>World News in Variety and Brief

>

ထူးထူးခြားခြား ကမ္ဘာတလွှား၊ နိုင်ငံတကာသတင်း တိုထွာ
မိုးမခ အထောက်တော် ၀၀၈

စက်တင်ဘာ ၁၂၊ ၂၀၀၈

၁၉၇၂ ခုနှစ်မှစ၍ ဘိဂ်မက်ဟမ်ဘာဂါ (Big Mac) ၂၃၀၀၀ စားခဲ့
(စက်တင်ဘာ ၁၀ ရက်၊ အေပီ သတင်း)

ဝစ္စကွန်ဆင်မြို့(Wisconsin) မှ Don Gorske သည် ပြီးခဲ့သည့် ၃၆ နှစ်အတွင်း ဘိဂ်မက်ဟမ်ဘာဂါ(Big Mac)ပေါင်း ၂၃၀၀၀ စားခဲ့သည်ဟု ဆိုသည်။ ဟမ်ဘာဂါ စွဲမြဲစွာ စားသည့်အကျင့်ကို ၁၉၇၂ ခု မေ ၁၇ ရက် မှ စတင်ခဲ့ပြီး လွန်ခဲ့သည့်လက အရေအတွက် ၂၃၀၀၀ ပြည့်ခဲ့သည်ဟု သိရသည်။ “ဟမ်ဘာဂါကို သိပ်ကြိုက်တယ်၊ နေ့တိုင်းစားတယ်၊ တစ်ခါစားရင် ၂ ခုမှ ၀တယ်” ဟု အသက် ၅၄ နှစ်အရွယ် မစ္စတာ Gorske က ပြောကြားသည်။

သူကိုယ်တိုင်စားသည့် ဟမ်ဘာဂါ ငွေလက်ခံဖြတ်ပိုင်းကို နေ့စဉ် စုဆောင်းခဲ့ကြောင်း၊ ကိန်းဂဏန်းနှင့် ပတ်သက်၍ လွန်စွာစိတ်ဝင်စားကြောင်း၊ မက်ဒေါ်နယ်လ်ကုမ္ပဏီ(McDonald’s)က နေ့စဉ်စားသောက်သူ အရေအတွက်ကို မှတ်တမ်းတင်သည်ကို နှစ်သက်ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်က ၁၈၀၀၀ မြောက် ဟမ်ဘာဂါကို သုံးဆောင်နေသော Don Gorske (photo:AP)

သူ၏ စားသောက်မှုသည် ကျန်းမာရေးနှင့် မညီညွတ်ဟု အချို့က ထင်သော်လည်း သူသည် အရပ် ၆ ပေ ၂ လက်မ နှင့် ကိုယ်အလေးချိန် ၁၈၅ ပေါင် ရှိပြီး တစ်နေ့လျှင် ၁၀ မိုင်ခန့် လမ်းလျှောက်ကာ ကျန်းမာရေးဂရုစိုက်သည်ဟု ဆိုသည်။ ယခင်က အားလူးကြော်များကိုလည်း နေ့စဉ်စားခဲ့ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အာလူးကျော်ကို တစ်လလျှင် တစ်ကြိမ်သာစားသည်ဟု သိရသည်။

“တချို့က ကျနော့်ကို လူကြောင်လို့ ခေါ်တာ ကျနော် စိတ်အနှောက်အယှက် မဖြစ်ပါဘူး၊ ကျနော်က ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာ သူတို့သိသွားမှာပါ” ဟု Gorske က အေပီသတင်းသို့ ပြောကြားခဲ့သည်။

ဟမ်ဘာဂါ မစားရသည့် ရက် ၈ ရက်ကိုလည်း သူက အမှတ်တရရှိသေးသည်။ ၁၉၈၈ ခုနှစ် သူ၏မိခင် ဆုံးသောနေ့၌ ဟမ်ဘာဂါ မစားပါဟု ကတိပေးခဲ့သည့်နေ့တွင် တစ်ခါ၊ အရေးပေါ်ကြောင့် ညသန်းခေါင်ကျော်အထိ အချိန်ပို အလုပ်ဆင်းခဲ့သည့် နှစ်ရက်၊ ခရီးထွက်စဉ် မက်ဒေါနာဆိုင်ကို ရှာမတွေ့သည့်အကြိမ် သုံးခါ၊ ၂၀၀၀ ခုနှစ် Thanksgiving Day နေ့တွင် တစ်ခါ၊ ၁၉၈၂ ခုနှစ်တွင် နှင်းမုန်တိုင်းကြောင့် မြို့ထဲရှိ မက်ဒေါနာဆိုင်ပိတ်ခဲ့သည့်နေ့တွင် တစ်ခါ စသည့်နေ့ရက်များတွင် ဟမ်ဘာဂါ မစားခဲ့ရဟု သိရသည်။

“နောက်ပိုင်း ရေခဲသေတ္တာမှာ ဟမ်ဘာဂါ အပို တစ်ခု သို့မဟုတ် နှစ်ခု သိမ်းတဲ့ အကျင့်လုပ်လာတယ်၊ ဆောင်းရာသီရောက်ရင် လေးငါးခုအထိ သိမ်းထားတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

ဇနီးသည်ပေါင်း ၈၆ ဦးရှိသည့် တရားဟောဆရာ

(စက်တင်ဘာ ၉ ရက်၊ Reuters သတင်း)

ဇနီးသည် ၈၆ ယောက်ရှိသည့် အနက် ၄ ဦးမှလွှဲပြီး ကျန်အားလုံးကို ကွာရှင်းခြင်းမလုပ်ပါက ဒေသမှ စွန့်ခွာရန် ဖိအားပေး ခြိမ်းခြောက်ခြင်း ခံနေရသော မူဆလင် တရားဟောဆရာတစ်ဦးကို နိုင်ဂျီးရီးယားတရားရုံးတစ်ခုက ၎င်းအား ယာယီနေထိုင်ခွင့် ပြုလိုက်သည်။

မိုဟာမက်ဘဲလို (Mohammed Bello)သည် နိုင်ဂျီးရီးယားနိုင်ငံ Bida မြို့တွင် ဇနီးသည်များ၊ သားသမီးပေါင်း ၁၇၀ တို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ရှရီယာဥပဒေအရ အမျိုးသား တစ်ယောက်သည် မိန်းမ ၄ ယောက်ထက်ပို၍ မယူရဟု သတ်မှတ်ထားသည်။ ဒေသခံ မူဆလင်ခေါင်းဆောင်များက သူ့အား စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထားပြီး အစ္စလမ် ရှရီယာဥပဒေကို လိုက်နာရန် တောင်းဆိုခဲ့သည်။

ထိုသို့ ခြိမ်းခြောက်မှုသည် သူ၏ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် နေထိုင် သွားလာခွင့်ကို ချိုးဖောက်ရာရောက်သည်ဟု မိုဟာမက်ဘဲလိုက တရားရုံးတွင် ခုခံခြေပခဲ့သည်။

မိုဟာမက်၏ မသင်္ကာစရာ အိမ်ထောင်ရေးဇာတ်လမ်းကို နိုင်ဂျီးရီးယား သတင်းများမှ ထုတ်ဖော်ခဲ့သည့်နောက်ပိုင်း သူအား ခြိမ်းခြောက်မှုများစွာ ရှိခဲ့သည်ဟု သိရသည်။

ယင်းအမှုကိစ္စကြောင့် နိုင်ဂျီးရီးယားနိုင်ငံအတွင်း အငြင်းပွားမှု ဖြစ်နေသည်ဟု သိရသည်။ နိုင်ဂျီးရီးယားတွင် လူဦးရေ သန်း ၁၄၀ ကျော်ရှိပြီး ထက်ဝက်ခန့်သည် မူဆလင် ဘာသာဝင်များ ဖြစ်သည်။

စကော့တလန် စာပို့သမား စာများကို မပို့ဘဲသိမ်းဖွက်ထား

(စက်တင်ဘာ ၉ ရက်၊ Reuters သတင်း)

အလုပ် ပင်ပန်းလွန်းသဖြင့် စာပေါင်း နှစ်သောင်းကျော်ကို သူ၏အိမ်၌ ၀ှက်ထားခဲ့သည်ဟု ဂျာမဏီတွင် အလုပ်လုပ်နေသည့် စကော့တလန် စာပို့ဝန်ထမ်းတစ်ဦးက ထွက်ဆိုသွားကြောင်း ရဲကပြောကြားသည်။ ဖရန်ဖို့ (Frankfurt) မြို့တွင် အလုပ်လုပ်သည့် အဆိုပါဝန်ထမ်းက စာများကို အမှိုက်ပုံးထဲသို့ ထည့်နေစဉ် အိမ်နီးနားချင်းက မြင်တွေ့သွားသဖြင့် ရဲထံသို့ အကြောင်းကြားခဲ့သည်ဟု သိရသည်။

“ထူးခြားတာက လိုက်မဝေဘဲ ဖွက်သိမ်းထားတဲ့စာထဲမှာ သူ့ဆီကိုပို့တဲ့ စာတောင် ပါတယ်” ဟု သက်ဆိုင်ရာရဲက ပြောကြားခဲ့သည်။

သူ၏ အိမ်မြေအောက်ထပ်ခန်းနှင့် အိပ်ခန်းထဲတွင် စာအပြည့်ဖြည့်ထားသည့် အမှိုက်အိပ်နှင့် စက္ကူဗူးများကို ထောက်လှမ်းရေးရဲများက ရှာဖွေတွေ့ ရှိခဲ့သည်။ ညကျောင်းတဖက် တက်နေရပြီး ပန်းပင်းလွန်း၍ ပို့ရသည့်စာများကို အချိန်မီပြီးအောင် မပို့နိုင်တော့သဖြင့် ထိုသို့ပြုလုပ်ခဲ့ကြောင်း စာပို့ဝန်ထမ်းက ရဲကို ပြောကြားခဲ့သည်။

၂၀၀၇ နှစ် သြဂုတ် မှစ၍ မပို့ဘဲ သိမ်းဖွက်ထားသော စာပေါင်း နှစ်သောင်းခန့်ရှိပြီး ထိုစာအိတ်များအား သယ်ဆောင်ရန် ဗင်ကားနှစ်စီး လိုအပ်မည်ဖြစ်သည်။

လူ့မစင်မှ သဘာဝဓာတ်ငွေ့ ထုတ်ယူရန် စီစဉ်

(စက်တင်ဘာ ၁၀ ရက်၊ Reuters သတင်း)

လူ့အညစ်အကြေးမှ မီသိန်းဓာတ်ငွေ့ကို ထုတ်ယူပြီး သန့်စင်သည့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မည့် အစီစဉ်ကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်ထိုနီယို (San Antonio) မြို့က ပထမဆုံး စတင်မည်ဟု အင်္ဂါနေ့က ထုတ်ဖော်လိုက်သည်။ ဆန်အန်ထိုနီယို နေထိုင်သူများ၏ နှစ်စဉ် တန် တစ်သိန်းလေးသောင်း ရှိသည့် မစင်အညစ်အကြေး (တနည်းအခေါ် biosolids) မှ သဘာဝဓာတ်ငွေ့သို့ ပြန်လည်ထုတ်ယူနိုင်မည်ဟု မြို့၏ ရေစီမံရေးဌာနမှ အကြီးအကဲ Steve Clouse က ပြောကြားသည်။

ထိုအစီစဉ်ကို ဆန်အန်ထိုနီယိုမြို့နှင့် မက်စက်ချူးဆက်ပြည်နယ် အခြေစိုက် Ameresco Inc ကုမ္ပဏီတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး သဘာဝဓာတ်ငွေ့ တစ်နေ့လျှင် ကုဗပေ ၁.၅ သန်း ထုတ်လုပ်နိုင်မည်ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

ယခင်က အိမ်သာများမှ စွန့်ပစ်လိုက်သော အညစ်အကြေးများကို မြေသြဇာအဖြစ် အသုံးချခဲ့သည်။ ယခု သဘောတူညီချက်အရ စွန့်ပစ်မစင်များ၏ ၉၀% ကို သဘာဝဓာတ်ငွေ့ အဖြစ်သို့ ထုတ်လုပ်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၌ အသုံးပြုမည်ဟု သိရသည်။

အိမ်သာ သန့်ရှင်းရေးအတွက် မီချီကန်မြို့ ကို ၁၅၆ ဒေါ်လာ တောင်းဆို

(စက်တင်ဘာ ၁၁ ရက် အေပီ သတင်း)

မီချီဂန်အနောက်ဖက် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်သည့် Saugatuck မြို့မှ အများသုံး အိမ်သာတစ်ခုသည် အလွန်ညစ်ပတ်သောကြောင့် ဆိုင်ပိုင်ရှင်တစ်ဦးက ကိုယ်တိုင် ဆေးကြောသန့်ရှင်းခဲ့ပြီး၊ လုပ်အားခအတွက် ၁၅၆ ဒေါ်လာပေးရန် မြို့တော်စည်ပင်သို့ တောင်းဆိုလိုက်သည်။

သူ၏ဆိုင်တွင် ၀ယ်ယူအားပေးသော ကမ္ဘာလှည့်ခရီးသည်များက အများသုံးအိမ်သာ သန့်ရှင်းမှုမရှိကြောင်း ပြစ်တင်ဝေဖန်သည်ကို ကြားခဲ့ရသဖြင့် ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုင်ရှင် Steve Oswald က WZZM ရုပ်သံဌာနကို ရှင်းပြခဲ့သည်။

“အိမ်သာက တကယ့်ကို ညစ်ပတ်နေတာပဲ၊ ကျနော်ဆိုရင်လည်း အဲဒီ အိမ်သာပေါ် ထိုင်မှာ မဟုတ်ဘူး” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

အခြေအနေကို မြင်တွေ့ပြီးပြီးခြင်း ထိုမြို့မှ တာဝန်ရှိသူအား ဖုန်းဆက် အကြောင်းကြားပြီးနောက် သူကိုယ်တိုင် သန့်ရှင်းရေး ၄၅ မိနစ်ကြာ လုပ်ခဲ့သည်ဟု သိရသည်။

ပုံမှန်အားဖြင့် ထိုအိမ်သာများကို တနေ့လျှင် ၂ ကြိမ် သန့်ရှင်းရေးလုပ်ကြသည်၊ ထိုနေ့က ခရီးသည် အလွန်စည်ကားသည့် အားလပ်ရက် ဖြစ်သောကြောင့် မြန်ဆန်စွာ ညစ်ပတ်သွားသည်ဟု မြို့စည်ပင်သာယာရေး မန်နေဂျာ Kirk Harrier က ရှင်းလင်းခဲ့သည်။

Oswald ၏ လုပ်ရပ်ကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း၊ သို့ရာတွင် မြို့အုပ်ချုပ်ရေးအဖွဲ့က လုပ်အားခအတွက် ပိုက်ဆံပေးမည် မပေးမည်ကို မဆုံးဖြတ်ရသေးကြောင်း Harrier က ဆက်လက်ပြောသည်။

ကေအိုင်အို အထွေထွေအတွင်းရေးမှူး၏ နေအိမ် အဖောက်ခံရ

(စက်တင်ဘာ ၉ ရက်၊ Kachin News Group သတင်း)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO – Kachin Independent Organization) အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျမ်းလှဂျာ (Dr. Lahkyen La Ja) ၏ နေအိမ် သြဂုတ် ၇ ရက်က ဖောက်ထွင်းခံခဲ့ရပြီး မီးခံသေတ္တာမှ ရွှေငွေ အမြောက်အမြား ခိုးယူသွားကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၌ တည်ရှိသော လှဂျာ၏အိမ်သို့ သူခိုးသည် နေ့လည်ပိုဆင်းတွင် ၀င်ရောက်ခဲ့ပြီး မီးခံသေတ္တာမှ ကျပ်ငွေ သန်း ၆၀ (ဒေါ်လာ ၅၀,၀၀၀ ခန့်)၊ တရုတ်ယွမ်ငွေများ၊ ကျောက်စိမ်း၊ စိန်၊ ရွှေ တို့ကို ယူဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

ထိုသတင်းကြားရသည့် မြောက်ပိုင်းတိုင်း တိုင်းမှူး အသစ် ဗိုလ်ချုပ်စိုးဝင်းက မြစ်ကြီးနား အမှတ်(၁) ရဲစခန်းမှ စခန်းမှူးအား သူခိုးကို မိအောင်ရှာမတွေ့ပါက ရာထူးဖြုတ်မည်ဟု ဖိအားပေးခဲ့ကြောင်း သိရသည်။

တိုင်းမှူး၏ အမိန့်ဖြင့် ထိုနေ့ညက စီတာပူရပ်ကွက်ရှိ နေအိမ်အားလုံးကို အသေးစိတ် ရှာဖွေမှု ပြုလုပ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts