>Ashin Kovida from Saffrson Revolution still in solitude after one year

>

ရွှေဝါရောင်အရေးတော်ပုံက အရှင်ကောဝိဒ ဘေးဧရိယာတွင် တပါးတည်း သီတင်းသုံးလျက်ရှိ

မိုးမခ အထောက်တော် ၀၀၂

စက်တင်ဘာ ၁၆၊ ၂၀၀၈

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း တိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်နေရသူ သပိတ်မှောက် သံဃာတော်များအနက် တပါးအပါအ၀င် ဖြစ်သူ အရှင်ကောဝိဒ ကိုယ်တော်သည် ဘေးဧရိယာတွင် နိုင်ငံရေးဒုက္ခသည် တဦးအဖြစ် ပြောင်းရွှေ့ သီတင်းသုံးနေခဲ့သည်မှာ ၆ လ ကျော် ကြာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

၎င်းသည် အမေရိကန်ကွန်ဂရက် ကြားနာခြင်း အစီအစဉ်သို့ တက်ရောက်ပြီး ၎င်း၏ အတွေ့အကြုံ မျက်မြင်သက်သေ အဖြစ်အပျက်များ ပြောကြားပြီးနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဥက္ကလံမြို့တွင် တာဝန်ယူခေါ်ဆောင်သည့် အဖွဲ့အစည်း ပြင်ဆင်ပေးမှုအပြင် မိမိအစီအစဉ်ဖြင့် တပါးတည်း သတင်းသုံးလျက်ရှိကြောင်း မိုးမခက စုံစမ်းသိရှိရသည်။

မိမိ အနေနှင့် မိမိဆုံးဖြတ်ချက်ဖြင့် သီးခြား နေထိုင်နေခြင်း ဖြစ်ကြောင်း ဦးကောဝိဒက မိန့်ကြားသည်။

ထိုအကြောင်းကို ကြားသိရသော မြန်မာမိတ်ဆွေတဦးက ပြောကြားရာတွင် –

မိမိတို့ ဗုဒ္ဓဘာသာ မြန်မာမိသားစုများ အနေဖြင့် ရဟန်းတပါး မိမိတို့ ရပ်ရွာတွင် ရောက်ရှိ မှီတင်း သီတင်းသုံး နေထိုင်သည်ကို ကြားသိရပါက ၀ိုင်းဝန်းပြီး ပစ္စည်း ၄ ပါး လှူဒါန်း ၀ိုင်းဝန်းကြရေးကို ဆောင်ရွက်ကြရန် ၀န်မလေးပါကြောင်း၊ ယခုလည်း မိမိတို့ နီးစပ်ရာ မြန်မာမိသားစုများ တိုင်ပင်ပြီး ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း မိုးမခသို့ ပြောကြားသည်။

အရှင် ဦးကောဝိဒ ကိုယ်တော်သည် ၂၀၀၇ သံဃာ့အရေးတော်ပုံကို စစ်တပ်က ပစ်ခတ် နှိမ်နှင်းသည့် နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာခဲ့ရာတွင် နိုင်ငံတကာ သတင်းမီဒီယာများက ဦးဦးဖြားဖြား ကိုယ်တွေ့ သတင်းအဖြစ် တွေ့ဆုံ အင်တာဗျုးခွင့်ရခဲ့သော ကိုယ်တော်အဖြစ် ထင်ရှားသည်။

ဦးကောဝိဒနှင့် မိုးမခက တွေ့ဆုံပြီး ၎င်းကိုယ်တိုင် မိန့်ကြားသည့် ကိုယ်ရေးအကျဉ်းကို တင်ဆက်လိုက်ပါသည်။

၁၉၈၃၊ အောက်တိုဘာ ၁၀ တွင် ရခိုင်ပြည်နယ်၊ တိုက်မော်ရွာမှာ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် ဒုတိယမြောက်ဖြစ်သည်။ ၁၂ နှစ်သားတွင် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး အမ်းမြို့ ၀ဏ္ဏိတာရာမ ပရိပတ္တိ စာသင်တိုက် တွင် စာသင်သားအဖြစ် ဆောင်ရွက်သည်။ ၁၆ နှစ်တွင် ပထမငယ်၊ ၁၇ နှစ်တွင် ပထမလတ်၊ ၁၈ နှစ်တွင် ပထမကြီး အောင်မြင်ခဲ့သည်။ ဆက်လက်ပြီး ဓမ္မစရိယတန်း ၄ နှစ် ဆည်းပူးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့သည်။ မင်္ဂလာရာမကျောင်း ပါဠိတက္ကသိုလ်တွင် စာပေသင်ကြားသည်။ ၂၀၀၅ ခုနှစ်တွင် နန်းဦးကျောင်းသို့ ပြောင်းရွေ့ သီတင်းသုံးသည်။ ၂၀၀၇ သံဃာ့အရေးအခင်းတွင် သံဃာကိုယ်စားလှယ်အဖွဲ့ (သံဃာ့ကောသလအဖွဲ့) ကို ဦးဆောင်ပြီး လှုပ်ရှားခဲ့သည်။ ၂၀၀၇ အောက်တိုဘာ ၁၈ တွင် ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်ခဲ့သည်။ ၂၀၀၈ မတ် ၁၁ တွင် အမေရိကန် ပြည်ထောင်စုသို့ နိုင်ငံရေး ဒုက္ခသည် အစီအစဉ်ဖြင့် ပြောင်းရွှေ့ သီတင်းသုံးသည်။ ယခုအချိန်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဥက္ကလံမြို့တွင် တပါးတည်း သီတင်းသုံးလျက်ရှိသည်ကို တွေ့ရသည်။

(photo – Ashin Kovida, Saffron Revolution, as of Sept 7th 2008, MoeMaKa)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts