>Burmese Related News – 17th June 2008

>

မြန်မာအရေး သတင်းတိုထွာများ – ဇွန် ၁၇၊ ၂၀၀၈
မိုးမခ

နယူးယောက်မြန်မာမိသားစုများရဲ့ ဂုဏ်ပြုခံ သက်ကြီးဝါကြီးများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို

အနုပညာရှင် ဇာဂနာ၊ အယ်ဒီတာ ဇော်သက်ထွေးတို့ကို ဖမ်းဆီးပြီးနောက်ပိုင်း ကယ်ဆယ်ရေး စေတနာရှင်များကို စစ်အစိုးရက လိုက်လံ ဖမ်းဆီး၊ နှောက်ယှက်နေဆဲ

နယူးယောက်မြန်မာမိသားစုများရဲ့ ဂုဏ်ပြုခံ သက်ကြီးဝါကြီးများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို

နယူးယောက်ဒေသရောက် မြန်မာမိသားစုများက အမေရိကန်ရောက် သက်ကြီးဝါကြီး ပုဂ္ဂိုလ်များကို ပူဇော်ကန့်တော့ကြရန် လာမည် တနင်္ဂနွေနေ့တွင် စီစဉ်ထားသည်။ ၄င်းတို့မှာ သာသနမောဠိ ဥက္ကဋ္ဌ ဆရာတော် ဦးပညာဝံသကို အမှူးထားလျက် မောင်စွမ်းရည်၊ ဦးဝင်းဖေ၊ မောင်သာရ၊ ဦးခင်မောင်ကြီး၊ ဦးကျော်ဝင်း၊ ဒူးဝါး ဇော်အောင်၊ ဆလိုင်းထွန်းသန်းနှင့် ပီတာလင်းပင်တို့ ဖြစ်သည်ဟု ဆိုသည်။

ထိုပုဂ္ဂိုလ်ကြီး ၉ ဦးကပင် ပြည်ပရောက် သက်ရှိထင်ရှား ပုဂ္ဂိုလ်ကြီးများ ကြေညာချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်၊ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်တို့ကို မေတ္တာရပ်ခံသော စာတစောင်ကို ဇွန် ၁၇ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။

အနုပညာရှင် ဇာဂနာ၊ အယ်ဒီတာ ဇော်သက်ထွေးတို့ကို ဖမ်းဆီးပြီးနောက်ပိုင်း ကယ်ဆယ်ရေး စေတနာရှင်များကို စစ်အစိုးရက လိုက်လံ ဖမ်းဆီး၊ နှောက်ယှက်နေဆဲ

၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ အဲင်အယ်ဒီ လူငယ်များနှင့် စာနယ်ဇင်းသမားများ၏ နာဂစ်လေဘေး ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကပစ်မှတ်ထားပြီး လိုက်လံနှောက်ယှက်လျက်ရှိသည်ဟု ဆိုသည်။ စေတနာရှင်လုပ်အားပေးများ၊ ထောက်ပံ့သူများကိုလည်း အလှူငွေများ၏ ဇစ်မြစ်ကို စုံစမ်းခြင်း၊ စာရင်းကောက်ယူခြင်းများ ပြုလုပ်နေသည်။

စာနယ်ဇင်းသမားတဦးက ထင်မြင်ချက်ပြောကြားရာတွင် – အိမ်တွေ ရုံးတွေမှာ လိုက်မေး၊ ပြီးတော့ ခေါ်ပြီး စစ်ဆေး၊ အဲဒါမျိုးတွေ လုပ်လာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာနှောင့်နှေးကုန်တာပေါ့။ တချို့ကလည်း ခရီးလွန်ပြီး မလာနိုင်တော့တဲ့အခါ ရှောင်နေသလိုလို သတင်းတွေ၊ ကောလဟာလတွေ ဖြစ်ကုန်ပြီး စိုးရိမ်စိတ်တွေ ပိုများ၊ မိသားစုတွေမှာ ပူပန်သောကတွေဖြစ် အဲဒါမျိုးတွေ လူမှုဒုက္ခအပြင် စိတ်ဒုက္ခတွေပါ ဖန်တီးနေတာ – ဟု ဆိုသည်။

ဂျာနယ်တိုက်တွေကိုလည်း ၀င်ရောက် ရှာဖွေမည်၊ စုံစမ်းစစ်ဆေးမည် စသည့်သတင်းများ ထွက်နေသဖြင့် တိုက်ပိုင်များ၊ အယ်ဒီတာချုပ်များက ၀န်ထမ်းများကို လေဘေးသတင်းလိုက်ရာတွင် စစ်အစိုးရကို မငြိုငြင်မိစေရန် ဖိအားပေးလာကြသည် ဆိုသည်။

စေတနာဝန်ထမ်း ကယ်ဆယ်ရေး အလှူရှင်ကားများကို မြစ်ဝကျွန်းပေါ်ခရီးလမ်းတလျောက်တွင် လုံထိန်းများက တားပြီး စစ်ဆေးလျက်ရှိသည်။ ကားပေါ်အထိတက်ပြီး မှတ်ပုံတင်စစ်၊ စာရင်းကောက်ရုံသာမက အလှူပစ္စည်းများကိုပါ လိုက်လံစစ်ဆေးနေသည်။ ထိုမှတ်တမ်းများအပြင် လှိုင်သာယာမြို့အထွက် စစ်ဆေးရေးဂိတ်နားတ၀ိုက် စစ်တပ်က ဒုက္ခသည်များကို အဓမ္မချွေးတပ်ဆွဲပြီး လုပ်အားပေးခိုင်းနေသည်တို့ကို သတင်းထောက်များက ဓာတ်ပုံများ ရိုက်ထားသည်ကို တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts