>The challenge of the Burmese regime, banning the publication of 3 journals

>

ပြည်တွင်း ဂျာနယ် ၃ စောင်ကို ယာယီရပ်ဆိုင်းခြင်းရဲ့ နောက်ဆက်

မိုးမခ အထောက်တော် (ရန်ကုန်)

အောက်တိုဘာ ၁၊ ၂၀၀၈

True News” ဂျာနယ်၊ “Trust” ယုံကြည်မှု ဂျာနယ်နှင့် Action Times ဂျာနယ်တို့ကို စာပေစိစစ်ရေးက ယမန်နေ့က ယာယီအားဖြင့် ထုတ်ဝေခွင်များ ရုတ်သိမ်းခဲ့သည်ဟု ဆိုပါသည်။ သတင်းသမားများ၊ ထုတ်ဝေသူများနှင့် စာနယ်ဇင်းလုပ်ငန်းရှင်များကြားတွင် ထိုကိစ္စက ဂယက်အတော်ရိုက်သွားသည်ဟု ပြောကြသည်။

ယခုကဲ့သို့ ပိတ်ခြင်းမှာ ၎င်းတို့၏ ပိုမိုတင်းကြပ်သော စာပေစိစစ်ရေး မူဝါဒများ၏ နမူနာတခုပင်ဖြစ်သည်ဟု ထင်မြင်ချက်ပေးသည်။

“မျက်နှာဖုံးကိုလည်း တင်းကြပ်တယ်။ တင်တုံးကနဲ့ ထွက်လာတဲ့ ပုံ တထပ်တည်း ဖြစ်ရမယ်။ နည်းနည်းလေးမှ ပြင်ခွင့်မရှိဘူး။ ဂျာနယ်အတွင်းဒီဇိုင်းတွေဆိုတာကိုလည်း အရမ်းပြင်ဆင်ခွင့် မရှိဘူး။ သတင်းခေါင်းစဉ်တွေကို ပြင်ချင်ရင် စိစစ်ရေးကို ပြန်တင်ပြပြီး အတည်ပြုချက် ရယူရတယ်။ အခုဟာက နမူနာပဲ ရှိသေးတယ်။ ရှေ့လျောက် ကြမ်းအုံး ရမ်းအုံးမယ့်သဘော”

ဟု ပြည်တွင်းက မီဒီယာသမားတဦးက ပြောပြသည်။

စာပေစိစစ်ရေး၏ ဖိနှိပ်မှုကိုသာမက အပြင်လောကတွင်လည်း စစ်တပ်၏ လုံခြုံရေးများ၊ သတင်းပေးများနှင့် အကြမ်းဖက်သမားများ၏ ရန်လိုမှု အနိုင်ကျင့်မှုများကိုပါ ပြည်တွင်းသတင်းထောက်တို့ ခံစားနေရသည်။ မှုခင်းသတင်းများကိုလည်း ရဲဘက်က တင်းကြပ်ထားသဖြင့် တိုးပွားလာသော ရာဇ၀တ်မှုများကို ပြည်သူသိအောင် သတင်း မပေးနိုင်တော့ချေ။ သတင်းထောက်များ ကင်မရာကိုင်ဆောင်ထားခြင်းကိုက အပြစ်ကြီးတခုလို ဖြစ်အောာင် စစ်ဖက် လုံခြုံရေးများက ဆက်ဆံနေကြသည်ကို တွေ့နေရသည်။ ကင်မရာ ကိုင်ဆောင်သူများကို ထိမ်းသိမ်းပြီး စစ်ဆေး မေးမြန်းခြင်းတို့ကို အချိန်မရွေး လုပ်ကိုင်နေသဖြင့် သတင်းထောက်များကိုယ်တိုင်က လျို့ဝှက်ပြီး သဲထိတ်ရင်ဖို လှုပ်ရှားကြရသည် ဟု ဆိုသည်။

“အခုဟာက စာပေစိစစ်ရေးတို့၊ လက်နက်ကိုင်တွေ၊ သတင်းပေးတွေတို့က ကျနော်တို့ကို ရန်သူကြီးတွေလို သဘောထားတာ။ ဒါ့အပြင် အစိုးရ ရုံးတွေ၊ ၀န်ကြီးဌာနတွေကပါ ကျနော်တို့ကို မဆက်ဆံဘဲ ပစ်ပယ်လာတာ၊ ရှောင်ဖယ်နေကြတာ ဖြစ်လာတယ်။ အပြင်က လူမှုသတင်းတွေကို စာပေစိစစ်ရေးက ပိတ်တယ်။ သည်တော့ ရဲဖက် မှုခင်းသတင်းလိုက်ရတယ်။ အဲဒီမှာ ရဲတွေက သတင်းတွေကို မှောင်ချတယ်။ ဒါနဲ့ ဌာနဆိုင်ရာ သတင်းလေးတွေ လိုက်ပြီး ရေးရပြန်ရော။ အခု ဌာနဆိုင်ရာတွေက၊ ၀န်ကြီးဌာနတွေက သတင်းထောက်တွေနဲ့ မတွေ့ဘူး၊ သတင်းထုတ်ပြန်ချက်တွေ မလုပ်ပေးဘူး ဆိုတော့ … ကျနော်တို့က ဘာဆက်လုပ်ရမှာလဲ။ ပြည်သူတွေကကော ပြည်တွင်းရေး ပကတိ အခြေအနေတွေကို ဘယ်လိုနည်းနဲ့ ဖတ်ရှုသိမြင်ကြရမှာလဲ …”

ဟု အဆိုပါ မီဒီယာသမားက ထုတ်ဖော်ပြောဆိုသည်။

“ကျနော်တို့က ပြန်ပြီး မေးခွန်းထုတ်ခွင့် မရှိဘူး။ ပြန်ပြောခွင့်လည်း မရှိဘူး။ စောဒက တက်ခွင့်လည်း မရှိဘူး။ တိုးလိုက်တဲ့ စည်းကမ်းက မတရားတာတွေချည်းပဲ။ အဲဒါကို အယ်ဒီတာကလည်း သွားပြီး မပြောရဲဘူး။ ထုတ်ဝေသူကလည်း ရေငုံပြီးတော့ နေတယ်။ စာမျက်နှာတွေကို အမဲသုတ်တာ၊ ငွေမင်ချယ်တာက လွန်ခဲ့တဲ့ အနှစ် ၂၀ တုံးက။ အခုခေတ်မှာက ဂျာနယ်တွေကို ဗလာစာအုပ်အလွတ်လိုမျိုး ထုတ်ရတော့မှာ။ ဂျာနယ်ကို ပုံနှိပ်ရောင်းတာထက် စက္ကူကို မျဉ်းတားပြီး ဗလာစာအုပ်ထုတ်ရောင်းရတာက ပိုပြီး ဘေးကင်းအုံးမယ်။ ကျနော်ပြောတယ်လို့တော့ ခင်ဗျားတို့ ထည့်မရေးနဲ့ …” ဟု ဂျာနယ်အယ်ဒီတာတဦးက ရယ်သွမ်းသွေးလိုက်သည်။

ပြည်ပ မီဒီယာဌာနများနှင့် ဆက်ဆံရေးကိုလည်း စစ်အာဏာပိုင်တို့က မျက်လုံးဒေါက်ထောက်ကြည့်လျက်ရှိသည်။ အင်တာနက်ခေတ်တွင် ပြည်ပက စာနယ်ဇင်းသမားများက ပြည်တွင်းမီဒီယာတို့ထံ သတင်းဖလှယ်ခြင်း၊ သတင်းမေးခြင်းတို့ ပြုလုပ်လာသည်ကိုလည်း စစ်အာဏာပိုင်တို့က ကန့်သတ်ချုပ်ချယ်မှုများ ပြုလျက်ရှိသည်ကို တွေ့ရသည်။

“သူတို့နဲ့ နီးစပ်တဲ့ အယ်ဒီတာတွေ၊ ထုတ်ဝေသူတွေကို ခေါ်ပြောထားတယ်။ ပြည်ပမီဒီယာနဲ့ မဆက်သွယ်ဖို့။ ၀န်ထမ်းတွေကို တားမြစ်ဖို့။ စစ်ဖက်က အရာရှိတွေကဆို ကျနော်တို့ သတင်းထောက်တွေကို ဘယ်လိုမျိုး စွပ်စွဲသလဲဆိုရင် – ဒေါ်လာမျက်နှာကြည့်ပြီး သတင်းပေးတဲ့ သတင်းရောင်းတဲ့ အကောင်တွေ … ။ ဖမ်းပြီး ထောင်ထဲထည့်ပစ်မယ်လို့တောင် ဆိုဆဲနေသေးသဗျ …”

ဟု အယ်ဒီတာက ဆက်လက် ပြောပြသည်။

စစ်အစိုးရကလည်း စာနယ်ဇင်းသမားများကို စိန်ခေါ်သည့် “ပါဖောမင့်ပွဲ” များ တခုပြီး တခုလုပ်ကာ ဖိနှိပ်စော်ကားနေချိန်တွင် ပြည်တွင်း စာနယ်ဇင်းများကလည်း မည်သို့သော တန်ပြန် “ပါဖောမင့်”မျိုးဖြင့် တုန့်ပြန်ကြရန် ကျောချင်းကပ်ကြဖို့ အချိန်ရောက်နေပြီဟု တီးတိုးဆွေးနွေးနေကြသည်ဟု သိရသည်။

” မြန်မာစာဖတ်ပရိသတ်က ဘာလဲ။ သတင်းစာဖတ်တာလား၊ ဂျာနယ်ဖတ်တာလား။ တီဗွီက သတင်းနားထောင်တာလား၊ ရုပ်ရှင်ကြည့်နေတာလား။ သူတို့ သီချင်းတွေ၊ အင်တာဗျူးတွေ နားထောင်နေတာလား၊ အပြင်က သီချင်းတွေ၊ ရေဒီယိုတွေ နားထောင်နေတာလား။ အဲသလို ခွဲခြားကြည့်ဖို့ လိုပါတယ်။ ပရိသတ်က သူတို့ပေးတာတွေနောက် လိုက်နေတာမဟုတ်ပါဘူး။ ပြည်တွင်းက ပုဂ္ဂလိက စာနယ်ဇင်းတွေရဲ့ ထုတ်ဝေတင်ဆက်မှုတွေကို အားပေးကြည့်ရှုနေတာ ဖြစ်တယ်။ ဒါက တရားပဲ။ အဖြစ်မှန်ပဲ။ သူတို့ ရွေးချယ်ထားပြီးပြီ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို ပြန်ကြားရေး ယန္တရားနဲ့ နိုင်ငံတကာကို တင်ဆက်မှာလဲ။ အခုလို စာပေစိစစ်ရေးရဲ့ တင်းကြပ်တဲ့ မူဝါဒတွေနဲ့ ပြည်သူလူထုကိုကော နိုင်ငံတကာအသိုင်းအ၀ိုင်းကိုကော ဘယ်နည်းနဲ့ ယုံကြည်မှု တည်ဆောက်လို့ ရမှာလဲ။ နိုင်ငံရေး ပွင့်လင်းမှု မရှိတဲ့ တိုင်းပြည်မှာ ကျန်တာ ဘာပဲလုပ်လုပ် ဘယ်လိုနည်းနဲ့မှ မတိုးတက်နိုင်ဘူး။ ရေရှည်အောင်မြင်မှာလဲ မဟုတ်ဘူး။ သူတို့ပဲ အကြပ်အတည်းတွေနဲ့ တွေ့နေတာ ဖြစ်တယ်။ “

ဟု သတင်းစာဆရာတဦးက သုံးသပ်သွားပါသည်။

(အယ်ဒီတာ အမှားပြင်ဆင်ချက် – ယုံကြည်ချက် (Trust) ဂျာနယ်မှာ အပိတ်ခံရသည့် စာရင်းတွင် မပါရှိကြောင်း အတည်ပြုသတင်းထပ်မံရရှိပါကြောင်း၊ ပြင်ဆင် ဖတ်ရှုပေးတော်မူကြပါ။ တောင်းပန်ပါသည် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts