ဆောင်းလူ

Saung Luu – Poem

ဒီမနက်စောစော တွေ့လိုက်ရသော ငါးများ …
ဆောင်းလူ
ဇူလိုင် ၂၄၊ ၂၀၁၃
ဒီနေ့မနက်
ငါနေရာ မြို့ကြီး ပြကြီးမှာ …
ငါးတွေ ဖျတ်ဖျတ်လူးနေကြတယ် ..
ရေများလို့တဲ့ …။
ကြည့်ရတာ သူတို့
ရေများရာအရပ်ကနေ
ရေနည်းရာအရပ်ကို 
မျဉ်းကျားတွေဆီကနေ
ဒေါင်လိုက် ရွေ့လျားနေပုံရတယ် …။
ငါးတွေမှာ
ဟိုသွား ဒီသွားစရာ
မှတ်ပုံတင်မလိုဘူး …
ငါးတွေမှာ
ဟိုသွား ဒီသွားစရာ
ဆိုင်ကယ်တွေမရှိဘူး …
ငါးတွေမှာ
ဟိုသွား ဒီသွားစရာ
ကားတွေမရှိဘူး …
ငါးတွေမှာ
ဟိုဆက် ဒီဆက်စရာ
ဟိုကလိ ဒီကလိစရာ
စမတ်လ်ဖုန်းတွေ မရှိဘူး …
ငါးတွေမှာ
ဂုဏ်ပြိုင်စရာ
ပကာသနတွေ ရှိမယ်မထင်ဘူး …
ငါးတွေမှာ
ငါးမျိုးရေး ခွဲခြားမှုတွေ ရှိမယ်မထင်ဘူး …
ငါးတွေမှာ
ပျော်ပါးစရာ
နိုက်ကလပ်တွေ ရှိမယ်မထင်ဘူး …
ငါးတွေမှာ
ဟိုကင်ပွန်းတပ် ဒီကင်ပွန်းတပ်
ဟို မွေးနေ့ ဒီ မွေးနေ့
ဟိုပါတီ ဒီပါတီ ရှိမယ်မထင်ဘူး …
ငါးတွေမှာ
သောက်စရာ
ယမကာ ဘီယာ ရှိမယ်မထင်ဘူး …
ငါးတွေမှာ
ညည သွားစရာ
အပျော်မယားတွေ ရှိမယ်မထင်ဘူး …
ငါးတွေမှာ
တက်စရာ
လွှတ်တော်ဆိုတာကြီး ရှိမယ်မထင်ဘူး …
ငါးတွေမှာ 
ရွေးချယ်စရာ
အမတ်ဆိုတာကြီးတွေ ရှိမယ်မထင်ဘူး …
ငါးတွေမှာ 
ဝိ၀ါဒကွဲစရာ အသင်းအပင်းတွေ ရှိမယ်မထင်ဘူး …
ငါးတွေမှာ 
ဝိ၀ါဒကွဲစရာ ကိုးကွယ်မှုတွေ ရှိမယ်မထင်ဘူး ….
ငါးတွေမှာ
အမျိုးမျိုးပြောင်းတပ်စရာ
မျက်နှာဖုံးတုတွေ ရှိမယ်မထင်ဘူး ..
ဒီမနက်စောစောတွေ့လိုက်ရတဲ့ ငါးများကတော့
တဖျတ်ဖျတ်ခုန်ရင်း ..
လွတ်ရာ လွတ်ကြောင်း …
ရန်သူကိုတော်လှန်တယ် …
ငါးနဲ့မတူ

လူဟူသော ငါတို့မှာသာတကား …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts