>U Win Tin rejects SPDC road map

>

ဦးဝင်းတင်၏ အင်တာဗျူးများကို http://uwintin.blogspot.com/ တွင် ဖတ်ရှုနိုင်သည်။


ဦးဝင်းတင်နှင့် လုပ်ဖော်ကိုင်တဦးဖြစ်သူ စာရေးဆရာ မောင်မိုးသူ (photo: Mizzima)

နေပြည်တော်၏လမ်းပြမြေပုံ ဦးဝင်းတင် ပယ်ချ

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၂၃၊

မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားသည့် သတင်းစာဆရာကြီး ဦးဝင်းတင်က စစ်အစိုးရပြင်ဆင်နေသည့် ရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ကြောင်း ပြောကြားလိုက်သည်။ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

“တပ်မတော်သည် အမျိုးသားနိုင်ငံရေးရဲ့ ဦးဆောင်မှု ကဏ္ဍကနေပြီးတော့ ပါဝင်ရမယ်’ ဆိုတာ – ကျနော်က အဲဒါ လက်မခံနိုင်ဘူး။ – – လက်မခံနိုင်တဲ့အတွက် ဒီကွန်စတီကျူးရှင်းကို လက်မခံနိုင်ဘူး။ ‘အန်စီ’ကို လက်မခံနိုင်ဘူး။ – – ကောင်းပြီ၊ အဲဒီထဲကနေထွက်လာမယ့် ရွေးကောက်ပွဲကိုရော ဆိုတော့ ရွေးကောက်ပွဲလည်း ကျနော် လက်မခံနိုင်ဘူး။” ဦးဝင်းတင်က စစ်အစိုးရ၏ လမ်းပြမြေပုံ အဆင့်ဆင့်နှင့် ပတ်သက်သည့် ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

“ထွက်လာရင် လာပါ။ ဥပမာဆိုပါစို့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ ထွက်လာမလား။ ဗိုလ်ချုပ်မှူးကြီး မောင်အေးပဲ ထွက်လာမလား၊ ဗိုလ်ချုပ်ကြီးရွှေမန်းပဲ ထွက်လာမလား၊ လာခဲ့ပါ။ ကျနော်တို့ထဲမှာ ဝင်လုပ်ကြမလား။ သို့မဟုတ် ကျနော်တို့နဲ့ မဆိုင်တဲ့ အခြားသော ဒီမိုကရေစီ အဖွဲ့အစည်းများမှာ လုပ်မလား။”ဟု ဖိတ်ခေါ်လိုက်သည်။

၁၉ နှစ်ကျော်ကြာ အင်းစိန်ထောင်တွင် အကျဉ်းချ ခံခဲ့ရသော ဦးဝင်းတင်သည် မြန်မာ့နိုင်ငံရေးလောကတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အများ၏ လေးစား၊ အားကိုးခြင်း ခံရသူဖြစ်သည်။

ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေး အုပ်စု ၃ခုဖြင့် စတင် ဖွဲ့စည်းစဉ်က တတ်သိပညာရှင်များအဖွဲ့မှ ပါဝင်ခဲ့သူဖြစ်သည်။ တတ်သိပညာရှင်များအားလုံး ဖမ်းဆီးခံရပြီး ထောင်မှ ပြန်လွှတ်လာသည့်အခါ အဖွဲ့ချုပ်နှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ပေ။ အဖွဲ့ချုပ်တွင် ဦးအောင်ရွှေအပါအ၀င် တပ်မတော် ခေါင်းဆောင်ဟောင်းများ ဦးဆောင်နေသောကြောင့်ဖြစ်မည်ဟု ယူဆချက်များ ပေါ်ထွက်ခဲ့သည်။

ဦးဝင်းတင်ကမူ အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထောင်မှ လွတ်သည့်နေ့တွင် ပြောလိုက်သည်။ “ဦးအောင်ရွှေဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဦးလွင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဦးတင်ဦးဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ကျနော်တို့ ဒီပုဂ္ဂိုလ်များကို လေးလေး စားစားနဲ့၊ အားကိုးတကြီးနဲ့ ကျနော်တို့ ခေါင်းဆောင်တင်ထားတာပဲ။”ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts