>U Win Tin with MoeMaKa

>


ဟံသာဝတီ ဦးဝင်းတင်နဲ့ စကားတိုထွာ

မိုးမခ

စက်တင်ဘာ ၂၄၊ ၂၀၀၈

အကျဉ်းထောင်က ထွက်လာသူ ဦးဝင်းတင်ကို မိုးမခက ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီအကြောင်းလေးကို တင်ဆက်လိုက်ပါတယ်။

မိုးမခ – ဆရာဦးဝင်းတင်ပါလား ခင်ဗျာ

ဆရာဦးဝင်းတင် – အေးဗျ၊ ခင်ဗျားတို့ ဆန်ဖရန်စစ္စကိုမှာလို့ ပြောတယ်။ ဘာလုပ်နေလဲ။

မိုးမခ – ကျနော်တို့ လူငယ်တွေကော လူကြီးစာရေးဆရာတွေနဲ့ပါ မိုးမခဆိုတဲ့ အင်တာနက် စာနယ်ဇင်းလေး လုပ်နေတာပေါ့ ဆရာရယ်။ အားလုံးကိုယ်စား ကျနော်တို့က ဆရာ့ကို နှုတ်ဆက်တာပါ။

ဆရာဦးဝင်းတင် – ကောင်းတယ် ကောင်းတယ်။ ကျနော်ကလည်း နှုတ်ဆက်ပါတယ်လို့ ပြောပေးပါဗျာ။

မိုးမခ – ဟုတ်ကဲ့ပါဆရာ၊ ဆရာမိတ်ဆွေတွေကိုယ်စား ကျနော်တို့က နှုတ်ဆက်တာပါဆရာ။ ဆရာမောင်စွမ်းရည်၊ ဆရာ ဦးဝင်းဖေ၊ ကဗျာဆရာ အောင်ဝေး၊ အဆိုတော် မာမာအေးနဲ့ ပြည်ပရောက်နေတဲ့ လူငယ်စာနယ်ဇင်းသမားတွေ အားလုံးကိုယ်စား ကျနော်တို့ နှုတ်ဆက်တာပါဆရာ။

အေးဗျာ။ ကောင်းတယ် ကောင်းတယ်။ ခင်ဗျားတို့တွေ စာတွေ ရေးနေကြတာပေါ့။ ဟုတ်လား။ ကျနော့်မိတ်ဆွေတွေ အသံတော့ ရေဒီယိုက အမြဲလာနေတယ်လို့ ပြောကြတယ်။ စာတွေလည်း ဖတ်ရတဲ့အခါလည်း ဖတ်ရပါတယ်။ မနက်ကလည်း ခင်ဗျားတို့နဲ့ ပတ်သက်ပြီး ပြောဖြစ်ကြပါသေးတယ်။

ဟုတ်ကဲ့ပါဆရာ။ ပြည်ပမှာလည်း စာနယ်ဇင်းသမားတွေ အားလုံးက ဆရာလွတ်မြောက်လာလို့ ၀မ်းသာကြပါတယ် ဆရာ။ တတ်နိုင်သလောက်လဲ ကြိုးစားနေကြပါတယ် ဆရာ။

ကောင်းတယ်ဗျာ၊ ၀မ်းသာပါတယ်။ ကျနော်လည်း အဲသည် စာတွေ ဘာတွေ ရှာဖွေပြီး ဖတ်ရအုံးမယ်။ ခုကော ဘာတွေ လုပ်နေကြသလဲ။

ကျနော်တို့ ဒီက မြန်မာမိသားစုတွေ အကူအညီနဲ့အတူ စာပေဟောပြောပွဲ တခု စီစဉ်နေတယ် ဆရာရယ်။ ဆရာမိတ်ဆွေတွေ အားလုံးကို ဖိတ်ပြီးတော့ပေါ့။ ပြီးတော့ ဆရာအတွက် ဦးဝင်းတင် စာနယ်ဇင်း ဆောင်းပါးများဆိုပြီး စာအုပ်လည်း ထုတ်ဖို့ လုပ်နေတယ်။

အော် ဟုတ်လား။ ပြောတယ်ဗျ။ ၀မ်းသာပါတယ်ဗျာ။

ဆရာ ထောင်က မထွက်ခင် လုပ်ဖို့ ဆရာရယ် … ဆရာက ထောင်ထဲက ထွက်တာ စောသွားတယ်။

အေးဗျာ။ ခင်ဗျားက ပြောတယ် ထောင်ထဲက ထွက်တာ စောတယ်လို့။ မစောဘူးဗျ။ မနက် ၆ နာရီလောက်ကတည်းက ကျူပ်ကို လာခေါ်နေတာ။ အထဲမှာ စကားပြောနေရတာနဲ့ ကိစ္စတွေ ရှင်းနေရတာနဲ့ ညနေစောင်းသွားတယ်။ ထောင်ထဲက ထွက်တာ မစောပါဘူးဗျ။

ဆရာမောင်စွမ်းရည်က အဲသည် စာအုပ်ကလေး စီစဉ်နေတာ အတော်ကြာပြီ ဆရာရဲ့။ ဒီမနက်က ဆရာမောင်စွမ်းရည်က သတင်းကြားကြားခြင်း ကျနော်တို့ဆီ ဖုံးဆက်တယ်။ ဆရာ့ကိုလည်း စကားပြောချင်ရှာတာ။ ဆေးရုံက ဆီးကျိတ်ခွဲပြီးခါစ ဆီးပိုက်တန်းလန်းကြီးနဲ့ ထ ခုန်မတတ် ၀မ်းသာနေတာ။

ဟုတ်လား။ ကျနော်လည်း ဆီးကျိတ်ရှိတယ်ဗျ။ ခုတော့ ဘာမှ မဖြစ်သေးဘူး။ ကောင်းနေသေးတယ်။ သူတို့ကို ကျန်းမာရေးတွေ ဂရုစိုက်ခိုင်းပါဗျာ။

ကျနော်တို့က ဆရာ့ကို ပြောရမှာပါဆရာရယ်။

နောက်ပြီး ကိုဝင်းဖေကြီးက ပန်းချီ ဆက်ရေးသေးရဲ့လား။

ရေးပါတယ် ဆရာ။ သူ အခု အလုပ်ကနားပြီးနောက်ပိုင်း ပန်းချီပဲ ဆွဲနေပါတယ်။ ရေဒီယိုတွေမှာလည်း စာရေးတယ်။

အေးဗျာ။ သူ့ကို ပန်းချီရေးစေချင်တယ်။ ပန်းချီရေးနေဖို့က အရေးကြီးတယ်ဗျ။

ပြောလိုက်မယ်ဆရာ။ သူ့ပုံတွေ ဓာတ်ပုံရိုက်ပြီး သိမ်းထားတာတွေ ရှိတယ်။ ပြမယ်ဆရာရယ် နောက်များကျမှ

ကိုအောင်ဝေးကတော့ ကဗျာတွေ ဆက်ရေးဖို့ ပြောလိုက်ပါဗျာ။ ကဗျာတွေ ဆက်ရေးပါလို့။

ဟုတ်ကဲ့ပါဆရာ။ ဆရာလည်း စာတွေ ရေးဦးမယ် မဟုတ်လားဆရာ။

ကောင်းတယ်ဗျာ။ ၀မ်းသာပါတယ်။

ဆရာ့ကို အားလုံးက မျှော်နေကြပါတယ် ဆရာ။ ကျနော်တို့ လူငယ်တွေကလည်း ဆရာပြောတာ ဆရာစဉ်းစားတာ ဆရာမြင်တာတွေကို နားစွင့်ပြီး စောင့်မျှော်နေကြတယ်။ တတ်နိုင်သလောက် စုစုစည်းစည်းနဲ့ ရပ်တည်ပြီး ဆရာ စကားတွေ အသံတွေကို မျှော်နေကြမယ်ပေါ့ ဆရာရယ်။

အေး အေး ။ ဒါပဲနော်။ နောက်မှ တွေ့ကြသေးတာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts