>saffron revolution overview

>

(မှတ်ချက် – မြန်မာပြည်တွင်းမှ သံဃာတော်တပါး၏ ဆောင်းပါးဖြစ်သည်။)

ရွှေဝါရောင်တော်လှန်ရေးကိုဆန်းစစ်ခြင်း
ကိုရင်သြ

သြဂုတ် ၁၇၊ ၂၀၀၈

“သေနာပတိ၊ မတ်ဘုန်းယှိကား၊ ပြည်ကြီးဥကင်း၊ သီတင်းကျင့်မွန်၊ ဂုဏဝန်နှင့်၊ သီလဝန်မည်၊ မဟာထေရ်ကား၊ တိုင်းပြည့်တံခွန်၊ ဒေဝပိဋကတ်၊ တတ်မှတ်ကျော်ထိတ်၊ ပရောဟိတ်ကား၊ အတိတ်နာဂတ်၊ ဆုံးဖြတ်မြင်သိ၊ ပြည့်မျက်စိတည့်၊ ထိုပြီးတခြား၊ တိုင်းတပါးသို့၊ ရောက်သွားဝင်ထွက်၊ လျှို့ဝှက်ထဲသံ၊ သူ့အကြံကို၊ နာခံထိုထို၊ ကြားကြောင်းဆိုသည့်၊ သူလျှိုယောင်္ကျား၊ သူကောင်းသားကား၊ ပြည့်နားမည်ယှိ၊ ဇာတိမန္တ၊ ရဲသူရနှင့်၊ ဝံသမဟာ၊ ဂုဏ်ဝါသဂီ၊ ရွှေစံမှီသို့၊ မင်းညီမင်းသား၊ ဆွေတော်များမူ၊ ပြည်သွားပြည်စွယ်၊ တင့်တယ်ရောင်ညီး၊ ရှုမညီးသား၊ သမီးကညာ၊ ရတနာကား၊ ကြော်ငြာသတင်း၊ တပြည်ချင်းအောင်၊ ကျော်ခြင်းထွန်းစည်၊ ဝင်းထိန်မှည့်သား၊ ရွှေပြည့်မျက်နှာ၊ မဟာဂဟပတိ၊ သေဌိရတနာ၊ ဥစ္စာပေါယယ်၊ ဌေးသူကြွယ်ကို၊ ပြည့်ဝမ်းဆိုရှင့်၊ ရဲဗိုလ်မှုထမ်း၊ ရဲစွမ်းသတ္တိ၊ အထူးယှိသား၊ ဟတ္တိအဿ၊ ထိုမျှတထွေ၊ ပြည့်ခြေခေါ်ရိုး၊ လက်နက်မျိုးမှာ၊ ပြည့်ရွာ၏လက်၊ စဉ်မပျက်ဖြင့်၊ ပြိုးပြက်နဝရတ်၊ ကိုးချက်မှတ်သား၊ မွန်မြတ်ဥစ္စာ၊ ရတနာတည့်၊ –။”

မဃဒေဝလင်္ကာသစ်၊ ပုတ္တောဝါဒခန်း၊ ပိုဒ်ရေ-၁၈ဝ

မြန်မာနိုင်ငံရဲ့တံခွန်လို့ခေါ်တဲ့ရဟန်းသံဃာတော်များ လမ်းမပေါ် ထွက်ခဲ့ကြပါတယ်။ ဘာကြောင့် ထွက်လာခဲ့ကြရပါသလဲ။ တခုတည်းသော အဖြေကတော့ နည်းမျိုးစုံနဲ့ ဖိနှိပ်အနိုင်ကျင့်နေတဲ့ အာဏာရှင်များ လက်အောက်က ရုန်းထွက်ကြဖို့ပါပဲ။ တနည်းအားဖြင့် စစ်အာဏာရှင်များ အဓမ္မဝါဒီနဲ့ တိုင်းပြည်အပေါ် ကြီးစိုးနေမှုကို မြတ်စွာဘုရားရှင်ရဲ့ တပည့်သား သံဃာတော်များက ဓမ္မဆိုတဲ့တရားနဲ့ တွန်းလှန်ခဲ့တဲ့ ရွှေဝါရောင် ဒီလှိုင်းများပါပဲ။ ဒီရွှေဝါရောင်တော်လှန်ရေးလို့ခေါ်တဲ့ သံဃာတော်များဦးဆောင်တဲ့ လူထုလှုပ်ရှားမှုအပေါ် နည်းနည်းလောက် ပြန်ဆန်းစစ်ကြည့်ချင်ပါတယ်။ ဒီလို ဆန်းစစ်ကြည့်မှလည်း ဦးဇင်းတို့ ကောက်ချက်တစ်ခုကို ချနိုင်မှာပါ။ ဒီကောက်ချက်ဟာ ဦးဇင်းတို့ ရှေ့ဆက်ချီတက်ရမယ့် တော်လှန်ရေးခရီးအတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။

ရွှေဝါရောင်တော်လှန်ရေးကြီး ဘာကြောင့် ပေါ်ပေါက်ခဲ့ရပါသလဲ
အဖြေက တော်တော်လေးပြောမှ ပြည့်စုံမှာပါ။ ဒါကြောင့် လတ်တလောအခြေအနေတွေကိုပဲ အဓိကထား သုံးသပ်ကြည့်ပါရစေ။ အရင်ဆုံး စစ်အုပ်ချုပ်ရေးစနစ်ကို သုံးသပ်ကြည့်မယ်ဆိုရင် န-အ-ဖဟာ သပ်လျှိုသွေးခွဲတဲ့စနစ်ကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြုနေတာ တွေ့ရပါတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ပြည်သူတွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလိုပဲ နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်များနဲ့ အောက်ခြေသံဃာတော်များကိုလည်း နည်းအမျိုးမျိုးနဲ့ သွေးခွဲ အုပ်ချုပ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုရင် ပြည်သူတွေအပေါ်မှာ သံဃာထုရဲ့ သြဇာကြီးမားတာကို သိသလို ဒီသံဃာထု နိုင်ငံရေးလောကထဲမှာ ပါဝင်လာမှာကိုလည်း ကြောက်ပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့အလှမ်းဝေးတဲ့ မ-ဟ-န ဆရာတော်များကို အမျိုးမျိုး ချဉ်းကပ်စည်းရုံးပြီး အောက်ခြေ သံဃာတော်များအပေါ် ဝိနည်းဖြင့်လည်းကောင်း၊ တည်ဆဲဥပဒေများဖြင့်လည်းကောင်း နည်းမျိုးစုံသုံးပြီး ဖိနှိပ်ခြင်းဖြင့် သံဃာထုကို သွေးခွဲခဲ့ပါတယ်။ ဒါဟာ သံဃာကို သင်းခွဲခြင်းဆိုတဲ့ သံဃဘေဒကကံကို ကျူးလွန်လိုက်တာပါပဲ။ ဒေဝဒတ်လက်သစ်များလို့ ဆိုရမှာပါ။ ဒီအချက်ဟာ ရွှေဝါရောင်တော်လှန်ရေးကြီးကို သန္ဓေတည်စေခဲ့တဲ့ အချက်ပါ။

လတ်တလောကိစ္စကတော့ ၂ဝဝ၇ သြဂုတ် ၁၉ မှာ လောင်စာဆီဈေးနှုန်းတွေ မြင့်ပြီး ကားခတွေ ရုတ်တရက် ဈေးတက်ခဲ့လို့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လမ်းလျှောက်ဆန္ဒပြခဲ့တာကိုလည်း မတရား ဖိနှိပ် ဖမ်းဆီးခဲ့ပါတယ်။ နောက်တချက်က ၂ဝဝ၇ စက်တင်ဘာ ၅ ပခုက္ကူမှာ ဖြစ်ပွားခဲ့တဲ့ သံဃာ့အရေးကိစ္စမှာ သံဃာတော်တွေကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တဲ့ ကိစ္စပါ။ ရတနာသုံးပါးထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ သံဃာတော်တွေကိုတောင် စော်ကားရဲတယ်ဆိုတော့ ကမ်းကုန်နေပါပြီ။ ဒီလို န-အ-ဖ စစ်အာဏာရှင်တွေ တိုင်းပြည်အပေါ် မတရားဖိနှိပ်ပြီး အဓမ္မတရားတွေနဲ့ ကြီးစိုး နှိပ်စက်နေတာကို သံဃာတော်အရှင်မြတ်များက ဓမ္မနဲ့ရင်ဆိုင်ဖို့ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ အသမ္မုခတာ ကံရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်တဲ့ ပတ္တနိက္ကုဇ္ဇနကံဆိုတဲ့ သပိတ်မှောက်ကံဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂ဝဝ၇ စက်တင်ဘာ ၁၈ မှာ န-အ-ဖ စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ကြရာမှ ရွှေဝါရောင်တော်လှန်ရေးကြီး စတင်ပေါ်ပေါက်ခဲ့ရပါတယ်။

သံဃာတော်အရှင်မြတ်များ စတင်ခဲ့တဲ့ ဒီအရေးတော်ပုံကြီးဟာ သံဃာတော်များအရေးကိစ္စမျှသာ မဟုတ်တော့ဘဲ ပြည်သူအားလုံးရဲ့ အရေးကိစ္စ ဖြစ်လာခဲ့ပါတယ်။ ကျောင်းသား၊ ပြည်သူများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး အရှိန်အဟုန် မြင့်သည်ထက် မြင့်လာခဲ့ပါတယ်။ ဒါဟာ ရှစ်လေး လုံးအရေးတော်ပုံကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း ၁၉ နှစ်ကျော်အကြာမှာ ပေါ်ပေါက်လာခဲ့တဲ့ အရှိန်အဟုန်အကြီးဆုံး လူထုတိုက်ပွဲ တပွဲပါပဲ။

ရွှေဝါရောင်တော်လှန်ရေးကြီးဘယ်လိုပြီးဆုံးသွားခဲ့ရသလဲ
အရှိန်အဟုန်ပြင်းပြင်းနဲ့ လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အကျအဆုံးများစွာနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ သံဃာထုနဲ့အတူ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ မပါဝင်ခဲ့တဲ့အပြင် လျစ်လျူရှုခြင်းပါ ခံခဲ့ရပါတယ်။ ဒါဟာ သံဃာထုအတွက် အနစ်နာဆုံးအချက်ပါ။ အကယ်၍ မ-ဟ-န ဆရာတော်များ ပါဝင်ခဲ့ကြမယ်ဆိုရင် န-အ-ဖ အနေနဲ့ ကိုင်တွယ်ရ တော်တော် ခက်သွားပါလိမ့်မယ်။ သို့ဆိုလျှင် ဒီအရေးတော်ပုံကြီးဟာ မအောင်မြင်ခဲ့ရင်တောင် အခုလို ရက်ရက်စက်စက် နှိမ်နင်းခံရလိမ့်မယ် မဟုတ်ဘူးလို့ ထင်မိပါတယ်။

ပြည်သူအများစုဟာ ဘေးကနေ လက်ခုပ်တီးပေးရုံလောက်နဲ့ တာဝန်ကျေပြီလို့ ထင်နေကြတယ်။ ဒါဟာ အမျိုးသားရေးတာဝန်မဲ့မှု တရပ်ပဲ ဆိုတာကို မသိကြလို့လည်း ဖြစ်နိုင်ပါတယ်။

န-အ-ဖ အနေနဲ့လည်း ဘာကြောင့် ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လိုက်ရသလဲ။ ဒါဟာ အဓိကအချက်ပါ။ လှုပ်ရှားမှုကြီးဟာ တရက်ထက်တရက် အရှိန်အဟုန် ပိုပြင်းထန်လာခဲ့တယ်။ ဒါကို သူတို့ကြောက်တာပါ၊ ဘာကြောင့်လဲဆိုရင် ၂ဝဝ၈ မေလမှာ ဆန္ဒခံယူပွဲ လုပ်မယ်၊ ဒီဆန္ဒခံယူပွဲဟာ သူတို့ရဲ့ အနာဂတ်ပါ။ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေသာ အတည်ဖြစ်သွားပြီဆိုရင် စစ်တပ်က နိုင်ငံတော်အာဏာရဲ့ လေးပုံတစ်ပုံကို အလိုလို ပိုင်ဆိုင်သွားမှာပါ။ သူတို့ ရေးဆွဲထားတဲ့ဥပဒေမူကြမ်းအရ ပြည်သူ့လွှတ်တော် ဖွဲ့စည်းရာမှာ

– ကိုယ်စားလှယ် ၄၄ဝ အနက် စစ်တပ်မှ ၁၁ဝ (ပုဒ်မ – ၁ဝ၉၊ ပုဒ်မခွဲ – ခ တွင်ရှု)၊

– အမျိုးသားလွှတ်တော်ဖွဲ့စည်းရာမှာ ကိုယ်စားလှယ် ၂၂၄ အနက် စစ်တပ်မှ ၅၆ – ဦး (ပုဒ်မ – ၁၄၁၊ ပုဒ်မခွဲ – ခ တွင်ရှု)၊

– အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းရာတွင်လည်း ၁၁ – ဦးအနက် စစ်တပ်မှ – ဦး (ပုဒ်မ – ၂ဝ၁ တွင်ရှု)၊

နိုင်ငံတော်သမ္မတ ရွေးချယ်ရာတွင်လည်း သမ္မတလောင်း ဦးအနက် စစ်တပ်မှ – ဦး (ပုဒ်မ – ၆ဝ၊ ပုဒ်မခွဲ – ခ တွင်ရှု)၊ —- စသဖြင့် စစ်တပ်ရဲ့အခန်းကဏ္ဍကို အဓိကကျအောင် ရေးဆွဲထားပါတယ်။ ဒီလိုအခြေအနေမှာ ရွှေဝါရောင်တော်လှန်ရေးကြောင့် ဆန္ဒခံယူပွဲကို ထိခိုက်မှာ အကြောက်ကြီးကြောက်ပြီး ရက်ရက် စက်စက်ဖြိုခွဲခဲ့တာပါပဲ။ ဒီလိုနဲ့ ဦးဇင်းတို့ရဲ့ ရွှေဝါရောင်ဒီလှိုင်းတွေ ရပ်တန့်သွားခဲ့ရတာပါ။

ရွှေဝါရောင်တော်လှန်ရေးကြီးက ဘာတွေရလိုက်သလဲ
ဒီတော်လှန်ရေးကြီးကနေ မျိုးဆက်သစ်ကျောင်းသား လူငယ်တွေ အမြောက်အများ မွေးထုတ်ပေးခဲ့သလို၊ အနည်ထိုင်လုလုဖြစ်နေတဲ့ လူထုရဲ့နိုင်ငံရေးစိတ်ဓာတ်ကို လှုပ်နှိုးပေးနိုင်ခဲ့ပါတယ်။ နောက် ၂ဝဝ၄ မှာ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးကို ကျင်းပရန်ကြိုးစားပြီး ဘာသာရေးကို ခုတုံးလုပ်တတ်တဲ့ န-အ-ဖ စစ်အာဏာရှင်ကြီးများရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့အရေးကိစ္စကိုလည်း ကမ္ဘာက လျစ်လျှူရှုလို့ မရလောက်အောင်လည်း သိစေခဲ့ပါတယ်။ အဓိကကျဆုံးအချက် ကတော့ သံဃာတော် အရှင်သူမြတ်များဟာ ပြည်သူရဲ့ဆွမ်းကိုစားပြီး နေသာသလို မနေခဲ့ပါဘူး။ ပြည်သူတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ပြည်သူတွေနဲ့အတူ တသားတည်း ရင်ဆိုင်ဖြေရှင်းတတ်တဲ့ ရင်ဆိုင်ဖြေရှင်းရဲတဲ့ ပြည်သူ့ရှေ့ဆောင်တွေ ဖြစ်ကြတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ထိုက်သင့်တဲ့အောင်မြင်မှုတော့ ရခဲ့ပါတယ်။ သာသနာ့အလံတော်ကို အမြင့်မားဆုံးလွှင့်ထူပြီး ဒီမိုကရေစီ တော်လှန်ရေးမှာ ကမ္ဗည်းမော်ကွန်း တင်နိုင်ခဲ့ပါတယ်။ ပြည်သူ၊ ပြည်သား ဒါယကာ ဒါယိကာမတွေအတွက် သံဃာတော် အရှင်မြတ်တွေဟာ ဘေးရန်တွေ ကွယ်ပျောက်အောင် အားကိုးထိုက်တဲ့ ကိုးကွယ်ရာအစစ်တွေ ဖြစ်ကြတယ် ဆိုတာကို သွေးနဲ့ သက်သေပြခဲ့ပါတယ်။ ကမ္ဘာ့အလယ်မှာလည်း မြန်မာရဟန်းတော်များဟာ သမိုင်းအစဉ်အလာ မညံ့ဘူးဆိုတာသိအောင် ရွှေဝါရောင်သမိုင်းအသစ်ကို ရေးထိုးလိုက်နိုင်ခဲ့ပါပြီ။

ဒါပေမယ့် စစ်ပွဲရှုထောင့်ကကြည့်မယ်ဆိုရင် အထိနာခဲ့တယ်လို့ဆိုရမှာပါ။ ပေးဆပ်မှုတွေ တအားများလွန်းလို့ပါ။ အနှစ် ၂ဝ နီးပါး အချိန်တွေကိုစတေးပြီး ရယူခဲ့ရတဲ့ ဒီလှုပ်ရှားမှုအတွင်းမှာ သံဃာတော်နဲ့ ကျောင်းသားပြည်သူများစွာ အသက်ပေးခဲ့ရသလို၊ ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။ အချို့မှာ ယခုတိုင် ပုန်းရှောင်နေရပြီး၊ အချို့က တိုင်းတပါးသို့ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။ ပြည်တွင်းအတိုက်အခံအင်အားစုများ တော်တော်ကို အင်အား ချည့်နဲ့သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေကို ရောက်ခဲ့ရတာဟာ စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စစ်ပြန် ဆိုတဲ့ စစ်ရဲ့ အစီအရင်တွေနဲ့ မပြည့်စုံလို့ပါ။ အကြမ်းဖက် ကိုင်တွယ်မယ်ဆိုတာ သိပြီးသားဖြစ်ပါလျက် အဲဒီအခြေအနေကို အဆုတ်အတက် မလုပ်နိုင်ခဲ့တာလည်း ပါပါတယ်။ အကြမ်းမဖက်နိုင်အောင် ပြည်ပအဖွဲ့အစည်းများနဲ့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံခြားတိုင်းပြည်များ ထိရောက်တဲ့ ဖိအား မပေးနိုင်ခဲ့တာ၊ နောက်ဆက်တွဲ အဖမ်းအဆီးကိစ္စကို ရှောင်လွှဲနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ဝပ်ကျင်းကို ကြိုတင် မဖန်တီးနိုင်ခဲ့တာတွေဟာ အားနည်းချက်တွေလို့ ဆိုရမှာပါ။

ဒီကောက်ချက်ကိုချတာဟာ ဘယ်သူကိုမှ ရည်ရွယ်တာမဟုတ်ပါဘူး။ အခြေအနေတခုကို မတူတဲ့ရှုထောင့်ကရော၊ တူတဲ့ရှုထောင့်ကပါ အမှန်အတိုင်း သုံးသပ်ကြည့်တာပါ။ ဘာလို့လဲဆိုရင် ရှစ်လေးလုံးပြီးကတည်းက အင်အားကောင်းတဲ့ လူထုတိုက်ပွဲဆိုလို့ ဒီရွှေဝါရောင်လှုပ်ရှားမှုဟာ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ဦးဇင်းတို့ရဲ့ ဒီမိုကရေစီပန်းတိုင်ဟာ ဘယ်မှာလဲလို့ မေးစရာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် နောက်တကြိမ်မှာ ဦးဇင်းတို့လှုပ်ရှားမှုဟာ အရင်းနည်းနိုင်သမျှနည်းပြီး အမြတ်များများ လိုချင်ပါတယ်။ ဒီအားနည်းချက်တွေကို နိုင်ရာနိုင်ရာ ဝိုင်းဝန်းဖြည့်ဆီးကြမယ်ဆိုရင် ပန်းတိုင်ဟာ လက်တကမ်းကို ရောက်လာမှာပါ။ရွှေဝါရောင်တော်လှန်ရေးကြီးက ဘာတာဝန်တွေ ပေးနေပြီလဲ
အခုဆိုရင် သံဃာတော်တွေကို ဖမ်းဆီးထောင်ချထားတယ်။ သီလရှင် ဆရာကြီး ဆရာလေးတွေကိုလည်း ဒီလိုပဲ မတရားသဖြင့် ဖမ်းဆီးထောင်ချထားတယ်။ မဂ္ဂင်ကျောင်းတိုက်နှင့် သာသနသိပ္ပံကျောင်းတို့ကို ချိတ်ပိတ်ပစ်လိုက်သလိုမျိုး ကျောင်းတိုက်တော်တော်များများကို စာဝါတက်သံ တိတ်ဆိတ်သွားအောင် ပိတ်ဆို့ထားတယ်။ ဘာသာသာသနာကို ထွန်းကားပျံ့နှံ့အောင် စည်ပင်ဖွံ့ဖြိုးအောင် သာသနာပြုနေကြတဲ့၊ မြန်မာနိုင်ငံကို သာသနာပြုနိုင်လောက်တဲ့ ပဋ္ဋိရူပမြောက်သော အရပ်ဒေသဖြစ်သွားအောင် မေတ္တာပို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်များကို ရဟန်းအတုအယောင်များအဖြစ် ပုတ်ခတ် စော်ကားခဲ့တယ်။

ဒီလို ဘာသာ သာသနာကို မပျက်ပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ မင်းဆိုးမင်းညစ်များကို မင်းကောင်းမင်းမြတ်များနဲ့ လဲလှယ် အစားထိုးပစ်နိုင်ရေးဟာ အရေးတကြီး လုပ်ဆောင်ကြရမယ့် ရွှေဝါရောင်တော်လှန်ရေးကြီးက ပေးအပ်လိုက်တဲ့တာဝန်တွေဖြစ်တယ်။ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ဖို့ဆိုရင် ဆရာ ဒကာလက်တွဲပြီး ဘယ်လို အခက်အခဲမျိုးကို မဆို ရင်ဆိုင် ကျော်ဖြတ်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ပိုင်ပိုင်နိုင်နိုင် ချမှတ်နိုင်ကြဖို့ လိုပါတယ်။

ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများနဲ့ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးကို မေတ္တာရပ်ခံချင်တာ ရှိပါတယ်။ တိုင်းပြည်ရဲ့ တံခွန်လို့ခေါ်တဲ့ ရဟန်းသံဃာတော်များကို သတ်ဖြတ်ခဲ့လို့ တံခွန်မဲ့ပြီး မတင့်မတယ် ဖြစ်နေတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်ဖို့နဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေကို ဖျက်သိမ်းပစ်ပြီး အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ဖို့ ကိစ္စရပ်တွေမှာ ဒီထက်ပိုပြီး ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

သဗ္ဗေသတ္တာ အဝေရာဟောန္တု

ကိုရင်သြ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts