးကိုရှည်လျက်လည်းကောင်း၊ ခြေကိုကွေးလျက်လည်းကောင်း လှုပ်ရှားမှုကို ထင်မြင်စေမည့် တင်စားချက်ကို ဖော်သည်။

ကမ္ဘာဦးပန်းချီတို့၏ ရည်ရွယ်ရင်းသဘောသည် ရန်သူ(သားကောင်)ကို သေစေခြင်း၊ မိမိအဖို့ရာ သေပြီး သည်၏ အခြားမဲ့၌ ထ မြောက်တဖန်ရှင်သန်ခြင်း သေခြင်းနှင့် ထ မြောက်ရှင်သန်ခြင်း တို့၏အကြား၌ ကျက်စားသည်ဟု ယူဆသော မကောင်းဆိုး ဝါးတို့ကို ပယ်လှန့်ခြင်းတည်းဟူသော တင်စားချက်ဖြစ်သည်။ အမဲလိုက်ရာ၌ အောင်မြင်ခြင်းကိုဖြစ်စေလိုသော ဆန္ဒတောင့်တမှု၏ သဘောလည်းဖြစ်သည်။

၂။ အာဖရိက ကျောက်ဂူပန်းချီ

အလားတူ ကမ္ဘာဦးပန်းချီလက်ရာ ပန်းချီသဘောတရာများကို အာဖရိကတိုက် ဘွတ်ရှမင်းလူမျိုးစု ကျောက်ဂူပန်းချီများတွင် တွေ့ရသေးသည်။ ဘွတ်ရှမင်း ကျောက်နံရံပန်းချီများသည် စပိန်ကျောက်နံရံပန်းချီများ ကဲ့သို့ နှစ်ပရိစ္ဆေရ မကြာညောင်းသေးသော်လည်း ရှေးပဝေဏီမှ ယနေ့တိုင် ခေတ်သစ်ယဉ်ကျေးမှု၏ ထိုးဖောက်ရောယှက်မှု မခံရသေးသော လူမျိုးစုတို့၏ လက်ရာများဖြစ်၍ အချိန်ကာလသည် အရေးမကြီး။ ကမ္ဘာဦး သဘောသဏ္ဌာန် တို့ဖြင့် ပြည့်လျှမ်းလျက်ရှိသည်ပင်။

သရုပ်ဖော်ပုံ – သူတောင်းစားအိုမကြီး(အာဖရိက သစ်သားပန်းပု)။ အာဖရိကတိုက် ကွန်ဂိုပြည်မှ တွေ့ရသည်။ အာဖရိက’လူရိုင်း’ ကမ္ဘာဦးသဘော သက်ဝင်သော လက်ရာ ဖြစ်သည်။ ရှည်မျောသော မျက်နှာ၊ သွယ်လျသော ကိုယ်ခန္ဓာနှင့် ကြီးမားသောမျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ လက်တို့ သည် လူ့ဘဝ၏ ဆင်းရဲ သောက ဗျာပါဒကို အရိုးခံအတိုင်း ဖွင့်ပြသည်။ ကရုဏာ ရသမြောက်သည်။ ၂ဝ ရာစု အိတ်ပရက်ရှင်နစ်ဇင်နည်း ဥရောပ ပန်းချီပန်းပုတို့ကို သြဇာလွှမ်းသော လက်ရာမျိုးဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts