>Burmese in Singapore voted "NO" to Burmese junta’s sham referendum

>

စင်္ကာပူရောက် မြန်မာများ ဒုတိယနေ့တွင်လည်း ကန့်ကွက်မဲ ထည့်
မိုးမခ၊ အာဇာနည်ဘလောက်၊ သီရိလင်္ကာမြန်မာရဟန်းတော်များ ဘလောက်

ဧပြီ ၂၇၊ ၂၀၀၈

စင်္ကာပူနိုင်ငံမှာ မြန်မာသံရုံးမှာ ပြုလုပ်တဲ့ ဒုတိယနေ့မြောက် ကြိုတင်ဆန္ဒမဲပေးပွဲမှာ မြန်မာနိုင်ငံသား ၅၀၀၀ ကျော်က သံရုံးရှေ့မှာ စုရုံးပြီး ဆန္ဒမဲပေးရန် စောင့်ဆိုင်းခဲ့ကြပါတယ်။ မြန်မာအရေးလှုပ်ရှားသူ အစုအဖွဲ့များက “စစ်အစိုးရဆန္ဒခံယူပွဲ ဘက်မလိုက်စစ်တမ်း” ကောက်ယူခဲ့ရာမှာ မဲပေးခဲ့သူများအနက် စစ်တမ်းအတွက် စာရင်းပေးသူ လူဦးရေ ၁၅၀၀ အားလုံးက ကန့်ကွက်မဲ ပေးခဲ့တယ်လို့ သိရပါတယ်။

ပထမနေ့ကထက် မြန်မာတွေ ပိုများပြီး စင်္ကာပူလုံခြုံရေးကလည်း တိုးမြှင့်ပြီး ချထားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာရဟန်းတော်များလည်း လာရောက်ပြီး မြန်မာပရိသတ်ကို စည်းကမ်းတကျ ထိမ်းသိမ်းပေးခဲ့ပါတယ်။ သံရုံးက မစီစဉ်ပေးတဲ့အတွက် သောက်ရေနဲ့ အဆာပြေ စားစရာတွေကို စေတနာဝန်ထမ်း မြန်မာအရေးဆောင်ရွက်သူတွေက အလှူငွေကောက်ပြီး ဝေယျာဝစ္စ ဆောင်ရွက်ပေးကြတယ်လို့ သိရပါတယ်။ သံရုံးပိတ်ချိန်မှာ မြန်မာတွေက စည်းကမ်းတကျနဲ့ မြို့ထဲကို စီတန်းလမ်းလျောက်ပြီး ပြန်ခဲ့ကြပါတယ်။

ဂျပန်မှာ မြန်မာသံရုံးက ခြေထိုးလို့၊ ပြီးတော့ အစိုးရိမ်ကြီးတဲ့ ရဲတွေကြောင့် မြန်မာတွေ အကြမ်းဖက်အနှိမ်နှင်းခံရတာကို သင်္ခန်းစာယူပြီး မြန်မာ့အရေးအစုအဖွဲ့တွေက စည်းကမ်းရှိရှိ၊ ညီညီညွတ်ညွတ်နဲ့ စင်္ကာပူရဲတွေကို ရင်ဆိုင်ခဲ့ကြတယ်လို့ မျက်မြက်တဦးက ပြောပါတယ်။ သံရုံးရှေ့မှာ ကမ္ဘာမကြေကို သံပြိုင်သီဆိုနိုင်တာကလည်း ကြက်သီးထစရာ အတွေ့အကြုံပဲလို့ ဆိုပါတယ်။ အပြောခံ အနှိမ်ခံရမှာစိုးလို့ အမှိုက်တောင် တစမကျန် ကောက်ပြီး ရှင်းပေးပြီးမှ ပြန်ကြတယ်လို့ မြန်မာအရေးလှုပ်ရှားသူ အစုအဖွဲ့တွေက ပြောပါတယ်။ မြန်မာ့အရေးဆောင်ရွက်နေသူများထဲက ကိုကျော်စိုးနဲ့ ကိုဝင်းကျော်ကို စင်္ကာပူရဲများက ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။

မြန်မာအများစုဟာ လစာနည်း အလုပ်သမားလက်မှတ် (WP) နဲ့ နေထိုင်ကြတာဖြစ်ပြီး၊ အလုပ်ရှင်များက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းထားပြီး၊ အလုပ်ရုံများက ဂိုဒေါင်ပုံစံ တန်းလျားများမှာ ထားတာကြောင့်၊ ထိုမြန်မာများအဖို့ တရားဝင် မဲပေးခွင်ရှိပေမယ့် အခြားနိုင်ငံသားများရဲ့ ချုပ်ချယ်မှုအောက်မှာ မြန်မာသံရုံးကို အရောက်လာပြီး လွတ်လပ်စွာမဲပေးခွင့် ရှိကြမှာ မဟုတ်ဘူးလို့ မိုးမခပရိသတ် တဦးက ထောက်ပြသွားပါတယ်။

http://arzarni.blogspot.com/

http://lanka-msma.blogspot.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts