>condition in Thailand

>







ဆန္ဒပြသူများရောက်ရှိနေသည့် ထိုင်းအစိုးရရုံး (Government house) (Photos: AP & Reuters)



ထိုင်းအစိုးရ ဆန့်ကျင်မှုများ ဌာနအသီးသီးသို့ ဆက်လက်ပျံ့နှံ့

AFP သတင်းဌာန

စက်တင်ဘာ ၁၊ ၂၀၀၈

ထိုင်းဝန်ကြီးချုပ် ဆမတ်(Samak Sundaravej) နုတ်ထွက်ရေးအတွက် ၀န်ကြီးချုပ်ရုံးကို တပတ်ကြာ သိမ်းပိုက်ထားသော ဆန္ဒပြသူများအား ထောက်ခံကြရန် ထိုင်းနိုင်ငံ၏ အကြီးဆုံးသော အလုပ်သမားသမဂ္ဂအဖွဲ့က ယနေ့ နိုးဆော်လိုက်သည်။ ဆမတ်သည် ၂၀၀၆ ခုနှစ်တွင် ပြုတ်ကျသွားသော ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ ကြိုးဆွဲရုပ်သေးရုပ်သာ ဖြစ်သည်ဟု ဆန္ဒပြသူများက စွပ်စွဲခဲ့သည်။

အဖွဲ့ဝင်အင်အား ၂ သိန်းရှိသော State Enterprises Workers’ Relations Confederation ခေါ်သမဂ္ဂအဖွဲ့သည် ဆမတ်အား ထပ်မံဖိအားပေးသည့် အနေဖြင့် အစိုးရရုံးဌာနများကို ရေမီးဖြတ်တောက်မည်ဟု သမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Sawit Kaoewan က ထုတ်ဖော်လိုက်သည်။

ဆန္ဒပြသူများသည် ထိုင်းမီးရထားအလုပ်သမားများ၏ ထောက်ခံမှုကိုလည်း ရရှိခဲ့ပြီး ကြာသပတေးနေ့ကတည်းက ရထားဝန်ဆောင်မှုအားလုံး ရပ်တန့်ခဲ့သည်။

အမည်မဖော်လိုသူ ထိုင်းထိပ်တန်းအရာရှိတဦးက အစိုးရနှင့် သမဂ္ဂအဖွဲ့များ ညှိနှိုင်းနေပြီး ရေမီးများ ဖြတ်တောက်လိမ့်မည် မဟုတ် ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သောကြာနေ့၌ ဆန္ဒပြသူများနှင့် ရဲများအကြား ထိပ်တိုက်ရင်ဆိုင်မှုရှိခဲ့ပြီး လူအနည်းငယ် ဒဏ်ရာရခဲ့သည်။ ဆန္ဒပြမှုများသည် ဘန်ကောက်မှ အခြားဒေသများကိုပါ ပျံ့နှံ့သွားပြီး အရေးပါသည့် ပြည်တွင်းလေဆိပ်အချို့ ၂ ရက်ကြာ ပိတ်ခဲ့ရသည်။

ဝန်ကြီးချုပ် ဆမတ်သည် တနင်္ဂနွေနေ့၌ အရေးပေါ် ပါလီမန်အစည်းအဝေး ခေါ်ယူခဲ့သော်လည်း ဆန္ဒပြပွဲပြီးဆုံးစေရန် မည်သည့် သဘောတူညီချက်မှ မရခဲ့ကြောင်း သိရသည်။ “ဘာကြောင့် ပါလီမန်ကို ဖျက်သိမ်း၊ ရာထူး နုတ်ထွက်ရမှာလဲ၊ ငါတို့ ဒီမိုကရေစီကို ထိမ်းသိမ်းနိုင်ပါတယ်ဆိုတာ ကမ္ဘာကိုပြဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား ” ဟု ဆမတ်က ပြောကြားခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူ People’s Alliance for Democracy (PAD) ၏ ခေါင်းဆောင်များသည် ပါလီမန် အစည်းအဝေးဖြင့် ပြဿနာကို ဖြေရှင်းရန် လက်မခံနိုင်ကြောင်း၊ ဆမတ်နုတ်ထွက်ရေးအပြင် ထိုင်းနိုင်ငံ၏ အစိုးရကို အသစ် ပြန်လည်ဖွဲ့စည်းရန် တောင်းဆိုကြောင်း သိရသည်။

Thai PM Samak Sundaravej (photo: Reuters)

PAD အတိုက်ခံအဖွဲ့သည် ထိုင်းနိုင်ငံ၏ အထက်တန်းနှင့် အလယ်အလတ် လူတန်းစား အချို့၏ ထောက်ခံမှုရှိပြီး၊ ယခင် ၀န်ကြီးချုပ်သက်ဆင်နှင့် ယခု ၀န်ကြီးချုပ်ဆမတ်တို့အား ကျေးလက်ဆင်းရဲသားအများစုက ထောက်ခံသည်ဟု သိရသည်။ ၂၀၀၆ ခုနှစ် အာဏာသိမ်းပွဲ၌ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ပြုတ်ကျခဲ့ပြီး မကြာမီက သူ့အား လာဘ်စားမှုဖြင့် တရားစွဲရန် စီစဉ်နေစဉ် ဗြိတိန်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာရွေးကောက်ပွဲ၌ ဆမတ်သည် သက်ဆင်၏ ကိုယ်စားလှယ်အဖြစ် မဲဆွယ်ကာ အနိုင်ရခဲ့ပြီး အစိုးရထိပ်တန်းနေရာ အများစုတွင်လည်း သက်ဆင်၏ မဟာမိတ်များ အရွေးခံခဲ့ရသည်။

နောက်ဆက်တွဲသတင်း

စက်တင်ဘာ ၁ ရက် (International Herald Tribune)

ထိုင်းအစိုးရကို ကန့်ကွက်ဆန္ဒပြမှုများ တနင်္လာနေ့၌ အခြားဌာနများသို့ ဆက်လက်ပျံ့နှံ့နေကြောင်း သိရသည်။ Thai Airways မှ ၀န်ထမ်းများလည်း အင်္ဂါနေ့မှစ၍ လေယာဉ်ခရီးစဉ်များ နှောင့်နှေးရန် ပြုလုပ်မည်ဟု ဆိုသည်။ ဘတ်စ်ကား ၀န်ထမ်းများသည်လည်း ဘန်ကောက်မြို့၏ ၈၀% ဖြစ်သော ဘတ်စ်ကားစီးရေ ၃၈၀၀ ကို ရပ်တန့်သွားစေမည်ဟု ထုတ်ဖော်ခဲ့သည်။ ဆန္ဒပြမှုများ တဖြည်းဖြည်း ကြီးထွားလာမှုကြောင့် ၀န်ကြီးချုပ်ဆမတ်သည် နဂိုစီစဉ်ထားသည့် အင်္ဂါနေ့၌ ဂျပန်သို့သွားမည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts