News Features အောင်ဒင်

Aung Din – Regime Parliament (29)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၄၊ ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂) 
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (29)

အောင်ဒင်၊ ဇူလိုင် ၂၃၊ ၂၀၁၃

အပိုင်း (၂၉) လွှတ်တော်နှင့် ပြည်သူ့စစ်
ပြည်သူတွေကို ဖိစီးနေတဲ့ ရောဂါဆိုးကြီးတစ်ခု
၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ရက်နေ့မှာကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမအကြိမ်ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့မှာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က မေးခွန်းထုတ်ခဲ့ပါတယ်၊ မူရင်း မေးခွန်းရှင်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီ ပါ၊ အစည်းအဝေးကို သူကိုယ်တိုင်မတက်ရောက်နိုင်လို့ သူ့ရဲ့မေးခွန်းကို မိုင်းရယ်မြို့နယ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ကိုယ်စားပြုမေးပေးပါတယ်၊ နှစ်ဦးစလုံးက “ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ” (SNDP) ကပါ၊ မေးခွန်းက “ပြည်သူ့စစ်အဖွဲ့များ” နဲ့ ပါတ်သက်ပါတယ်၊
မေးခွန်းက ဒီလိုပါ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းမှာရှိတဲ့ ဟိုပုန်းကျေးရွာအုပ်စု၊ မိုင်းငေါ့ကျေးရွာအုပ်စုနဲ့ မိုင်းပြင်းကျေးရွာအုပ်စုတွေမှာ ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒမပါပဲ ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့တွေကို ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့များကို ထောက်ပံ့ဖို့အတွက် ပြည်သူများထံက အတင်းအဓမ္မငွေကြေးကောက်ခံမှုများ ရှိနေပါတယ် တဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ပြည်သူများအား သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကြိမ်းမောင်းဆဲဆိုရင်းက သေနတ်ကျည်ဆံထွက်သွားတဲ့အဖြစ်မျိုး ရှိခဲ့ပါတယ်တဲ့၊ အဲဒီကိစ္စနဲ့ပါတ်သက်ပြီး ပြည်သူများက ရဲစခန်းသို့ တိုင်ကြားရာမှာ ရဲစခန်းမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဖြစ်နေတဲ့အတွက် တပ်မတော်ရဲ့ ညွှန်ကြားချက်ရပြီးမှ ဆက်လက်အရေးယူဆောင်ရွက်နိုင်မယ်လို့ အကြောင်းပြန်ပါတယ်တဲ့၊ 
ဒါ့အပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟာ တရားမဝင်သယ်ယူလာတဲ့ သစ်မှောင်ခိုများ၊ နွားမှောင်ခိုများကို လက်နက်ပြပြီး ငွေကြေးကောက်ခံမှုတွေ ရှိနေပါတယ်တဲ့၊ ဒီပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကပဲ အရက်သေစာမူးယစ်သောက်စားရမ်းကားတာတွေလည်း ရှိနေပါတယ်တဲ့၊ အဲဒီလို ဖြစ်ပျက်နေတာတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်တင်ပြခဲ့သော်လည်း နယ်စပ်ရေးရာဝန်ကြီးက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရှိနေတာကို သူမသိဘူးလို့ ပြောကြားပါသတဲ့၊ အဲဒီ ပြည်သူ့စစ်တွေဟာ လိုင်စင်မဲ့ မော်တော်ကားများကို မောင်းနှင်နေတဲ့အတွက်ကြောင့် မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေထံ တိုင်ကြားပြန်တော့လည်း မည်သူကမျှ အရေးယူဖမ်းဆီးခြင်းမရှိပါတဲ့၊ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်က “မြန်မာနိုင်ငံမှာ တရားဝင်ပြည်သူ့စစ်အဖွဲ့ ဘယ်နှစ်ဖွဲ့ရှိပါသလဲ၊ ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းတဲ့အခါ အခြေခံရမည့်မူရှိပါသလား၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနဲ့ တည်ဆဲတရားဥပဒေများကို ကျူးလွန်ပါက ရဲစခန်းမှာ အမှုဖွင့်တဲ့အခါ ရဲစခန်းမှ တပ်မတော်ရဲ့ ညွန်ကြားချက်ရမှသာ အရေးယူရမယ်ဆိုပြီး ဥပဒေပြဋ္ဌန်းသတ်မှတ်ထားတာရှိပါသလား၊” လို့ မေးခွန်းထုတ်ပါတယ်၊
အင်မတန်ကောင်းတဲ့ မေးခွန်းများဖြစ်ပါတယ်၊ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များဆိုတာလည်း ထင်ရှားလှပါတယ်၊ ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာတည်ရှိနေတဲ့ ရောဂါဆိုးကြီးတစ်ခုကို ပြည်သူ့လွှတ်တော်စင်မြင့်ကနေ တရားဝင်ဖော်ထုတ်လိုက်တာပါ၊ ပြည်သူ့စစ် ဆိုတာ ဘာနဲ့အလားသဏ္ဏန်တူသလဲဆိုတော့ အကျဉ်းထောင်ထဲမှာ  အကျဉ်းသားအရာရှိများဆိုပြီး နှစ်ကြီးရာဇဝတ်အကျဉ်းသားတွေကို တန်းစီးချုပ်၊ တန်းစီး၊ အခန်းလူကြီး၊ အခန်းစာရေး၊ ဘုတ်ကိုင်၊ စသဖြင့်ရာထူးတွေခန့်ပြီး အကျဉ်းသားအချင်းချင်းပြန်အုပ်ချုပ်ခိုင်းတာမျိုးပါ၊ အဲဒီအကျဉ်းသားအရာရှိတွေက သာမာန်အကျဉ်းသားတွေကို ငြိမ်နေအောင်အုပ်ချုပ်နိုင်ရင် ထောင်အာဏာပိုင်တွေရဲ့ အခွင့်အရေးပေးမှုကို ရတယ်၊ သာမာန်အကျဉ်းသားတွေဆီက မိုက်ကြေးခွဲပြီး ထောင်အာဏာပိုင်တွေကို ရန်ပုံငွေဆက်သတယ်၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သတင်းကို စုံစမ်းထောက်လှမ်းပြီး မဟုတ်တဲ့သတင်းတွေကို ထောင်အာဏာပိုင်တွေထံ ပေးပို့တယ်၊ အဲဒီလို အသုံးကျလို့လည်း ဒီအကျဉ်းသားအရာရှိတွေ မတရားလုပ်သမျှကို ထောင်အာဏာပိုင်တွေက ဘယ်လိုတိုင်တိုင် အရေးမယူ၊ မသိချင်ယောင်ဆောင်နေတတ်ကြတယ်၊ အဲဒီလို အာဏာပိုင်တွေက လူမိုက်မွေးပြီး လူသားအချင်းချင်းပြန်လည်နှိပ်စက်စေတဲ့ရောဂါဆိုးကြီးက ထောင်ထဲမှာ သာမာန်အကျဉ်းသားတွေကို၊ ပြင်ပမှာတော့ သာမာန်ပြည်သူတွေကို နှိပ်စက်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ၊ ထောင်ထဲမှာ အကျဉ်းသားအရာရှိ၊ တိုင်းရင်းသားဒေသတွေမှာတော့ ပြည်သူ့စစ်၊ မြေပြန့်မှာတော့ စွမ်းအားရှင်ပေါ့၊
အဲဒီရောဂါဆိုးကြီးက ဘယ်လောက်ကြီးမားသလဲ၊ ဘယ်လောက်ကုသဖို့ခက်သလဲဆိုတာကို ကာကွယ်ရေးဝန်ကြီးဋ္ဌာနကိုယ်စားလှယ်ရဲ့ အဖြေကိုကြည့်ရင် သိနိုင်ပါတယ်၊
ကာကွယ်ရေး ဒုဝန်ကြီး၏အဖြေ 
ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်သော်က လွှတ်တော်ကိုယ်စားလှယ်ရဲ့အမေးကို ဖြေကြားတော့မှ ပြည်သူ့စစ်နဲ့ပါတ်သက်ပြီး အောက်ပါအချက်များကိုသိရပါတယ်၊
(က) မြန်မာနိုင်ငံမှာ ဋ္ဌာနေ ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၃၅ ဖွဲ့ရှိပါတယ်တဲ့၊
(ခ) ပြည်သူ့စစ်ဖွဲ့စည်းရေးအခြေခံမူများရှိပါတယ်၊ အဲဒီမူတွေကတော့ 
(၁) ကျေးရွာလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကိစ္စရပ်များကို စည်းရုံးတက်ကြွသောအသိစိတ်ဖြင့် ဆောင်ရွက်လိုသောကျေးရွာလူထုရဲ့တင်ပြချက်၊ (၂) သောင်းကျန်းသူများအား ပြည်သူ့စစ်များဖြင့် တိုက်ခိုက်ရန်လိုအပ်ခြင်း၊ 
(၃) လက်နက်တပ်ဆင်နိုင်လောက်ရန် လုံလောက်သောယုံကြည်ရမှု၊ 
(၄) ပါတ်ဝန်းကျင်တွင် အထောက်အကူပြုမည့် တပ်ရင်း၊ တပ်ဖွဲ့ရှိခြင်း၊ စတဲ့မူတွေနဲ့ ပြည့်စုံရပါမယ်တဲ့၊
(ဂ) ပြည်သူ့စစ်တပ်ဖွဲ့ဝင်က တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်လျင် သက်ဆိုင်ရာရဲစခန်းမှ သက်ဆိုင်ရာနယ်မြေခံ တိုင်းစစ်ဋ္ဌာနချုပ်၊ တပ်ရင်းတပ်ဖွဲ့များကို အသိပေးပြီး အရေးယူဆောင်ရွက်နိုင်ပါတယ်၊ တပ်မတော်၏ ညွန်ကြားချက်ရပြီးမှ အရေးယူနိုင်တယ်ဆိုတဲ့ ဥပဒေမျိုး ပြဋ္ဌန်းထားတာမရှိပါတဲ့၊
စဉ်းစားဆင်ခြင်စရာများ
ဒီဖြေကြားချက်အရ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၃၅ ဖွဲ့ရှိတယ်လို့သိရပါတယ်၊ တစ်ဖွဲ့ကို အနည်းဆုံးအင်အား ငါးယောက်နဲ့တွက်ရင်တောင် စုစုပေါင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်သောင်းငါးထောင်ကျော်ရှိတယ်လို့ နားလည်ရမှာပါ၊ မြန်မာနိုင်ငံတစ်ဝှမ်းမှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ ရှိရဲ့သားနဲ့ လက်နက်ကိုင်ပြည်သူ့စစ် နှစ်သောင်းငါးထောင်ကျော်ရှိနေတယ်ဆိုတာ ဖြစ်သင့်မဖြစ်သင့် စဉ်းစားစရာပါ၊
ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာမူဝါဒများမှာ (၁) ကျေးရွာလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကိစ္စရပ်များကို စည်းရုံးတက်ကြွသောအသိစိတ်ဖြင့် ဆောင်ရွက်လိုသောကျေးရွာလူထုရဲ့တင်ပြချက်ရှိရမယ်လို့ ပါဝင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းအရဆိုရင် ကျောက်မဲမြို့နယ်ဒေသက ဟိုပုန်းကျေးရွာအုပ်စု၊ မိုင်းငေါ့ကျေးရွာအုပ်စု၊ မိုင်းပြင်းကျေးရွာအုပ်စုတွေက ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒမပါပဲ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်၊ မြန်မာနိုင်ငံမှာ လူထုရဲ့ ဆန္ဒကို အလေးထားလာတာ၊ လူထုရဲ့အသံကို ထည့်သွင်းစဉ်းစားလာတာ သိပ်မကြာသေးပါ၊ ဒီပြည်သူ့စစ်တပ်ဖွဲ့ပေါင်း ၅၀၀၀ ကျော်ဟာလည်း ပြီးခဲ့တဲ့ စစ်အစိုးရများက ဖွဲ့စည်းခဲ့တာပါ၊ ဒါကြောင့်မို့ ဒီပြည်သူ့စစ်တပ်ဖွဲ့များဟာ အမှန်တကယ်ပဲ ဒေသခံလူထုက တင်ပြတောင်းဆိုလို့ ဖွဲ့စည်းတာမဟုတ်နိုင်ဘူးလို့ စဉ်းစားစရာဖြစ်လာပါတယ်၊ အနည်းဆုံး ပွင့်လင်းမှုတွေစတင်လာတဲ့ ဒီဘက်ခေတ်မှာ ပြည်သူလူထုက ဒီပြည်သူ့စစ်တပ်ဖွဲ့တွေကို အလိုရှိရဲ့လားဆိုတာ ဆန္ဒခံယူသင့်ပါတယ်၊
နောက်တစ်ခါ ပြည်သူ့စစ်တပ်ဖွဲ့တွေကို တပ်မတော်က ဖွဲ့စည်းတာဝန်ပေးတာမို့ ဒီပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးကိုရော တပ်မတော်က တာဝန်ယူရဲ့လားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်ပြချက်အရ သူတို့ဒေသက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက သူတို့ကို ထောက်ပံ့ဖို့ ပြည်သူလူထုထံက အတင်းအဓမ္မ ငွေကြေးကောက်ခံမှုတွေရှိတယ်၊ သစ်မှောင်ခို၊ နွားမှောင်ခိုတွေဆီက လက်နက်ပြပြီး ငွေကြေးကောက်ခံမှုတွေရှိတယ်လို့ သိရပါတယ်၊ ဒါဆိုရင် နယ်မြေလုံခြုံရေးအတွက်ဖွဲ့စည်းတဲ့ ပြည်သူ့စစ်တွေဟာ ဒေသခံလူထုကို အနိုင်ကျင့်နေတဲ့ ဝန်ထုတ်ဝန်ပိုးကြီးတွေဖြစ်ပြီး တရားမဝင် မှောင်ခိုလုပ်ကြသူတွေကို ထောက်ခံအားပေးတဲ့၊ တရားဝင်ဥပဒေချိုးဖောက်ကြသူများ ဖြစ်နေပါတယ်၊
လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်ပြချက်အရ ရှမ်းပြည်နယ်အစိုးရရဲ့ နယ်စပ်ဒေသရေးရာဝန်ကြီးက သူ့ပြည်နယ်ထဲမှာ ဒီပြည်သူ့စစ်တပ်ဖွဲ့တွေ ရှိကြောင်းမသိဘူးလို့ ဆိုပါတယ်၊ အင်မတန် အံ့ဩစရာပါ၊ ပြည်သူ့စစ်တွေကို တပ်မတော်က ဖွဲ့စည်းထားပြီး ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများရဲ့ နယ်စပ်ဒေသရေးရာဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တာပါ၊ ဒီတော့ နယ်စပ်ရေးရာဝန်ကြီးများတောင်မှ ပြည်သူ့စစ်တပ်ဖွဲ့များအပေါ် ဩဇာသက်ရောက်မှုမရှိဘူးလို့ တွေ့မြင်ရပါတယ်၊ ဒါကြောင့်မို့လည်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်အာဏာပိုင်တွေက ပြည်သူ့စစ်တပ်ဖွဲ့များရဲ့ တရားဥပဒေချိုးဖောက်မှုကို အရေးမယူရဲကြတာ ဖြစ်ပါလိမ့်မယ်၊ တပ်မတော်ရဲ့ ညွှန်ကြားချက်ရမှ အရေးယူခွင့်ရှိတယ်ဆိုတဲ့ “တရားဝင်” ဥပဒေတော့မရှိဘူးလို့ ဗိုလ်မှူးချုပ်အောင်သော်က ရှင်းပြပါတယ်၊ ဒါပေမည့် “တရားမဝင်” တဲ့ “စာနဲ့ရေးမထား” တဲ့ အလိုအလျောက်နားလည်မှုတွေ ရှိနေလိမ့်မယ်ထင်ပါတယ်၊
အမေး၊ အဖြေနဲ့ မပြီးပါ၊ အရေးယူဖို့ လိုပါပြီ၊
ပြည်သူ့စစ်အဖွဲ့များနဲ့ပါတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးရဲ့ အဖြေက ကျေနပ်ဖွယ်ရာမရှိပါ၊ လက်နက်ရှိတဲ့လူတွေရဲ့ အနိုင်ကျင့်မှုများကို ဆက်လက်ခံစားနေရဆဲ တိုင်းရင်းသားပြည်သူများကို ကယ်တင်ဖို့ ပြည်ထောင်စုလွှတ်တော်က အောက်ပါအချက်များကို ဥပဒေပြုပြဋ္ဌန်းဆောင်ရွက်သင့်ပါတယ်၊
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ အရ နိုင်ငံတော်အတွင်းလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရတာမို့ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့များဟာလည်း တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေပါတယ်၊ ဒါပေမည့် ပြည်သူ့စစ်တပ်ဖွဲ့များဟာ နိုင်ငံတော်ရဲ့အခြေခံအကျဆုံး လူ့အဖွဲ့အစည်းဖြစ်တဲ့ ကျေးရွာများမှာ တည်ရှိတာမို့ ၎င်းတပ်ဖွဲ့များဟာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများရဲ့ ကွပ်ကဲမှုအောက်မှာလည်း ရှိသင့်ပါတယ်၊
(၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၀ အရ “တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်” လို့ ဆိုပါတယ်၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးကို တပ်မတော်ရဲ့ ပြည်သူ့စစ်မဟာဗျူဟာကို လွှတ်တော်သို့ တင်သွင်းဖို့ တောင်းဆိုသင့်ပါတယ်၊ အဲဒီ မဟာဗျူဟာမှာ ချမှတ်ထားတဲ့ အခြေခံမူတွေကို လွှတ်တော်ကိုယ်စားလှယ်များရဲ့ အကြံပြုတင်ပြချက်များနဲ့ ပိုပြီးခိုင်မာပြည့်စုံအောင် ပြင်ဆင်သင့်ပါတယ်၊ လူထုကို အနိုင်ကျင့်တဲ့၊ ဥပဒေချိုးဖောက်သူတွေကို ကူညီအားပေးတဲ့၊ အာဏာပိုင်ကို အထောက်အကူပြုတဲ့ လက်ကိုင်တုတ်တပ်ဖွဲ့တွေ မဖြစ်ရအောင် ပြင်းထန်တိကျတဲ့ စည်းကမ်းချက်တွေ၊ ပြစ်ဒါဏ်တွေကို ချမှတ်သင့်ပါတယ်၊
(၃) တည်ဆဲ ပြည်သူ့စစ်တပ်ဖွဲ့များအပေါ်မှာ ဒေသခံပြည်သူများရဲ့ သဘောထားကို တောင်းခံသင့်ပါတယ်၊ ဒေသခံပြည်သူများက မလိုလားတဲ့ ပြည်သူ့စစ်အဖွဲ့များကို အမြန်ဆုံး ဖျက်သိမ်းသင့်ပါတယ်၊
(၄) လူထုကလည်း အမှန်တကယ်လိုလားလို့၊ နယ်မြေလုံခြုံရေးအတွက်လည်း အမှန်တကယ်အထောက်အကူပြုတာမို့ အချို့ဒေသတွေမှာ ပြည်သူ့စစ်တပ်ဖွဲ့များ  ဖွဲ့စည်းခွင့်ပေးမယ်ဆိုရင်လည်း ၎င်းတပ်ဖွဲ့ဝင်များရဲ့ စားဝတ်နေရေးကို နိုင်ငံတော်က လစာ၊ ရိက္ခာထောက်ပံ့ပြီး ဖြေရှင်းပေးသင့်ပါတယ်၊ လက်နက်တွေသာ ထုတ်ပေးပြီး သင့်တော်သလို ရပ်တည်ကြဆိုရင် ဒေသခံပြည်သူတွေကိုပဲ အနုနည်းနဲ့ဖြစ်စေ၊ အကြမ်းနည်းနဲ့ဖြစ်စေ ငွေကြေးထောက်ပံ့စေမှာဖြစ်ပါတယ်၊
(၅) အရေးအကြီးဆုံးက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟာ ပြည်သူများပဲဖြစ်ပါတယ်၊ တပ်မတော်သားများမဟုတ်ကြပါ၊ ဒါကြောင့် ၎င်းတပ်ဖွဲ့ဝင်များအားလုံးဟာ အရပ်ဘက်တရားစီရင်ရေးရဲ့အောက်မှာ အများပြည်သူများနည်းတူရှိပါတယ်၊ ဒီတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ တရားဥပဒေချိုးဖောက်ရင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်အာဏာပိုင်များက တရားဥပဒေအရ အမှုဖွင့်၊ အရေးယူဖို့နဲ့ အဲဒီလို တရားစီရင်ရာမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြဋ္ဌန်းကြေညာဖို့လိုပါတယ်၊
“အများပြည်သူအပေါ် အကျိုးသက်ရောက်မှုရှိအောင် လွှတ်တော်သည် အုပ်ချုပ်ရေးပိုင်းကို ပို၍ သြဇာရှိနိုင်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ပြောဆိုသည်”လို့ The Weekly Eleven သတင်းဂျာနယ်မှာ ဖော်ပြထားတာ ဖတ်ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က ”လွှတ်တော်က ဘာပဲလုပ်လုပ် အုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူက အရင်အတိုင်းပဲဆိုတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာရဲ့လုပ်ပုံကိုင်ပုံတွေ အပေါ်မှာ လွှတ်တော်က ပိုပြီးတော့ သြဇာရှိနိုင်ဖို့ လိုတာပဲနော်။ လွှတ်တော်က လုပ်သမျှက ထိရောက်မှု မရှိဘူးဆိုရင် ပိုပြီးတော့ သြဇာရှိအောင်၊ ထိရောက်မှုရှိအောင် ကြိုးစားရမှာပေါ့။” လို့ ပြောတယ်လို့ ဆိုပါတယ်၊ ကျနော်ကတော့ လွှတ်တော်က တပ်မတော်အပေါ်မှာ ဩဇာသက်ရောက်မှုရှိဖို့က ပိုပြီးအရေးကြီးတယ်လို့ ထောက်ပြချင်ပါတယ်၊ လက်နက်ကိုင်သူတွေကို လက်နက်မဲ့ပြည်သူတွေက ကြောက်ရွံ့နေရတဲ့ အမှောင်ခေတ်ကြီးကုန်ဆုံးသွားဖို့ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ အရပ်ဘက်အုပ်ချုပ်ရေးရဲ့ လက်အောက်ခံ ဝန်ထမ်းအဖွဲ့အစည်းများအဖြစ် ပြန်လည်ရပ်တည်ဖို့၊ လွှတ်တော်က ပြဋ္ဌန်းတဲ့ဥပဒေတွေကို လေးစားလိုက်နာတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့ လိုအပ်ပါတယ်၊
လေးစားစွာ၊
အောင်ဒင်
ဇူလိုင် ၁၄၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts