အုန်းနိုင်

Ohm Naing – Articles

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အရေးပေါ် ပါတီညီလာခံ ဆုံးဖြတ်ချက် (၇)
အုန်းနိုင်
ဇူလိုင် ၂၄၊ ၂၀၁၃


ဇူလိုင်  (၂၅)ရက်     နေ့ ကျတော့     တကယ့်ထိပ်ပိုင်း    ခေါင်းဆောင်ကြီး နှစ်ဦးဖြစ်တဲ့  ဦးနေ၀င်း နဲ့.ဦးစန်းယု  ကို   ပါတီကရော..အစိုးရတာဝန်ကပါနှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်..။ပါတီစုံကိုမကျင့်သုံးသင့် သေးဘူး..။ဆန္ဒ ခံယူပွဲလုပ်ဖို့ လည်း  မလိုသေးဘူး  လို့..အရေးပေါ် ပါတီ ညီလာခံက ဆုံးဖြတ်လိုက်ပါတယ်…။ဦးနေ၀င်းကိုတောင် ဆန့်ကျင်  တိုက်ချလိုက်တာပါဘဲ..။ကဲ..မှတ်ကရော..။ဘာလုပ်ကြမတုန်း..။
ဇူလိုင် (၂၆)ရက် နေ့  နေ့လည်မှာ  အခြေခံအလုပ်သမား  အစည်းအရုံး အမှတ်(၉) (အထက မှ   အမှုထမ်းများနဲ့ ပညာရေးမှူးရုံး  အမှုထမ်းများ  )ရဲ့ နှစ်ပတ်လည် အစည်းအဝေးပါ..။ ကျနော်က  တရားရုံး ရောက်နေပေမယ့်မူလအခြေခံအစည်းအရုံး ရဲ့   ဥက္ကဌ  ရာထူးက   မပြုတ်သေးပါဘူး..။ဥက္ကဌအနေနဲ့   မိန့် ခွန်းပြောတဲ့  အခါမှာတော့  လက်ရှိနိုင်ငံရေး  အခြေအနေတွေကို ထည့်သုံးသပ်ပြပါတယ်..။ရန်ကုန်
မှာ  မကြာသေးခင်ရက်က  အရေးပေါ်ညီလာခံ ခေါ်ပြီး   ဦးနေ၀င်းကိုယ်တိုင်ကပါတီစုံစနစ်ကို ပြောင်းချင်သလားလို့  မေးခဲ့ တာ..။အခု.တော့     သူ့လူတွေက  သူ့စကားကိုတောင်နားမထောင်တော့ဘဲ  သူတို့ကိုသာနှုတ်ထွက်ခွင့်ပြု လိုက်တာကို  ကြည့်ရင်   တိုင်းပြည်အခြေအနေကို
နားလည်ကြဖို့  လိုတယ်..။ဒီအချိန်မှာကိုယ်နဲ့   အနီးဆုံး  လုပ်ဖော်ကိုင်ဖက်တွေ နဲ့   ရင်းရင်းနှီးနှီးစည်းစည်းလုံးလုံး  ရှိဖို့  လိုတယ်..။ဒီ့ အပြင်ဟာတွေ    အခုအတောအတွင်း  ပြောမနေနဲ့ ..။ ဇူလိုင် (၂၇)ရက်မှာပြည်သူ့လွှတ်တော်   ခေါ်ထားတာကိုလည်းသတိထားပြီး  စောင့်ကြည့်ကြပါ…လို့တောင်  ပြောခဲ့ပါတယ်..။ ကိုယ့်ဆရာဆရာမတွေ   သဘောပေါက်ကြလားတော့  မသိပါ..။အဲဒီနေ့    ညမှာပဲ    ဦးစိန်လွင်ကိုအရေးပေါ်ပါတီညီလာခံကနေ  ပါတီဥက္ကဌ တင်လိုက်ကြပါရော..။
ပါတီဥက္ကဌ  ဦးနေ၀င်း  နေရာ မှာ     ဦးစိန်လွင်ဖြစ်လာပြီ…။နိုင်ငံတော် သမတ  ဦးစန်းယု  နေရာမှာကော  ဘယ်သူဖြစ်လာမလဲ..။ဇူလိုင်(၂၇)ရက် နေ့မှာ ကျင်းပမယ့်ပြည်သူ့လွှတ်တော်ကို  စောင့်ကြည့်ရမှာပေါ့…။နိုင်ငံတကာ  အသံလွှင့်ဌာနတွေကနေ   ဦးစိန်လွင်ရဲ့  သမိုင်းကိုပြန်ဖော်ပါတယ်..။အထူးသဖြင့်  ဘီဘီစီ က  အသံလွှင့်ပါတယ်..။လွတ်လပ်ရေးခေတ်ဦး   ဗမာ့တပ်မတော်က  တပ်ရင်းအလိုက်  တောခိုကြ တဲ့  အခါဗိုလ်နေ၀င်း ဦးဆောင်တဲ့ တပ်ရင်း(၄) နဲ့ ကချင်တပ်ရင်း၊ချင်းတပ်ရင်း၊ရှမ်းတပ်ရင်း များသာ  အစိုးရဘက် မှာ  သစ္စာရှိရှိကျန်ခဲ့ ကြကြောင်း..။ပြည်မြို့ မှာ တပ်စွဲတဲ့တပ်ရင်း(၄)မှာ  ဗိုလ်စိန်လွင်လည်း  ဗိုလ်ကျော်ထင်တို့ဗိုလ်ထွန်းတင်တို့နဲ့  အတူတူ  ပါဝင်ခဲ့ကြောင်း…။ဗိုလ်နေ၀င်းရဲ့ သစ္စာရှိနောက်လိုက် တဦးဖြစ်ကြောင်း..။၁၉၅၀  ခုနှစ်က  ကရင်ခေါင်းဆောင် စောဘဦးကြီးကို  ခြုံခိုတိုက်ခိုက်ပြီး  အလောင်းကို  မော်လမြိုင် အရောက် သယ်ခဲ့သူ..။၁၉၆၂ ခုနှစ်ဆဲဗင်းဇူလိုင်အရေးအခင်းတုန်းက  တက္ကသိုလ်ကျောင်းသား သမဂ ရှေ့ မှာ
ကျောင်းသားရာကျော်   ပစ်သတ်ခဲ့သူ..။အခု ၁၉၈၈ မတ်လ  အရေးအခင်းတွေမှာလည်းကျောင်းသူ ကျောင်းသားတွေကို  အင်းလျားကန်ထဲ မောင်းချပြီး   ပစ်သတ်ခဲ့သူ..။စသဖြင့်   ဦးစိန်လွင်ရဲ့  သမိုင်းတွေကို  ပြန်ဖော်ထုတ်ပြခဲ့တယ်..။နိုင်ငံတကာ သတင်းလောကမှာတော့  သူ့ကို  သားသတ်သမားလို့ခေါ်ကြတယ်လို့လဲ  ထပ်ဆင့်ပုံဖော်ခဲ့ ပါတယ်..။
ဇူလိုင် (၂၇)ရက်နေ့   ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့   ဒီသားသတ်သမားကိုပဲနိုင်ငံတော် သမတ  တင်လိုက်ကြပြန်ပါပြီ….။ကျောင်းသားလောက မှာဆူပွက်သွားကြပြန်တာပေါ့…။နိုင်ငံတကာ  သတင်းလောကမှာလည်း   အပြင်းထန်ဆုံးဆန့်ကျင်ဝေဖန်ကြပါတယ်..။အဲဒီညမှာတော့  ကျနော်တာဝန်ကျလို့  ကောင်စီရုံးမှာ  ညအိပ်သွားစောင့်ရပါတယ်..။ပြည်မှာ ကုလားဗမာအဓိကရုဏ်း စကတည်းက  မြို့ နယ်အာဏာပိုင် အဖွဲ့ အစည်းသုံးခုနဲ့   အမြဲတမ်း အဖွဲ့ ဝင်တွေ  အလှည့်ကျညအိပ်တာဝန်ယူကြ ရပါတယ်..။
တာဝန်က  ကြီးကြီးမားမား  မဟုတ်ပါ..။မြို့ ပေါ် (၁၂) ရပ်ကွက်က   ညကင်းတွေနဲ့ တွဲထားတဲ့ ရဲတွေကို လိုက်စစ်ရတာပါ…။ကားနှစ်စီးနဲ့  လူခွဲပြီး လိုက်စစ်ရပါတယ်..။လိုက်စစ်တော့လဲ   သူတို့တွေ တယောက်တလှည့်    အိပ်နေကြတာ  တွေ့ ရတာပါဘဲ…။
တရားရုံးကို  ခုရက်မှာ  အသစ်ရောက်လာတဲ့တရားရေးအကြံပေးက   မိသားစုလည်းမပါသေး…။အိမ်ငှားလည်း  မရသေးလို့    ရုံးမှာပဲ  ည အိပ်ပါတယ်..။ဒါကြောင့်ဂျူတီကျတယ်  ဆိုပေမယ့်  ..သူ့ဆီ သွားပြီး  ရေဒီယို  နားထောင်လိုက်၊ ရေနွေးသောက်လိုက် လုပ်နေတုန်းဦးစိန်လွင် သမတဖြစ်သွားတဲ့သတင်းကို  ကြားရတာပါ..။တရားရေး အကြံပေးကတောင်   ဒီလူကြီး  သမတဖြစ်ရင်တော့ ဒုက္ခပါဘဲဗျာ..လို့    ငြီးပါတယ်..။

((၈) ဘုန်းကြီးတွေလည်း လှုပ်လှုပ်ရွရွ  ..ကို ဆက်ပါမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts