ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ဆင်ပြောင်ငါးစီးမာန် ရေကုသိုလ်ကံ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇူလိုင် ၂၃၊ ၂၀၁၃

 တစ်ချိန်က နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူအကျိုးပြုလုပ်ငန်းများထဲမှ သောက် သုံးရေရှားပါးဒေသများသို့ သောက်သုံးရေရရှိစေရန် အလှူရှင် စေတနာရှင်များ၏ သဒ္ဒါတရား၊ အသင်းသူ/ သားတို့၏ မေတ္တာစွမ်းအား၊ ကရုဏာစွမ်းအား၊ မုဒိတာစွမ်းအားတို့ဖြင့် စုပေါင်းကာ ကူညီဖေးမခဲ့ကြသည့် နည်းတူ အချို့သောအလှူရှင်များမှလည်း တစ်နိုင်တစ်ပိုင် ကူညီမှုများကို စေတနာသန့်သန့်ဖြင့် လှူဒါန်း ခဲ့ကြသည်။ သို့သော် အချို့သောပုဂ္ဂိုလ်၊ အသင်းအဖွဲ့များမှ စာနယ်ဇင်း၊ အင်တာနက်စာမျက်နှာများထက် တွင် ထိုကဲ့သို့ ရေလှူဒါန်းမှုများသည် “ဆင်ပါးစပ်နှမ်းပက်” နေသည်ဟု ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။ ထိုသို့ပြောဆိုဝေဖန်မှုများကို ကျွန်တော်တို့ လျစ်လျူပြုထားသည်။ ကိုယ့်လမ်း .. ကိုယ်သွား၊ ကိုယ်အလုပ် .. ကိုယ်လုပ်၊ ကိုယ့်တာဝန် .. ကိုယ်ကျေ၊ ကိုယ့်သီလ .. ကိုယ်လုံ၊ ကိုယ့်သမိုင်း .. ကိုယ်ရေး ရုံသာရှိသည်။ ကျွန်တော်တို့ ရေကုသိုလ်များလုပ်ပေးခဲ့သော မြို့ခံ၊ ရွာခံ မိဘပြည်သူတို့ အသိဆုံးပင်ဖြစ်သည်။ ထိုသို့ ဝေဖန်ပြောဆိုကြသောသူများ၊ အဖွဲ့အစည်းများအနေဖြင့် ရေတွင်း၊ အဝီစိတွင်းများ မည်မျှမြန်မာပြည်သူ လူထုတို့အတွက် တူးဖော်ကုသိုလ်ယူပြီး ဟု ကျွန်တော်ပြန်လည်၍ မေးခွန်းထုတ်မိသည်။ ကျွန်တော်တို့ သည် လက်တွေ့သမားများသာဖြစ်သည်။ ကျွန်တော်တို့ မြန်မာပြည်သူလူထု မိဘပြည်သူများအတွက် သောက်သုံးရေများရှားပါးခဲ့သော ၂ဝ၁ဝ ခုနှစ်မှ ယခု ၂ဝ၁၃ ခုနှစ်အထိ မော်တော်ယာဉ်များသွားလာရန် ခက်ခဲသည့် အရပ်ဒေသများရှိရွာများသို့ ဆိုင်ကယ်နှင့်တစ်နည်း၊ လမ်းလျှောက်၍တစ်မျိုး၊ လှည်းစီး၍ တစ်ဖုံ ပင်ပန်းဆင်းရဲ ဒုက္ခခံ၍ လူမှုရေးသမားများနှင့် တတ်သိပညာရှင်များက အနစ်နာခံ ပေးဆပ်ခဲ့ကြရ သည်။ ထို့ပြင်တူးဖော်ရရှိပြီး ရေထွက်လာသော်လည်း ထိုရပ်ရွာများသို့ စဉ်ဆက်မပြတ် ရေကြော ပြတ် တောက်သွားခြင်းရှိ မရှိများကိုလည်း ကွင်းဆင်းလေ့လာမှုများကို ပြုလုပ်ပေးလျှက်ရှိသည်။ ထိုကဲ့သို့ အနစ်နာခံ အပင်ပန်းခံ ပေးဆပ်လုပ်နေသည့်ကြားမှဘဲ ရိုးသားလှသော ကျေးလက်ဒေသများရှိ မိဘ ပြည်သူအပေါင်းတို့အား ရေတူးဖော်ပေးမည်ဟူ၍ အာမခံချက်များပေး၍ လှည့်ဖျားလိမ်ညာနေသော ရေပွဲ စားများ၊  ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များအားလည်း လာရောက်၍ ခုတုံးလုပ်ခြင်း အသုံးချခြင်းများ အစရှိသည့် မသမာမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

ယခုတူးဖော်ပေးခဲ့သော အဝီစိတွင်းတူးခြင်း၊ ရေတွင်းရေကန်ဆောက်ခြင်း၊ သောက်သုံးရေ ပေးဝေ ခြင်း၊ ရေပိုက်သွယ်တန်းပေးခြင်း စသည်တို့ကို စာရင်းဇယားဖြင့် အများပြည်သူ သိရှိအောင် တင်ပြလိုက်ရ ပါသည်။ ဤစာရင်းဇယားများအား ဖတ်ရှုလေ့လာပါက ကျွန်တော်သည် “ဆင်ပါးစပ်နှမ်းပက်” သော လူမျိုး မဟုတ် “ဆင်ပြောင်ငါးစီး အားမာန်အပြည့်” ဖြင့် ပေးဆပ်နေကြသောသူများ ဖြစ်သည်ဟု သဘောပေါက် ကာ မုဒိတာပွားနိုင်ကြလိမ့်မည်ဟု ယုံကြည်လိုက်ရပါသည်။ ထို့ကြောင့် ရေအကျိုး (၁ဝ) ပါး ဟူသော စကားအရ ရေကုသိုလ်အလှူရှင်များ၊ ရေတူးဖော်ပေးသော ပညာရှင်များနှင့် ကျွန်တော်တို့ လူမှုရေး သမားများအတွက်မူ “ဆင်ပြောင်ငါးစီးအားမာန် ရေကုသိုလ်ကံ” များလို ခံစားရလိမ့်မည် ဖြစ်တော့သည်။

“ကိုယ်ပြုသောကံ ပဲ့တင်သံ … ကိုယ့်ထံပြန်လာမည်” ဆိုသော ဆောင်ပုဒ်အားလက်ကိုင်ပြုလျှက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts