News Features

Lyft competing Taxi in SF and other 3 cities

LYFT – အမေရိကန်မှာ ခေတ်စားလာတဲ့ ကိုယ်ပိုင်ကားလူကြုံအငှားယာဉ်စနစ်

လောကဓာတ်ခန်းသာဂိ၊ ဇူလိုင် ၂၇၊ ၂၀၁၃

ဆန်ဖရန်စစ္စကိုမှာ တက္ကစီသမားတွေ ခြူသံပါအောင် ငြီးနေကြပြီလို့ လိုင်စင်ရတက္ကစီသမား ကိုကြယ်သိးက မိုးမခကို ပြောပါတယ်။ အခုသူတို့တိုင်စိဈေးကွက်ကို ကိုယ်ပိုင်ကားမောင်းသမားတွေက လက်တလုံးခြားနဲ့ ၀င်လုနေကြပြီလို့ ဆိုပါတယ်။ တိုင်စီမီတာဈေးထက် သက်သာတဲ့ နှုန်းနဲ့ ကားတွေ အငှားလိုက်နေကြလို့ တက္ကစီကားမောင်းလိုင်စင်နဲ့ တက္ကစီလိုင်စင်ရကားတွေ ဘေးထိုင်နေရတယ်လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်က တက္ကစီမောင်းတဲ့ စီးပွားရေးလုပ်ငန်းဆိုတာ အရင်းရှင်စနစ်ထုံးစံ လက်ဝါးကြီးအုပ် စနစ်ဖြစ်တယ်။ ဆန်ဖရန်မြို့တော်တွင်း တရားဝင်တက္ကစီကားပါမစ်က ယခုအချိန်မှာ အစီးရေ ၁၄၀၀ အတွက်ပဲ ရှိတယ်။ မက်ဒီလီယန်လို့ ခေါ်တဲ့ လိုင်စင်ပြားက အခု ဈေး ၃ သိန်းလောက် ပေါက်တယ်။ တိုင်စီကားတွေ ဘယ်လောက်ပဲ ရှိရှိ လိုင်စင်ပြားမရှိရင် တိုင်စီဆိုပြီးတွေ့ရာကားကို မောင်းလို့ မရဘူး။ ဆိုတော့ ကားမောင်းချင်သူက တိုင်စီယာဉ်မောင်းလိုင်စင် လက်မှတ်ရအောင်လုပ်၊ တိုင်စီကားငှားစားချင်သူက တိုင်စီကားပါမစ်လိုင်စင်ရအောင် လျောက်ရပါတယ်။ တိုင်စီသမားတွေက အလှည့်ကျမောင်းလို့ရတော့ တိုင်စီသမားအရည်အတွက်က တိုင်စီကားထက်များသော်လည်း တိုင်စီကားက လောလောဆယ် ၁၄၀၀ ပဲ ရှိတယ်။ အခု တိုင်စီကားပါမစ်လျောက်ထားသူ ၁၄၀၀ ကျော်ရှိနေပြီး၊ ဒီနှစ် ၂၀၁၃ အတွက် ကားအစီးရေ ၂၀၀ ပဲ တိုးပေးဦးမယ်လို့ ပြောတယ်။ တိုင်စီကားကုမ္မဏီတွေက တိုင်စီကားတွေ ပိုင်ဆိုင်သလို တဦးချင်းစီကလည်း တိုင်စီကားပါမစ်နဲ့ လုပ်ငန်း လုပ်ကြတယ်။ တလကို ကားမပါဘဲ အဲသည် လိုင်စင်ပြား၊ မက်ဒီလီယန် (Medallion) ငှားပြီး မောင်းချင်ရင်တောင် တလကို ၁၈၀၀ လောက် ပေးရတယ် ဆိုတယ်။ ကားမပါသေးဘူး ဆိုပဲ။

ဆန်ဖရန်မြို့တွင်း တိုင်စီကားတွေက အဲသည်မြို့ထဲပဲ မောင်း၊ လေယာဉ်ကွင်း အသွားအပြန်မောင်း၊ ဆန်ဟိုဇေးမြို့သမားတွေက မြို့တွင်းမှာမောင်း၊ ဥက္ကလံမြို့သမားကလည်း သူတို့မြို့တွင်းမှာ မောင်းခွင့် ရှိတယ်။ လိုင်စင်ကြေးပေး၊ အခွန်ပေး၊ မီတာခတွေ သတ်မှတ်။ သည်လိုမျိုး။ ဆန်ဖရန်ကနေ ဥက္ကလံလိုက်ပို့ရင် အသွားကို ခရီးသည်နဲ့ သွားသော်လည်း အပြန်မှာ ဥက္ကလံမြို့ထဲ ၀င်ဆွဲလို့ မရဘူး။ သူ့အပိုင်စားနဲ့ ဆိုတော့ အပြန်ကို ခါလီပြန်ရတယ်။ အဲသလို စည်းကမ်းတွေ၊ ကြေးတွေနဲ့ အမေရိကန်တိုင်စီဈေးကွက်က ဒီလို အကန့်အသတ်ရှိတယ်။ အကာအကွယ်တွေ ရှိတယ်။

ဆန်ဖရန်မြို့တော်မှာ မြန်မာပြည်သား တိုင်စီသမားတွေ ရာဂဏန်းမဟုတ်တောင် ဆယ်ဂဏန်း တော်တော်များပါတယ်။ ဒေသခံ သာရေး၊ နာရေး၊ ဘာသာရေးတွေမှာ မြန်မာတိုင်စီသမားအဖွဲ့က အားကိုးရတဲ့ အခမ်းကဏ္ဍမှာ ရှိပါတယ်။ သူတို့ရဲ့ အားကောင်းရာဒေသက ဒေလီးစီးတီးပါ။ ဆန်ဖရန်ဆင်ခြေဖုံး မြို့ကလေးပေါ့။ အင်းစိန်လို နေရာမျိုး။ အခုတော့ တိုင်စီသမားတွေက ငြီးနေကြပြီ။ အပြိုင်အဆိုင်များတဲ့ တိုင်စီဈေးကွက်မှာ ကိုယ်ပိုင်ကားသမားတွေက ဥပဒေနဲ့ လက်တလုံးခြားလုပ်ပြီး အငှားကားဆွဲစားနေကြပြီ တဲ့။

အဲသည်လို အမေရိကန်အရင်းရှင် လုပ်ငန်းတွေအချင်းချင်း စားခွက်ခုတ်ကြတဲ့ဆီမှာ ခေတ်မီနည်းပညာတွေကိုပါ အသုံးချလာတာဖြစ်ပါတယ်။ အဲသည်ထဲက တခုကတော့ Lyft.me ဆိုတဲ့ ၀က်ဆိုက်နဲ့ လူကြုံတင် ကားဆွဲတဲ့ စနစ်ပါ။ ခရီးသည်က အင်တာနက်ကနေ ဖုန်းတွေကနေ မိမိရှိတဲ့နေရာနဲ့ သွားလိုတဲ့ နေရာကို အကြောင်းကြားလိုက်ရင် အဲသည်အရပ်က Lyft Driver Members အဖြစ် စာရင်းသွင်းထားသူ ကိုယ်ပိုင်ကားမောင်းသမားတွေက အင်တာနက်တွေ ဖုန်းတွေကနေ အကြောင်းပြန်ပြီး ကားကြုံဝင်ခေါ်ပြီး လိုက်ပို့ပေးလိုက်ယုံပါပဲ။ ပိုက်ဆံကို တိုက်ရိုက်မပေးရဘဲ Lyft ကုမ္မဏီကနေပြီးတော့ အလှူငွေလက်ခံသလို၊ မုန့်ဖိုးသဘောမျိုး အွန်လိုင်ကနေပဲ အခကြေးငွေကို ဖြတ်ပါတယ်။ အဲသည်တော့ သူတို့လုပ်ငန်းက တိုင်စီအလုပ် လုပ်တာမဟုတ်ဘူး ခရီးသည်တွေ ကားကြုံတင်ချင်သူ ကားသမားတွေ အချင်းချင်း ဆက်သွယ်တဲ့ အလုပ်ပဲ လုပ်တဲ့ အကျိုးဆောင်ကုမ္မဏြီ ဖစ်တယ်လို့ ဆင်ခြေပေးနိုင်တာ ဖြစ်တယ်။

တိုင်စီလုပ်ငန်းရဲ့ ကြေးတွေက မြင့်တယ်။ လေဆိပ်ကြေးတွေ ရှိတယ်။ ကားလမ်းမကြေးတွေ၊ စည်ပင်ကြေးတွေ၊ အခွန်အခတွေ ရှိတယ်။ ဈေးနှုန်းတွေ ရှိတယ်။ ကားသမားက ကားပိုင်ရှင်ကို အုံနာကြေးပေးရတယ်။ အဲဒါတွေ ထည့်တွက်ပြီး ယေဘူယျစာရိတ်ကို တွက်မယ်ဆိုပါစို့။ ဥပမာ နေ့တ၀က်အုံနာကြေးက ၁၀၀ လောက် ရှိရင် ကားသမားက ဆီဖိုးအပြီး အိမ်အတွက် ၁၀၀ လောက် ကျန်အောင် မောင်းမှ အိုကေမယ်လို့ ဆိုတယ်။ သောကြာ၊ စနေနေ့တွေ မောင်းချင်ရင် ကားကြေးက ကြီးတယ်၊ ၀င်ငွေကလည်း ကောင်းတယ်။ ကားသမားတွေက အပြိုင်အဆိုင် မောင်းရ၊ ခရီးသည်ရှာရတော့ ဘယ်နိုင်ငံမှာမဆို တိုင်စီသမားတွေ ကားမောင်းကြမ်းတယ်၊ အပြောအဆို ရင့်တယ်။ သူတို့ကို တစ်ပ် (လဘက်ရည်ဖိုး) ပေးရတာရှိတယ် ဘာညာနဲ့ ခရီးသည်တွေကလည်း သူတို့ ဝေဖန်ချက်တွေ ပြန်ကြားရပါတယ်။

သည်တော့ Lyft လိုမျိုး ကိုယ်ပိုင်ကားနဲ့ ခရီးသည်လူကြုံမောင်းပေးရင် တဖက်လှည့်နဲ့ ၀င်ငွေ ရတဲ့ စနစ်ကို ကားသမားတွေကော ခရီးသည်တွေကောက လောလောဆယ်မှာ သဘောကျတယ်။ ကြေးတွေ လိုင်စင်တွေ မရှိတော့ ကားခပေးရတာ သက်သာတယ်။ ကားမောင်းသူနဲ့ ကားစီးသူက သာမန်မြို့သူ မြို့သား ဒေသခံတွေ အိမ်နီးချင်း ရပ်ကွက်နီးချင်းတွေ ဖြစ်တော့ ရင်းနှီးမှု ရယူနိုင်တယ်။ သူတို့တွေက အသင်းဝင်ထားတော့ သူတို့အကြောင်းတွေ၊ ဓာတ်ပုံတွေကို ကြိုတင်ပြီး လေ့လာသိရှိထားနိုင်တယ်လို့ ဆိုတယ်။ သူတို့တွေရဲ့ ဖေ့စ်ဘွတ်တွေကို ကြိုပြီး ကြည့်လို့ ရတယ်လို့ ပြောကြတယ်။ ပြီးတော့ lyft မှာ ကားမောင်းတဲ့အသင်းသားဖြစ်ဖို့အတွက် စည်းကမ်းတွေ၊ နောက်ကြောင်းစစ်ဆေးတာတွေ၊ ကားမောင်းသက်တမ်းကိုလည်း ကြည့်တယ်။ စာမေးပွဲစစ်တယ်။ ကားမောင်းသူနဲ့ ကားစီးသူတွေကြား ဘယ်လိုမျိုး ဆက်ဆံရေး ထူထောင်မလဲ၊ ထိန်းသိမ်းမလဲ ဆိုတာကို မေးတယ်။ ပြီးတော့ သူတို့Lyft စာရင်းကနေ မဲစနစ်နဲ့ ဆက်ဆံရေးမကောင်းသူတွေကို ထုတ်ပစ်တယ်။ အဲသည်လိုမျိုး။

အခုချိန်မှာ Lyft က ဒေါ်လာ သန်း ၆၀ ရင်းနှီးမှုတွေ တိုးပြီး ရထားတယ်။ မြို့ကြီး လေးမြို့ – ဆန်ဖရန်၊ အယ်လ်အေ၊ ဆီယက်တဲ၊ ချီကာဂိုမြို့တွေမှာ ၀န်ဆောင်မှုပေးတယ်။ တပတ်မှာ ခရီးသည်ပေါင်း ၃ သောင်းကို လူကြုံပို့ပေးနိုင်တယ်လို့ ဆိုတယ်။ ၂၀၀၇ က ထူထောင်ပြီး ယခုမှာ 2.7 billion တန်တဲ့ လုပ်ငန်းဖြစ်နေပြီလို့ ပြောတယ်။

ကဲ … သည်တော့ တိုင်စီသမားတွေကလည်း စစ်ပွဲတွေ ထုံးစံအတိုင်း နိုင်အောင်မတိုက်နိုင်ရင် ဘက်ပြောင်းပြီး ပေါင်းဆိုသလို သူတို့လည်း အချိန်အားရင် lyft မှာ ကားဆွဲရမလို ဖြစ်နေပြီလို့ ပြောတယ်။ ဒါမှမဟုတ်ရင် တိုင်စီသမားတွေကို တိုင်စီခရီးသည်ကို တိုက်ရိုက် အွန်လိုင်းနဲ့ အင်တာနက်ကနေ ရှာဖွေ ချိတ်ဆက်ပေးတဲ့ UBER  အူဘာစနစ်ကို ပိုပြီး အားပေးကြရမလိုဖြစ်နေတယ်လို့ မြန်မာတိုင်စီသမား ကိုကြယ်သီးက မိုးမခကို မှတ်ချက်ပေးလိုက်ပါတယ် ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts