>Joy – Ignorance Poem

>

မောဟကို ကိုးကွယ်ခြင်း

ဂျေအိုဝိုင်

စက်တင်ဘာ ၁၇၊ ၂၀၀၈

လာခဲ့ကြတော့ ထွက်ခဲ့ကြတော့

ဘူတာရုံ ထိုင်ခုံအိုကလေးပေါ်က

ထလာခဲ့ကြတော့။

ပြားကပ်နေတဲ့ ကြောင်သေများစွာ

တညောင်ညောင် ဟစ်နေခဲ့ရာ

သံမဏိ လမ်းတလျှောက်

သင်တို့ ချီတက်လာခဲ့ပါ။

လေတွေကို ချေမှုန်းပစ်ခဲ့တဲ့

ပန်းတွေကို သွေးခဲစေခဲ့တဲ့

ခွေးတွေကို ကျက်အောင် ကင်ပစ်တဲ့

တံတားတွေကို သံလိုက် ဖြစ်စေခဲ့တဲ့

ဒီဇင်ဘာ ပျိုမျစ်မှုဟာ ပေါက်ကွဲခဲ့ပြီးပြီ။

ဒါကိုတကယ် မသိတာလား

ဒါကို မင်းတို့ တကယ် မသိတာလား။

ပန်းစိုက်အိုးနဲ့ ငှက်ကလေး နှစ်ကောင်ကို

အဓမ္မ လုယူ သွားကြပြီးနောက်။

နှင်းစက်တွေ တဖြောင်းဖြောင်း ကျိုးပဲ့ခဲ့

ငါတို့တသိုက် ပျားရည်ဝိုင်နဲ့ လူးခါ ခဲ့ပေါ့။

လာခဲ့ကြတာတော့ ထွက်ခဲ့ကြတော့

သတ္တုသွန်း ဈေးခင်း ထဲက

ထွက် လာ ခဲ့ကြတော့။

ခြောက်သွေ့သွားတဲ့ လိမ္မော်သီးများစွာ

မျက်ကြည်လွှာကို ဖျက်ဆီးမယ့်

အဆိပ်ရည် ပန်းအောက်က

သင်တို့ လှော်ခတ်လာကြတော့။

ဝတ်ရုံတွေနဲ့ ကျော့ကွင်း ဆင်ထားခဲ့တဲ့

မာယာတွေနဲ့ အရေခွံ ခွာပြီးခဲ့တဲ့

ဇီးကွက်တွေနဲ့ သားကောင် ဖမ်းခိုင်းတဲ့

မြားတံတွေနဲ့ မြစ်ကို သွေးအလူးလူး ပစ်ခတ်ခဲ့တဲ့

ဒီဇင်ဘာ ရက်စက်မှုဟာ ချုပ်ငြိမ်းခဲ့ပြီးပြီ

ဒါကို တကယ် မသိတာလား

ဒါကို မင်းတို့ တကယ် မသိတာလား။

ရွှေသမင်တွေ ရသေ့တွေနဲ့

လှည့်စား ဖျားယောင်းပြီးနောက်

စစ်ရထားတွေ တစက်စက် ပျော်ကျခဲ့

ငါတို့ တသိုက် တမင်းပေါင်းနဲ့ ဆန့်တင်းခဲ့ပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts