Uncategorized

Ni (Thammasat University) – Short stories

ဘုရားစူး……လူထဲက လူတွေပါ
နီ (တီမာဆက်တက္ကသို်လ်)
ဇူလိုင် ၂၂၊ ၂၀၁၃


“ မိဖြူတို့ သားအမိရ နေကြပါအုန်း ဟ”
အလုအယှက်မိမိပေါ်သို့ ခုန်တတ်လာသော မိဖြူမတို့သားအမိကို ဘိုးသံချောင်းက အခုလို ပြောလိုက်ရာ တအီအီ တစီစီလုပ်နေသော မိဖြူမတို့သားအမိသည် လူစကား နားလည် သည့်အလား အသံတိတ်သွားကာ အမြီးကို လှုပ်ပြ၏။ ညနေတိုင်းအမှိုက်  ကောက်ရာမှပြန် လာ သော မိမိကိုစောင့်ကြိုတတ်သည့် မိဖြူမတို့ခွေးသားအမိတစ်အုပ်ကို ကြည်နူးစွာအော်ရင်း သူတို့ သား အမိအတွက် အမှိုက်ပုံမှကောက်လာသော စားကြွင်း စားကျန်များကို ချကျွေးလိုက်၏။
အသက်(၆၀)ကျော်ဘိုးသံချောင်း၏အလုပ်သည် အမှိုက်ပုံတကာသို့သွားကာ ပြန်ရောင်းနိုင်သည့် ပုလင်းခွံ၊ဗူးခွံ အစုတ်များ၊ပလတ်စတစ် များကိုကောက်ပြီး ကုလားဆိုင်တွင်ပြန်သွင်းခြင်းပင်။ ဘိုးသံချောင်း၏ဇာတိစစ်စစ်မှာဧရာဝတီတိုင်းမှဖြစ်သော်လဲ၂၀၀၈ခုနှစ်တွင် နာဂစ်လက်ဆောင် ကြောင့် ဘိုးသံချောင်းသည် မိမိ၏လယ်ယာများ၊ဇနီး၊သားနှင့်ချွေးမတို့ကို ဆုံးရှူံးခဲ့ရပြီး ကံကောင်း ထောက်မစွာဖြင့် မိမိတို့မိသားစုတွင်သူနှင့်အတူ၃နှစ်သားမြေးလေးမောင်လုံးတို့ အသက်ရှင်  ကျန်ခြဲ့ခင်းဖြစ်၏။ နာဂစ်ပြီးတော့လဲ ပင်လယ်ရေ၀င်သွားသောလယ်များပြန်ပြီး လုပ်ကိုင်၍ မရတော့မည့် အတူတူမြေးလေးနောင်ရေးအတွက် ရွာရှိလူအချို့နှင့်အတူရန်ကုန်တက်ခဲ့ပြီး လေယာဉ်ကွင်းအနားရှိ ဒီကျူးကျော်ရပ်ကွက်ထဲတွင် တဲထိုးကာ အခြေချနေထိုင်ခဲ့ ခြင်းပင်။ အိမ်ခြေ (၁၀၀)ကျော်ရှိတဲ့ဒီရပ်ကွက်တွင် လူအားလုံးသည်မိမိတို့ဆွေမျိုးများအဖြစ် တစ်ယောက်  ကိုတစ်ယောက် အားကိုးကာနေထိုင်ကျရသည့်ဘ၀။
တိုက်တိုက်ဆိုင်ဆိုင်ဟုပင်ပြောရမလားပေ။ ဘိုးသံချောင်း ဒီရောက်ပြီး ၁ နှစ်အကြာ မိဖြူမသည် တိရစ္ဆာန်တို့သဘာဝအတိုင်း မီးဖွားရန်ဘိုးသံချောင်းတို့ အိမ်အောက်သို့စတည်းချကာ မီးလာဖွားပြီး နေနေသည်မှ ယနေ့တိုင်ပင်။ တစ်ကိုယ်လုံးနီးပါးဖြူနေတာကြောင့် မဖြူမဟုမိမိက နာမည် ပေးထားခြင်းဖြစ်ရာ တစ်ရပ်ကွက်လုံးမိဖြူမဟုပင်ခေါ်ကြ၏။မြေးလေးနှင့် လဲဆော့ဖော်ရသဖြင့်  ဘိုးသံချောင်းသည် မိဖြူမတို့ သားအမိကိုဥပက္ခောမပြုပဲ သင့်တော်ရာအစားများကို ယူလာပြီး ကျွေးရ သည်မှာတာဝန်ဟု ပင်မထင်တော့ပေ။
*****************
“ ဘိုးဘိုး သားကြီးလာရင် အဲဒီလေယာဉ်ပျံကြီးတွေကို မောင်းမှာ”
“ အေ…မြေးလေးအဲလိုရည်မှန်းချက်ရှိရင် ငယ်ငယ်ကတည်းမြေးလေး လူကောင်း၊ လူတော်ဖြစ်  အောင်ကြိုးစားရမယ်နော်”
“ဘိုးဘိုး သားတို့မနေ့က ကျောင်းကဆရာမသင်လိုက်တဲ့
ရမထာရွှေကြိမ်လုံးရယ်နဲ့ 
ထွန်းတုံးကိုတဲ့ ခြေတော်တင်
နွားကြန်စုံနှင်။
ပျိုးခင်းကိုဝင်
ကောင်းကင်ကရွှေပိန်းညင်းရယ်
မိုးခေါ်လို့ ဆင်း။
ဆိုတဲ့လယ်ထွန်မင်္ဂလာသီးချင်း မှာပါတဲ့ ဘုရင်ကြီးကပြည်သူတွေအတွက် လယ်ထွန်ပေးနေတာ။ ချစ်ဖို့ ကောင်းတဲ့ဘုရင်ကြီး နော်ဘိုးဘိုး ။ဘိုးဘိုး ကကောဘာလို့ ဘုရင်ကြီးလို လယ်မထွန်တာလဲ။ ဘုရင်ကြီးပဲလယ်ထွန်လို့ ရတာလား၊ ဘိုးဘိုးကကော ဘာလို့ အမှိုက်လိုက်ကောက်နေတာလဲ”
မြေးလေးနှင့်အတူမနက်စာစားနေသော ဘိုးသံချောင်းတယောက် မြေးလေး၏အမေးကြောင့် ပါးစပ်ထဲရှိဝါးလက်စထမင်းကြော်ကို အသံတိတ်ဝါးရင်း တချိန်က ဘိုးဘိုးလဲလယ်တွေပိုင်ပြီး ဘုရင်ကြီးလို့လယ်ကို နှစ်ပေါင်းများစွာထွန်ကာ စပါးစိုက်၊ ပဲ၊ပြောင်းစိုက်ခဲ့တာကို အကြောဖြိုင်းဖြိုင်းထနေသော လက်နှစ်ဖက်ကိုထောင်ခါ၊ထောင်ခါ အားပါးတရ ပြောပြလိုက်ချင် ပေမဲ့မြေးလေးယုံပမလား၊ မြေးလေးအရွယ်က ငါပြောပြောတာတွေကို လက်မခံနိုင် သေးတဲ့အရွယ်၊ ငါဖြေလိုက်တဲ့အဖြေက ငယ်ရွယ်နုနယ်ပြီး ရည်မှန်းချက်ကြီးတဲ့ မြေးလေးကိုတစ်ဘ၀လုံး အနာရွတ်ကျန်နေမည့် ဒဏ်ရာဖြစ်နေရင် ကော…ဟုဘိုးသံချောင်း တစ်ယောက်အဖြေအတွက် အတွေးများ ယောက်ယက်ခတ်နေစဉ်
“ အဘရေ အဘ” ဟူသော ခြေရင်းအိမ်မှာ မမြခက်၏အော်ခေါ်သံကို ကြားလိုက်ရ၏။ ဤကဲ့သို့အချိန်အခါကောင်းတွင် ထိုအသံသည် ဘိုးသံချောင်းအတွက် အလွန့်လွန့်မင်္ဂလာ ရှိ သော အသံဖြစ်ပြီး ဘိုးသံချောင်းတို့မြေးအဘိုးပြသာနာ ကိုကယ်တင်လိုက်သော ကျေးဇူးရှင်ပင်ဖြစ်၏။
“ ဟေ ….သမီး မြခက်ပါလား၊ ဘာကိစ္စတုန်းကွဲ့  ၊လာထမင်းကြော်စားအုံး”
ဟုဘိုးသံချောင်း တယောက်ဝမ်းသာအားရ အသံဖြင့်မမြခက်အား အိမ်ထဲသို့ ဖိတ်ခေါ်လိုက်၏။
မမြခက်သည် အိမ်ထဲသို့ဝင်ထိုင်ရင်း
“ အဘတို့ မြေးအဘိုးကကျောင်းပိတ်ရက်တောင်အစောကြီးနိုး နေကြတာကို၊ အဘကိုအကူအညီ တစ်ခုတောင်းမလို့ ၊ ဒီနေ့ သမီးတို့ အဘိုးအဘွားလက်ထပ်ကလယ်တွေအသိမ်းခံရတာကို တရားမျှတမူ့ရှိရေးဆန္ဒထုတ် ဖော်ပွဲလုပ်တာ သွားမလို့အဘရ၊ လယ်နဲ့ပဲ တသက်လုံး လုပ်ကိုင်စားသောက်လာတာ လယ်တွေသိမ်း ခံလိုက်တော့  ဘ၀ပျက်တော့ တာပဲ၊ အဲဒီစိတ်နဲ့ အမေလဲ လေဖြတ်ပြီးမသွားနိုင်တော့တာလေ၊ အဘမြင်တဲ့အတိုင်းပဲလေ၊ အမေကို ထမင်းစားချိန်ကျရင် အဘ တချက်လောက်သွားကြည့် ပေးပါ အဘ၊ နေ့လည်စာကို သမီးချက်ပြီးအုပ်ထားခဲ့ တယ်၊ အဘကတော့ မြေးကျောင်းပိတ်ရက် ကအဘအလုပ်နားရက်ကို မှန်လို့”
“ စိတ်ချသွား သမီး အဘကြည့်ပေးထားမယ်၊ ဒါနဲ့ ဘယ်အချိန်လောက်ပြန်ရောက်မလဲ၊ ဘာလို့ဆို
မြေးလေးအတွက် ကျောင်းဝတ်စုံ တစ်စုံလောက်သွားဝယ်ပေးမလို့ ကွဲ့ ”
“ သမီး ၂ နာရီလောက်ပြန်ရောက်မယ်အဘ၊ ၇ နာရီ အရောက်ဆိုတော့ သွားတော့မယ်အဘရေ”
“အေးအေး အဆင်ပြေပါစေကွာ”
**************
“ ဘိုးဘိုး သားစာကျက်တော့ မယ်နော်”
“အေးအေး ဘိုးဘိုးလဲ နောက်ဖေးမီးဖိုချောင် ကြမ်းပေါက်တွေ လဲလိုက်အုန်းမယ်၊ အပြင်ထွက်ရင်
ဘိုးဘိုးကို အသံပေးနော်”
ဟုပြောကာ ဘိုးသံချောင်းသည် အမှိုက်ပုံမှာကောက်လာသော ပျဉ်တို၊ ပျဉ်စများကို ယူကာ မီးဖိုချောင်ထဲဝင်သွား၏။
ဘိုးသံချောင်းတယောက် ၀ုန်းဒိုင်းကြဲနေသော ဆူညံသံများ၊ကမ္ဘာပျက်သကဲ့သို့ ငိုယိုအော်ဟစ် သံများ၊တောင်းပန်သံများနှင့် အတူ မြေးလေး၏ကြောက်လန့်တကြား အော်ငို သံကြောင့် ဘာများဖြစ်နေတာလဲဟု စိုးရိမ်စိတ်ဖြင့် အိမ်ရှေ့သို့ ကပျာကရာထွက်ကြည့်လိုက်တော့ မိမိတို့အိမ်ရှေ့ မျက်နှာစာ အလားတူခြေရင်း၊ခေါင်းရင်းအိမ်နှင့်အခြားအိမ်တွေကိုပါ တူ၊တူရွင်းများ ကိုင်ကာတပြိုက်နက်ဖြိုဖျက်နေသော အုပ်ချုပ်  ရေးဝန်ထမ်းများ ကိုတွေ့လိုက်ရသည့်အခါ၊ဘိုး သံချောင်း တစ်ယောက်ရင်ထဲတွင်စို့တက်သွားပြီး ဘ၀တွင်ဒုတိယနာဂစ် ၀င်လာ ကာမိမိတို့ မြေးအဘိုးဘ၀၊ အိုမဟုတ်သေးပါဘူး ဒီမှာနေထိုင်ကျတဲ့ အားလုံးရဲ့ကမ္ဘာတွေ ကမ္ဘာတွေပျက်ပြီဟု ခံစားလိုက်ရ၏။
 “ဘိုးဘိုးရေ သားတို့ အိမ်ကို သူတို့တွေ ဖျက်နေပြီ၊ သားတို့ ကဘယ်မှာသွားနေရမှာလဲ”
“မလုပ်ပါနဲ့ ဗျာ၊ မလုပ်ကျပါနဲ့ ကျနော်တို့ မြေးအဘိုး ဘယ်သွားနေရမှာလဲဗျာ”
ဘိုးသံချောင်းသည် တုန်ယင်နေသောအသံကို မနည်းအားယူကာပြောရင်း ကယောင်ချောက်ခြား တတွတ်တွတ်တောင်းပန်နေမိ၏။ ထိုအချိန်တွင်ပုဆိုးအနားကိုလာကိုက်သဖြင့် ကြည့်လိုက်တော့ မိဖြူမဖြစ်နေ၏။ ဘိုးသံချောင်းသည် မိဖြူမကိုစိုက်ကြည့်ရင်း သစ္စာစကား တစ်ခွန်းကို  ကြေကွဲစွာပြောလိုက်၏။
“ ဘုရားစူး မိဖြူမရ…ငါတို့ ကလူထဲကလူတွေပါ”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts