>Burmese in Newyork voted NO to Burmese junta’s sham referendum

>

နယူးယောက်က မြန်မာများကလည်း မြန်မာသံရုံးတွင် ကန့်ကွက်မဲထည့်

မိုးမခ အထောက်တော် ၀၀၂
ဧပြီ ၂၇၊ ၂၀၀၈

ဧပြီ ၂၅၊ ၂၆ နေ့များမှာ နယူးယောက် မြန်မာစစ်သံရုံးက ကြိုတင်ဆန္ဒမဲကောက်ခံခဲ့ပါတယ်။ ထို ၂ ရက် တောက်လျောက်လုံး မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက မြန်မာစစ်အစိုးရရဲ့ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး သံရုံးတွင်း ၀င်ရောက်မဲပေးသူများတချို့ကလည်း ကန့်ကွက်မဲပေးပြီးတာနဲ့ လမ်းပေါ်က ကန့်ကွက်ဆန္ဒပြပွဲမှာ ဆက်လက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

စနေနေ့က မဲပေးခဲ့သူ လူငယ်တဦးရဲ့ အတွေ့အကြုံအရတော့ – သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ပြပြီး ကြိုတင်မဲပေးခဲ့ကြောင်း၊ သူရောက်ရှိတဲ့အချိန်မှာ ညနေခင်း သံရုံးပိတ်ခါနီးဖြစ်လို့ မဲဆန္ဒအမှတ်စဉ် ၄၀၀ ကျော်ဖြင့် စာရင်းသွင်းခဲ့ရကြောင်း၊ နိုင်ငံကူးလက်မှတ်နှင့်တကွ လက်ကိုင်ဖုန်းစတာတွေကို သိမ်းဆည်းထားပြီး ရုံးအတွင်းက ကာရံထားတဲ့ အခန်းငယ်မှာ မဲပေးခွင့်ရကြောင်း၊ မိမိကိုယ်ရေးမှတ်တမ်းနဲ့တကွ စာရွက်ပေါ်မှာ ကြက်ခြေခတ်ခြစ်ပြီး မဲပေးခဲ့ကြောင်း ပြောပြပါတယ်။ မဲလက်မှတ်စာအိတ်ကို သံရုံးဝန်ထမ်းက သိမ်းဆည်းလိုက်ပေမယ့် မည်ကဲ့သို့ မဲလက်မှတ်များကို ရေတွက်မယ်၊ ထုတ်ပြန်မယ်၊ ထိမ်းသိမ်းထားမယ်တို့ကို ရှင်းမပြဘူးလို့ သိရပါတယ်။

ကမ္ဘာတ၀ှမ်းက မြန်မာသံရုံးတွေမှာ ကြိုတင်မဲလက်မှတ် ပေးနိုင်ကြပြီး၊ မြန်မာ့ဒီမိုကရေစီရေး လိုလားသူ မြန်မာအများစုထဲက သူတို့ဖိတ်ကြားတဲ့၊ လက်ရှိဝင်ငွေခွန်ဆောင်ထားတဲ့ သက်တမ်းရှိ မြန်မာနိုင်ငံကူး လက်မှတ်ကိုင်သူတို့ကိုသာ မဲပေးခွင့်ပြုခဲ့တာဖြစ်လို့ လူနည်းစုမဲသာ ဖြစ်တာကို တွေ့ရပါတယ်။ စာတိုက်က ဖိတ်တဲ့စာရင်းက တချို့မြန်မာတွေကလည်း အခြား နိုင်ငံသားအဖြစ် ကူးပြောင်းသွားပြီဖြစ်လို့ မဲပေးရန် အကြုံးမ၀င်တော့တဲ့ လူအများအပြားလည်း ရှိနေပါတယ်။ အဲသည်အတွက် သူတို့စာရင်းအရ မည်သို့သော မဲတွေကို ရေတွက်ပြီး တင်ပြမယ်ဆိုတာကို သံသယရှိတယ်ဆိုတဲ့အကြောင်း နယူးယောက်မြို့ မြန်မာဒီမိုကရေစီရေး လုပ်ဆောင်နေတဲ့ ကိုအောင်ခန့်က မိုးမခကို ပြောကြားခဲ့ပါတယ်။

ယခု နိုင်ငံတကာက မြန်မာပြည်ဒီမိုကရေစီရေး ဆောင်ရွက်နေသူ မြန်မာမိသားစု အစုအဖွဲ့များ ချိတ်ဆက်ကြပြီး “စစ်အစိုးရအခြေခံဥပဒေ ဘက်မလိုက်စစ်တမ်း” သဘောမျိုးနဲ့ ဆန္ဒမဲပေးကြသူအများစုရဲ့ ဆန္ဒမဲသဘောထားကို အလွတ်သဘော ကောက်ယူ ထုတ်ပြန်သင့်ပြီ ဖြစ်ကြောင်း နယူးယောက် မြန်မာမိသားစုများက သဘောထားတယ်လို့ ပြောဆိုပါတယ်။ ယခု နယူးယောက်က အစုအဖွဲ့အနေနဲ့ NLD-LA USA Branch, 88 Generation Students (Exile), Women On The Move For Burma နဲ့ International Campaign For Burma(NY) တို့က ဒုတိယနေ့မှာ ကန့်ကွက်ဆန္ဒပြနေခဲ့တာ တွေ့ရပါတယ်။

သူတို့တွေ (စစ်အစိုးရနဲ့ အပေါင်းအပါများ) လုပ်ကြံဖန်တီး လိမ်ညာတဲ့ ထုတ်ပြန်ချက်တွေ မေလ ၁၀ ရက် နောက်ပိုင်း မလာခင်မှာ ပြည်တွင်း ပြည်ပက မြန်မာတွေ စုစည်းပြီး အလွတ်စစ်တမ်းကောက်ယူ ထုတ်ပြန်ထားတာမျိုးနဲ့ ကြိုတင်လှုပ်ရှားဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း၊ ယခု ၂ ရက်အတွင်း တကယ် လာရောက် မဲပေးသူ ၁၀၀ ကျော်ခန့်သာ မျက်မြင်တွေ့ရပြီး၊ အဲဒီထဲက မြန်မာလူငယ်အသိုင်းအ၀ိုင်းကတော့ ကန့်ကွက်မဲ ထည့်ကြကြောင်း၊ အသက်အရွယ်ကြီးသူ အချို့တွေကတော့ တာဝန်ကျေ ထောက်ခံမဲ သွားထည့်ခဲ့တယ်လို့ ပြောကြောင်း ကြားသိရတယ်လို့ မိုးမခ ပရိသတ်တဦးက သတင်းပေးပို့ပါတယ်။

ဝါရှင်တန်ဒီစီက မြန်မာတွေကတော့ ဒီနေ့နဲ့ နက်ဖြန်မှာ အဲဒီအရပ်က မြန်မာသံရုံးမှာ ကြိုတင်မဲ ထည့်ကြဖို့ အစီအစဉ်ရှိကြောင်း ကြားသိရပါတယ်။

(Photo by – International Campaign for Burma (Newyork)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts