>Ground Zero

>


သုညမြေ (Ground Zero)
မောင်စွမ်းရည်

စက်တင်ဘာ ၂၅၊ ၂၀၀၈

လောင်မီးကျမြေ ပြာပုံမြေကို …
ယမ်းမီးသင့်မြေ ဗုံးစာမြေကို …
ဇီဝသုဉ်းတဲ့ ဖုန်းဆိုးမြေကို
‘မြေသုည’ တဲ့
လောကဝေါဟာ တွင်ခဲ့ပါပြီ။

၂ဝဝ၁ ခုနှစ် နံနက်ခင်း
ဝင်းလက်နေသာ
မိုးပြာကောင်းကင်၊ ကြည်ကြည်လင်လင်
အပြစ်ကင်းစင်၊ လန်းရွှင်ကြည်နူး
နယူးယောက်မြို့ …
မြူးမြောက်မိုးထိ၊ တိုက်ချင်းငြိတက်
နေကိုဖက်အံ့၊ အိပ်မက်တံခွန်
ပင်တဂွန်က စွန်လွှတ်ချိန်။

စက်ပညာနဲ့၊ စစ်ပညာ
ဒုံးပညာနဲ့၊ ဗုံးပညာ
ကာကွယ်ရေးနဲ့၊ တိုက်ခိုက်ရေးရာ
သာသူမရှိ၊ ဂလိုဘယ်ပီတိနဲ့
ဘယ်ကြည့်ညာညှိ၊ သတိ သက်သာ
ကမ္ဘာရွာကလေး၊ နံ့သာယပ်နဲ့ ခတ်လို့အေးချိန်။

အမုန်းအငြိုး၊ မျိုးစေ့တစေ့
နေ့ရက်စေ့ခဲ့၊ မေ့သူမေ့လို့
မွေ့သူမွေ့ချိန်၊ နေ့ချင်းညချင်း
အစေ့တွင်းက၊ ဖောက်ထွင်းအပင်
အပင်ကပန်း၊ ပန်းကအသီး
နေ့ချင်းကြီးခဲ့
အမုန်းသီးက၊ ဗုံးသီးတွေဖြစ်
အငြိုးသီးက၊ ယမ်းမီးဖြစ်လာ
အမြွှာမျှော်စင်၊ လေယာဉ်နဲ့တိုက်
ဖောက်ခွဲလိုက်တဲ့အခါ
ကမ္ဘာတုန်လှုပ်၊ ဒုက္ခထိုးမွှေ
မြေပေါ်ပြိုကျသွားချေပြီ။

မာနနဲ့ အာဃာတဟာ
ဘာကမှ အကျိုးမဖြစ်၊ အငြိုးအသစ်နဲ့
ဆိုးညစ်မုန်းပွား၊ အရပ်သား အပြစ်မဲ့တွေ
ရာထောင်သေခဲ့၊ ကျိုးပဲ့ကြေမွ
ယက်မသံတိုင်၊ ကျောက်စိုင်ကျောက်တုံး
ထုံးအင်္ဂတေ၊ မီးတွေပေါက်ကွဲ
တော်လဲအော်သံ၊ သွေးသံရဲရဲ
ကြေကွဲရိုးဆစ်၊ သည်းမြစ်အူလိမ်
သားအိမ် ကလီစာ၊ ပြာတွေနဲ့လုံး
မီးသွေးတုံးတွေ
အတုံးအရုံး ကျန်ရစ်ပြီ။

အဆိပ်ခိုးတွေ တလူလူ
ယမ်းခိုးတွေလည်း တလူလူ
ဒေါသခိုးတွေ၊ မောဟခိုးတွေ တအူအူ
တူရူမိုးထက်၊ ဖြန့်ကြက်ကောင်းကင်
နေမမြင်ဘဲ မြေပြင်မှုန်ဝါးခဲ့လေပြီ။

နောက်တနှစ်
၂ နှစ် ၃ နှစ်၊ ၄-၅-၆ နှစ်
ခုနှစ်နှစ်…၊
နှစ်စဉ်နှစ်တိုင်း၊ သင်္ချိုင်းမြေညီ
မြေအဆီ လူအဆီ၊ ညှီနံ့မပြေ
ကျန်ရစ်လေသူ
အဖေအို အမေအို
မုဆိုးဖို မုဆိုးမ၊ အစ်မ အစ်ကို
ရင်လှိုက်သည်းဖို၊ ငိုကြယိုကြ
တယောကငို၊ နှဲကငိုနဲ့
ဂစ်တာလည်းငို၊ ဗုံကငိုနဲ့
ငိုသံရစ်ဖုံး၊ ညှိုးချုံးအံကြိတ်
ရိပ်ပြန်ရေကန်၊ မှန်သားပြင်ညီ
နှင်းဆီဆက်သ၊ မျက်ရည်စက်ချ
ဘာ့ကြောင့်မျိုးဆွေ၊ သူတို့သေသနည်း
အချည်းနှီးလျှင် မီးလောင်ပြာကျ
လူ့လောကမှာ၊ ဘာသာရေး၊ ၀ါဒရေး
စီးပွားရေး၊ ယဉ်ကျေးသမှု
အစုစုဟာ ဘာတခုမျှ အဓိပ္ပာယ်မရှိ။

မောဟကြောင့်များ လောဘတွေတက်
ဒေါသထွက်သလား။
လောဘကြောင့်များ၊ မောဟတွေဖုံး
ဒေါသချုန်းသလား။

လူမျိုးကွဲမှု၊ ဘာသာကွဲမှု
မည်းမှုဖြူမှု၊ မွဲမှုကြွယ်မှု
တခုခုက၊ နှစ်ခုခုက
ရွှေက ငွေက၊ ရေနံက
ကျွန်းက သစ်က၊ ကျောက်သံက
ဘာက ဘယ်လို၊ လူကိုလူက သတ်စေသလဲ။
သူလည်း သင့်ကို မမြင်ဖူးဘူး။
သင်လည်း သူ့ကို မမြင်ဖူးဘူး။
တဦးက တဦးဆီကို ဘာပေးလိုသလဲမသိ။
တဦးက တဦးဆီက ဘာရလိုသလဲ မသိ။
မသိလိုက်ဘဲ သင်လည်း သူ့ကို သတ်လိုက်ပြီ။
မသိလိုက်ဘဲ သူလည်း သင့်ကို သတ်လိုက်ပြီ။

ပညာခေတ် တဲ့၊ ခေတ်ပညာ တဲ့
ခေတ်ပညာရဲ့ နည်းပညာ တဲ့
ဒီနည်းပညာနဲ့
ကမ္ဘာကုန်ကျယ်သရွေ့ကို
ကျဉ်းစေဆိုလည်း ဒင်းတို့ပဲ။

ကမ္ဘာမြေအခုံးကို
လုံးစေဆိုလည်း ဒင်းတို့ပဲ။
နည်းပညာနဲ့ ပညာခေတ်ဟာ
မြေကမ္ဘာသာမက၊ အာကာသမှာ
စကြ၀ဠာကို၊ ပြာချကျွမ်းမြေ့
ခိုးငွေ့မနှော၊ ဓာတ်တေဇောနဲ့
သင်ရောမကျန်၊ သူရောမကျန်
ငါလည်းမကျန်၊ ကျန်စရာမရှိတဲ့အခါ
စကြ၀ဠာ၊ အာကာဟောင်းလောင်း
အခေါင်းမရှိ၊ အခွံမရှိ၊ လဟာအတိ
နှလုံးမရှိတဲ့ဦးခေါင်းနဲ့
မောင်းရာနှင်ရာ၊ မေတ္တာမပါရင်
ကမ္ဘာဖုန်းဆိုးမြေဟာ
အမုန်းအငြိုးတွေ ပွေတဲ့
မြေသုညက၊ သုညမြေသာ
ဆိတ်သုဉ်းမှာ။

လူမျိုးကွဲချင်ကွဲ၊ ဘာသာကွဲချင်ကွဲ
နိုင်ငံကွဲချင်ကွဲ၊ ၀ါဒကွဲချင်ကွဲ
လက်ချင်းတွဲကာ၊ မေတ္တာမွေးမှ
အေးချမ်းကမ္ဘာ သာယာပျော်ရွှင်
သန့်စင်လန်းဆန်း ပန်းမျိုးရောင်စုံ နံ့သာထုံသော
လောက၀ပြော၊ မေတ္တာသတ္တော၊ အနန္တော။

(စက်တင်ဘာ ၁၁၊ ၂၀၀၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts