>Gambari & his associates missed Daw Suu

>

File Photo, Internet, 8th March 2008, earlier day, Daw Suu with UN special envoy

ဒေၞစုနဲႚမတွေ့ရတဲ့ ဂမ်ဘာရီနဲ့ အပေါင်းအပါများ

တပတ်အတွင်း မြန်မာ့သတင်းသုံးသပ်ချက် – ဒေါ်ရီရီအောင်
(သြဂုတ်လ ၂၃ ရက် ၂၀၀၈ ခုနှစ် ဘီဘီစီ ညပိုင်းအစီအစဉ်)
သြဂုတ် ၂၃၊ ၂၀၀၈

ဒီသတင်းပတ်ထဲမှာ ထူးခြားတဲ့ သတင်းကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်နိုင်ငံဆိုင် ရာ အကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံကို ရောက်လာတဲ့ သတင်းပါ။ မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်ဖြစ်ထွန်းမှုရှိအောင် ကုလသမဂ္ဂအနေနဲ့ဆောင်ရွက်ပေးနိုင်စွမ်းမရှိဘူးလို့ လူအများပြောဆိုဝေဖန်မှုတွေ ကြားမှာ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။

အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက သံဃာ့ လှုပ်ရှားမှုနောက်ပိုင်း ၄ ကြိမ်မြောက်ပါ။ ပြီးခဲ့တဲ့ သူ့ခရီးစဉ်တွေအတွင်း မြန်မာအစိုးရ ထိပ်တန်းအရာရှိကြီးတွေ၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအပြင် ထိန်းသိမ်းခံ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒီတခေါက်မှာတော့ မနေ့က သောကြာနေ့အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရသေးပါဘူး။ ဒီလို မတွေ့ရတာကလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ငြင်းဆိုခဲ့လို့ပါ။ ဘာကြောင့် တွေ့ဖို့ငြင်းတယ်ဆိုတာကိုလည်း အန်အယ်လ်ဒီဘက်ကတောင် တိတိကျကျ ပြောနိုင်ခြင်းမရှိပါဘူး။

ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ခွင့်မရခဲ့တဲ့ မစ္စတာ ဂမ်ဘာရီဟာ အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်တွေနဲ့တော့ ၂ ကြိမ် တွေ့ခဲ့ ပါတယ်။ ပထမ ဆွေးနွေးမှုမှာ သဘောတူတာတွေရှိခဲ့သလို မတူတာတွေလည်း ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်၊ ဦးတင်ဦး အပါအ၀င် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးရေးနဲ့ ဆိုးဝါးလွန်းလှတဲ့ တိုင်းပြည်စီးပွားရေးကို တိုးတက်အောင်လုပ်ဖို့ အပါအ၀င် အချက် ၅ ချက်ကို သူတို့ သဘောတူခဲ့ပေမယ့် အန်အယ်လ်ဒီဘက်က သဘောမတူနိုင်တာနဲ့ပတ်သက်လို့လည်း ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“လာမယ့် ရွေးကောက်ပွဲ ဒီလိုသုံးတယ်။ ဒါ ၂၀၁၀ ရွေးကောက်ပွဲပဲပေါ့ဗျာ။ တရားမျှတဖို့၊ လွတ်လပ်ဖို့၊ နိုင်ငံတကာရဲ့ စောင့်ကြည့်ရေးအဖွဲ့တို့ ဘာတို့ ဒါတွေရှိဖို့ ကောင်းအောင်ကြိုးစားမယ်ဆိုတဲ့သဘောပြောတယ်။ ကျနော်တို့က သူ့ကို ဆွေးနွေးပါတယ်။ အန်အယ်လ်ဒီအနေနဲ့ လက်ရှိအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လုံးဝလက်မခံဘူးလို့ ကြေညာထားပါတယ်။ ဆန္ဒခံယူပွဲကလည်း တရားမျှတမှုမရှိဘူး။ အဲဒီလို အခြေအနေမှာ ကုလသမဂ္ဂအနေနဲ့ ဒီလာမယ့်ရွေးကောက်ပွဲကို ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ အချက်မျိုးတွေဟာ မပြောသင့်ဘူးလို့ တိုက်ရိုက်ပဲ ဆွေးနွေးလိုက်ပါတယ်”

အန်အယ်လ်ဒီဗဟိုကော်မတီဝင်တွေနဲ့ မစ္စတာ ဂမ်ဘာရီ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီ၊ မြန်မာစစ်အစိုးရနဲ့ ကုလသမဂ္ဂတို့ ၃ ပွင့်ဆိုင်ဆွေးနွေးမှုဖြစ်မြောက်ရေး ကြိုးပမ်းနေတဲ့ မစ္စတာ ဂမ်ဘာရီအဖို့ မြန်မာ့နိုင်ငံရေးအတွက် အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခဲ့ရ တော့ သူ့ခရီးစဉ်အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဘက်က မတွေ့ခဲ့တာနဲ့ပတ်သက်လို့ ထင်ကြေးပေးပြောဆိုမှုတွေလည်း အများအပြားပေါ်ထွက်လာခဲ့ပါတယ်။ ယူအက်ကမ်ပိန်းဖော်ဘားမားအဖွဲ့က မူဝါဒရေးရာ ဒါရိုက်တာ ဦးအောင်ဒင်ရဲ့ အမြင်ကတော့ ဒီလိုပါ။

“အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ကိုတွေ့ဖို့ ငြင်းဆန်လိုက်တယ်၊ အဲဒီလို ငြင်းဆန်တာ လည်း ကျနော်တို့မြင်တာကတော့ ၁ အချက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်က သူရဲ့ဆောင်ရွက်ပုံတွေကို အားမရလို့လည်းဖြစ်နိုင်တယ်။ ဒုတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းတောင်းဆိုဖူးတာရှိပါ တယ်။ မစ္စတာဂမ်ဘာရီကိုတွေ့တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်က ခေါင်းဆောင်များနဲ့ သူနဲ့ အတူတကွတွေ့ဖို့၊ အဲလိုတွေ့မှသာလျှင် သူတို့ တဖွဲ့တစည်းထဲအနေနဲ့ တသံတည်းကိုပြောပြီးတော့ မစ္စတာဂမ်ဘာရီကို ဆွေးနွေးနိုင်မှာ သေချာတယ်လေ။ အဲလိုမျိုး တပြိုင်တည်း သူ့ရဲ့ စီအီးစီခေါင်းဆောင်များနဲ့ တွေ့ခွင့်မရလို့ မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော မစ္စတာ ဂမ်ဘာရီအနေနဲ့ ဒီ ၄ ရက်အတွင်းမှာ ကိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ အခွင့်ဆုံးရှုံးသွားတာတော့ သေချာတယ်”

အနီးစပ်ဆုံး ဖြစ်နိုင်ချေရှိတာက ဒေါ်အောင်ဆန်းစုကြည်ဘက်က မစ္စတာ ဂမ်ဘာရီနဲ့ တွေ့ပြီးဆွေးနွေး လို့လည်း လက်ရှိနိုင်ငံရေးအခြေအနေ တိုးတက်လာမယ်မထင်လို့ မတွေ့တာလို့ ယူဆနိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts