International News

Obama Trayvon Martin

သမ္မတအိုဘားမားက လူမည်းလူငယ်များ ကာကွယ်စောင့်ရှောက်ဖို့ ထုတ်ဖော်ပြော
နိုင်ငံတကာသာဂိ၊ ဇူလိုင် ၂၀ ၂၀၁၃
ဇူလိုင် ၁၃၊ ဖလော်ရီဒါပြည်နယ် တရားရုံးက လက်နက်မဲ့၊ လူမည်းလူငယ်တဦးကို သတ်ဖြတ်သည့် လူဖြူမျိုးနွယ်အား အပြစ်မရှိဟု ဆုံးဖြတ်ချက်အပြီး အမေရိကန်တပြည်လုံးတွင် အသားအရောင်ခွဲခြားသည့် မတရားစီရင်မှုအဖြစ် ဆူပူကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။ လူမည်းများအပေါ် အမေရိကန်တရားရုံှးနှင့် လူ့အဖွဲ့အစည်းက ခွဲခြားနှိမ်ချသည့် ဖိနှိပ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံသားအခွင့်အရေး တန်းတူရရှိမှု (Civil Rights Movement) လိုအပ်နေဆဲဖြစ်ကြောင်းနှင့် လူမျိုး အသားအရောင် ခွဲခြားမှုများကို အမျိုးသားရေးအဆင့် ပြောဆိုဆွေးနွေးဖြေရှင်းရန် လိုကြောင်း ပြောဆိုလာကြသည်။

ထိုသို့ ပြောဆိုသူများတွင် လမ်းပေါ်ထွက် ဆန္ဒပြကန့်ကွက်သူများအပြင် လူမည်းခေါင်းဆောင်များသာမက တရားရုံးရှေ့နေချုပ် နှင့် သမ္မတကိုယ်တိုင်လည်း ပါဝင်လာသည်ကို တွေ့ရသည်။ အမေရိကန်တရားရုံးချုပ်ရှေ့နေ Eric Holder (လူမည်း) က သူ့သား ဆယ်ကျော်သက်ကို လမ်းထွက်လျင် သတိထားရန်၊ ရဲများ လက်နက်ကိုင်များကို အတိုက်အခံမလုပ်မိရန် သတိပေးရသည်ဟု ၀န်ခံပြောလိုက်သည်။ သမ္မတ Obama (လူမည်း) ကလည်း ငယ်စဉ်က အသားမည်းသည့်အတွက် ခွဲခြားမှု၊ သံသယဖြစ်မှု ခံရကြောင်း၊ လက်ရှိအချိန်တွင် လူမှုအသိုင်းအ၀ိုင်းတွင် လူမည်းလူငယ်များ မတရားအကြမ်းဖက်ခံရခြင်း၊ အကြမ်းဖက်နေခြင်း အချိုးအဆများပြားနေသည့်ကို တွေ့နိုင်ကြောင်း၊ ထိုနည်းတူ လူမျိုးရေး၊ ဘာသာရေး၊ ယုံကြည်ကိုးကွယ် မတူညီသည့်အပေါ် ပဋိပက္ခဖြစ်နေခြင်းကို နိုင်ငံသားအားလုံးနှင့် စနစ်ကိုယ်တိုင်က လက်ခံပြီး ရင်ဆိုင်ဖြေရှင်းရန် တိုက်တွန်းကြောင်း ယမန်နေ့က ထုတ်ပြောလိုက်သည်။

(ကာတွန်းတွင် အသတ်ခံရသူသာ လူဖြူဖြစ်နေပြီး၊ သတ်သူက လူမည်းဆိုလျင် ဘယ်လိုလဲဟု မေးခွန်းထုတ်ထားသည်)
ထရီဗွန်မာတင်အမည်ရှိ ၁၇ နှစ်သား လူမည်းလူငယ်ကို ဇင်မားမင်းအမည်ရှိ ၂၉  နှစ် လူရွယ်၊ ကိုယ်ထူကိုယ်ထလက်နက်ကိုင် ကင်းသမားက မင်္သကာပြီး နောက်ယောင်ခံ စုံစမ်းရာမှ အချင်းဖြစ်ပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ကို ဖလော်ရီဒါပြည်နယ် တရားရုံး ခုံသမာဓိအဖွဲ့ဝင် အမျိုးသမီး ၆ ဦးက အပြစ်မရှိဟု ဆုံးဖြတ်ပြီး တရားသေလွှတ်ပစ်ခဲ့သည်။ အဆိုပါ ဂျုရီအဖွဲ့ဝင်တဦးက စီအင်န်အင်န် သတင်းဌာနသို့ အထူးအင်တာဗျုးပေးရာတွင် ဇင်မားမင်းမှာ မင်္သကာသည့်လူကို စုံစမ်းရမှာဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့်အနေနဲ့ ပစ်သတ်နိုင်ကြောင်း၊ အသတ်ခံရသည့် လူငယ်မှာလည်း တာဝန်ရှိကြောင်း၊ ဇင်မာမင်းလိုလူမျိုးကို မိမိလက်ခံကြောင်း ပြောကြားခဲ့သဖြင့် အသတ်ခံရသူ လူမည်း ထရီဗွန်မာတင်အပေါ် အဆိုပါ ဂျုရီ၏ ကိုယ်ချင်းမစာသည့် သဘောထားကြောင့် အမေရိကန်လူထု၏ ကန့်ကွက်အုံကြွမှုများ ပိုမို ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖလော်ရီဒါပြည်နယ်တွင် လူမည်းအမျိုးသမီးတဦးက အနိုင်ကျင့်သည့်သူ့ယောက်ျားကို သေနတ်မိုးပေါ်ထောင် ပစ်ပြီး ခြောက်လှန့်ကာကွယ်ခဲ့သည်ကို တရားရုံးက အပြစ်ရှိသည် ဆုံးဖြတ်ပြီး ကလေး ၃ယောက်အမေ၊ အဆိုပါ လူမည်းအမျိုးသမီးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က လူမည့်းအမျိုးသမီးသည် မိမိကိုယ်ကို ကာကွယ်ကြောင်း လျောက်ထားသော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုတွင် လူဖြူမဟုတ်သည့် အသားအရောင်ကွဲပြားသည့် နိုင်ငံတကာမှ လူအများအပြား ပြောင်းရွှေ့နေထိုင်ခြင်း၊ မိသားစုများ ထူထောင် တိုးပွားခြင်း၊ အသားအရောင်မတူသူ၊ အခြေခံအကြောင်းအရာချင်း မတူသူများ အတူတကွ နေထိုင်မှုများ ပြန့်ပွားလျက်ရှိသော်လည်း စနစ်နှင့် လူမှုအသိုင်းအ၀ိုင်းတချို့တွင် အသားအရောင်၊ လူမျိုး၊ ဘာသာ ခွဲခြားဆက်ဆံမှုများ ဖိနှိပ်မှုများ ဖြစ်ပွားဆဲဖြစ်သည်။ အမေရိကန်ရှိ လူမည်းများကို အကြမ်းဖက်သူများ၊ ရာဇ၀တ်ကောင်များ၊ ပညာမတတ်သူများ၊ ဆင်းရဲသူများနှင့် ဥာဏ်ပညာနိမ့်သူများအဖြစ် တဖက်သတ် ပြောဆိုခြင်း ခံရလေ့ရှိသည်။ အာရှသားများကို လူရာမ၀င်သူများ၊ လူကြောက်များ၊ အယူသီးသူများနှင့် သီးခြားနေလိုသူများအဖြစ် တဖက်သတ် သတ်မှတ်ခြင်း ခံရလေ့ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts