>88 Diary, MyitKyiNar

>

ရှစ်ဆယ့်ရှစ် မြစ်ကြီးနား ဒိုင်ယာရီ

ဥတ္တရမွန်း

သြဂုတ် ၄၊ ၂ဝဝ၈

အနှစ်၂ဝ ပြည့်ခဲ့ပြီပေါ့။ ကြာတော့လည်းကြာပြီ၊ ဒါပေမယ့် မနေ့တနေ့က လိုပါပဲ၊ ဘယ်တော့မှ မမေ့နိုင်တော့ပါ။ အဲဒီတုန်းက ကျနော်က ဒုတိယနှစ် မြစ်ကြီးနားကောလိပ်(ယခု မြစ်ကြီးနားတက္ကသိုလ်) မှာပေါ့။

ရှစ်လ ရှစ်ရက်မှာတော့ ကောလိပ်ကျောင်းသားတွေတော့ မပါသေးဘူး၊ ဒါပေမယ့် မမျှော်လင့်ဘဲ ဆယ်တန်းကျောင်းသားတစ်စုကနေ စတင်ပြီးတော့ လမ်းပေါ်ထွက်ဆန္ဒပြခဲ့တယ်။ အဲဒီကစပြီး မြစ်ကြီးနားကောလိပ်မှာ ဆရာတစ်ဦးက ဦးဆောင်ပြီးတော့ ကျနော်အပါအဝင် ကောလိပ်ကျောင်းသား ဆယ်ဦးလောက်က လျှို့ဝှက်စွာတွေ့ဆုံဆွေးနွေးခဲ့ပြီး တစ်မြို့လုံးအတိုင်းအတာအထိ ဆန္ဒပြပွဲဖြစ်သွားဖို့ စီစဉ်ခဲ့ကြတယ်။ နောက်ဆုံး ရှစ်လဆယ့်တစ်ရက် နေ့ကို ရွေးချယ်ခဲ့ကြတယ်။ (သေချာမမှတ်မိတော့ပါ၊ ရှစ်လရှစ်ရက်နောက် သုံးလေးရက်လောက်သာ အကြမ်းဖျင်းမှတ်မိတော့တယ်။)

သတ်မှတ်ထားတဲ့ရက် မတိုင်မီညက တော်တော်နှင့် အိပ်မပျော်ဖြစ်ခဲ့။ ကိုယ်တိုင်ပါဝင်မယ့် အရေးကို ပြန်တွေးကြည့်မိသည်။ မဆလအစိုးရအပေါ် မကျေနပ်မှုတွေက မြန်မာငွေစက္ကူ သိမ်းခဲ့သည့်ကိစ္စမှ စသည်ဟု ထင်သည်။

ဒါပေမယ့် အဘိုးခေတ်တုန်းက ပြည်သူပိုင်သိမ်းတဲ့ကိစ္စ၊ နောက်ပြီး ဖခင်ရဲ့ ရန်ကုန်တက္ကသိုလ်မှာတုန်းက ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ ဆဲဗင်းဇူလိုင် ကိစ္စတွေကို ငယ်စဉ်ကတည်းက ကြားဖူးသူဆိုတော့၊ မဆလအစိုးကို တော်လှန်ချင်စိတ်က ကျနော့်မှာ မသိမသာ ကိန်းအောင်းပြီးသား ဖြစ်ခဲ့သည်။

ယခုလည်း ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းအချို့နဲ့ အရပ်သားအချို့ ခိုက်ရန်ပွားခဲ့တဲ့ကိစ္စပေါ်မှာ စစ်တပ်က မတရားလွန်ကဲစွာ အင်အားသုံးဖြိုခွဲခဲ့မှု ကနေစပြီး ပေါ်ပေါက်လာတဲ့ ရှစ်လေးလုံးမှာ ကျနော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီ။

ဆန္ဒပြဖို့ရက် ချိန်းထားတဲ့ မနက်ပိုင်းမှာ ကျနော်က အင်္ဂလိပ်စာ ကျူရှင်ကိုလည်း သွားရသေးတယ်။ ညကတည်းက ဆန္ဒပြပွဲအတွက် တိတ်တဆိတ် ခေါင်းစွပ်၊ ကချင်ပုဆိုးနဲ့ အင်္ကျီဖြူတွေကို ပြင်ဆင်ထားခဲ့တာတွေကို မိဘများက မသိခဲ့ပါ။ ကျူရှင်က မနက် ၇ နာရီက ၈ နာရီအထိ တက်ရတယ်။ ကျူရှင်ထဲမှာ စာပေါ်မှာ လုံးဝစိတ်မရှိနိုင်တော့ဘဲ ၉ နာရီမှာ စတင်မယ့် ဆန္ဒပြပွဲကိုသာ စိတ်ကရောက်နေခဲ့တယ်။

ကျူရှင်ဆင်းတာနဲ့ အိမ်ကိုမပြန်တော့ဘဲ ချိန်းထားရာ ရှမ်းစုတောင်ရပ်ကွက်က ဘုန်းကြီးကျောင်းတစ်ခုကို ခြေကျင်လျှောက် တန်းသွားခဲ့တယ်။ မကြာမီမှာ စတင်တော့မယ့် ကျောင်းသားပြည်သူတွေရဲ့ ရင်ထဲက ပွင့်အံထွက်လာမယ့် အသံတွေကို ကြိုတင်သိထားဟန်မတူ၊ မနက်ခင်း မြစ်ကြီးနားမြို့လေးကတော့ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေဆဲပါ။

ဘုန်းကြီးကျောင်းကိုလည်းရောက်ရော ကျောင်းသားတချို့က ရောက်နှင့်နေပြီ။ သိတဲ့သူရော မသိတဲ့သူရော အင်အားကတော့မဆိုးဘူး၊ အားတက်စရာပါပဲ။ ကျောင်းသားအားလုံး ကချင်ပုဆိုး အင်္ကျီအဖြူတွေနဲ့ ဆိုင်းဘုတ်တွေ၊ ကြယ်ငါးပွင့်အလံတွေ၊ ခေါင်းစွပ်တွေနဲ့ အဆင်သင့်ဖြစ်နေကြပြီ။

ကိုးနာရီထိုးတာနဲ့ ဘုန်းကြီးကျောင်းအုတ်တံတိုင်းကနေ တစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်ခဲ့ပြီး လူစုတန်းစီကာ “သပိတ် သပိတ် … မှောက်မှောက် ” ဟု စတင်ကြွေးကြော်ကာ ထွက်လာခဲ့ကြပါတယ်။ မကြာပါဘူး ‘မြို့ဂုဏ်ရောင်’ရုပ်ရှင်ရုံအနား မြစ်ဆိပ်တာရိုးလမ်းပေါ်ရောက်တော့ ချိန်းချက်ထားတဲ့ နောက်ထပ် စုရပ်တစ်ခုကနေ ချီတက်လာတဲ့ အထက်တန်းကျောင်းသားအုပ်စုတွေရဲ့ ကြွေးကြော်သံတွေကိုလည်း အားရစဖွယ် ကြားရပါတယ်။ နောက်ထပ် ဟိုကတစ်ဖွဲ့ ဒီကတစ်ဖွဲ့ အသီးသီးထွက်လာကြပြီး မြစ်ကြီးနားဈေး (၁) နဲ့ ဈေး (၂) ကြားမှာ အားလုံး ပူးပေါင်းသွားကြပါတော့တယ်။

လမ်းဘေးဝဲယာနှစ်ဖက်စလုံးမှာလည်း ရပ်ကြည့်အားပေးသူတွေ လက်ခုပ်တီးသံတွေနဲ့ ကြွေးကြော်သံတွေနဲ့အတူ တမြို့လုံးလွှမ်းသွားပါတော့တယ်။ တဖြည်းဖြည်းနဲ့ ဆန္ဒပြပွဲကို ပြည်သူတွေကပါ ပူးပေါင်းလာခဲ့ပြီး နေ့လယ်ခင်းလောက်မှာတော့ လူတန်းရှည်ကြီးကို အဆုံးအထိ မမြင်နိုင်တော့လောက်အောင် များပြားလာခဲ့ပါတယ်။

အဲဒီနေ့ကတော့ မြစ်ကြီးနားမြို့မှာ ကျောင်းသားပြည်သူအားလုံးပါဝင်လာခဲ့တဲ့ ရှစ်ဆယ့်ရှစ်ခုနှစ် အရေးတော်ပုံရဲ့ ပထမဦးဆုံးနေ့ပါပဲ။ ဆန္ဒပြပွဲဟာ ညနေပိုင်း ၄ နာရီလောက်မှသာ လူစုခွဲ ပြီးဆုံးခဲ့ပါတယ်။

အိမ်ကိုပြန်ခဲ့စဉ်မှာ မိဘရဲ့အဆူခံရမှာကို ကြိုတင်တွေးခဲ့တယ်။ ဒါပေမယ့် အိမ်ရောက်တော့ အိမ်ရှေ့မှာထိုင်နေတဲ့ ဖေဖေနဲ့မေမေဟာ ဘာမှမပြောဘဲ ကျနော့်ကိုသာကြည့်ရင်း ပြုံးနေတာကို တွေ့ရပါတော့တယ်။

ဟိုးတုန်းက အဖေတို့ခေတ်တုန်းကလည်း ဒီအစိုးရကို မနှစ်သက်ဘူး တော်လှန်ခဲ့တယ်၊ ကျနော်တို့ ကျောင်းသားခေတ်ရောက်တော့လည်း အရင်အတိုင်းပါပဲ။ ယနေ့လည်း ပြည်သူတွေရဲ့ရင်ထဲမှာ တူညီတဲ့စိတ်ဓာတ်တွေက ကိန်းအောင်းနေဆဲပါပဲ။

မြန်မာပြည်လွတ်မြောက်ရေးအတွက် စိတ်နဲ့ဘဝကိုမြုပ်နှံပြီး အဘက်ဘက်မှ ကြိုးပမ်းခဲ့သူများ၊ ကြိုးစားနေသူများ အားလုံးကို အောက်မေ့ဂုဏ်ပြုလျက် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts