>ရေဆန် – ကဵနော့်ဘ၀ သူရဲကောင်း

March 29, 2008

>

ကျနော့်ဘ၀၏ ပထမသူရဲကောင်း
ရေဆန်

မတ် ၂၈၊ ၂၀၀၈
(၁)

၁၉၇၇ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့ကဖြစ်သည်။ မနေ့က ကျနော်၏ ဇနီးသည် သားဦးဖွားမြင်ပြီး သမီးမိန်းခလေးဖြစ်ကြောင်း ကြေးနန်းတစောင်ကို လက်ခံရရှိခဲ့သဖြင့် ကျနော့်အနေဖြင့် အတိုင်းမသိ ၀မ်းမြောက် အားတက်ခဲ့ရသည်။ ချက်ချင်းပင် ကျနော့်ဘ၀၏ ကျေးဇူးရှင် မွေးမိခင်ကြီး၏ မျက်နှာကိုလည်း တန်း၍ မြင်ယောင်လိုက်မိပါသည်။

ဤသတင်းကို ရရှိပြီးနောက် မိတ်ဆွေတဦးက “ဘာလေးလဲဗျ”ဟု မေးလိုက်သည့်အခါတွင် ကျနော်သည် မဆိုင်းမတွပင် “သမီးလေးဗျ”ဟု အားရ၀မ်းသာ ဖြေလိုက်သည်။ ထိုအခါ သူက “ယောက်ကျားလေးမွေးရင် ဘယ်လောက်ကောင်းမလဲဗျ”ဟု ပြန်ဖြေသဖြင့် ကျနော့်အနေနှင့် အတော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

သမီးမိန်းခလေးတယောက် မွေးဖွားလာခြင်းဟာ ဘာကြောင့် ယောက်ကျားလေးတယောက် မွေးဖွားခြင်းလောက် မကောင်းရတာလဲ၊ မိန်းခလေးနဲ့ ယောက်ကျားလေးအကြား ဘာတွေများ အဆင့်အတန်း ကွာခြားနေသလဲ၊ ယောက်ကျားတွေက မြင့်မြတ်ပြီး မိန်းခလေးတွေက ယုတ်ညံ့ပါသလား၊ သမီးတကောင် နွားတထောင်ဆို တကယ်ပဲ မှန်ကန်တဲ့စကားလား စသည့် အတွေးပေါင်း သောင်းခြောက်ထောင်တို့ ကျနော့်ခေါင်းထဲ ၀င်ရောက်လာသည်။ ခံပြင်းမှု ကြေကွဲမှုများလည်း တဒင်္ဂအတွင်း ဖြစ်ပေါ်ခဲ့ရသည်။

(၂)

၁၉၄၉ ခုနှစ်၊ အောက်တိုဘာလတွင်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ရှိ ဧရာဝတီမြစ်ခံစစ်ကြောင်း ထိုးဖောက်ခဲ့သဖြင့် ပန်းတနော် အရှေ့ခြမ်းရှိ ကရင်ကျေးရွာအားလုံး ဗမာ့တပ်မတော်၏ လက်တွင်းသို့ ကျနောက်ခဲ့ရသည်။ ထိုဒေသရှိ ကရင်လူထု ထောင်ပေါင်းများစွာသည် ရေလဲကျေးရွာသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။ ရက်အနည်းငယ်အတွင်း ပြင်တုံးကြီးကျေးရွာသို့ ရွှေ့ပြောင်း ခေါ်ဆောင်သွားပြန်သည်။ ပြည်သူများသည် သယ်နိုင်သမျှ စားနပ်ရိက္ခာနှင့် အ၀တ်အစားများကို တနိုင်စီသယ်၍ ရွှေ့ပြောင်းခဲ့ကြရသည်။

ကျေးရွာအသီးသီးတွင် ကျန်ခဲ့သည့် ပစ္စည်းဥစ္စာ ကျွဲ၊ နွား တိရိစ္ဆာန်အားလုံးကို ဗမာ့တပ်မတော်နောက် လိုက်ပါနေကြသည့် ခုတ်ခွာ ဆိုသူများက အကုန်သယ်ယူသွားကြသည်။ အိမ်ကောင်းယာကောင်းများကို ဖျက်ယူကြပြီး ကျန်အိမ်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများကိုပင်လျှင် ချမ်းသာမပေးကြ ဖျက်ဆီး မီးရှို့ပစ်ခဲ့ကြသည်။

ကရင်လူထုများသည် ညညဓားပြအတိုက်ခံရ ရိုက်နှက်နှိပ်စက်ခံကြရ ဆဲရေးတိုင်းထွာခံကြရ သမီးမိန်းကလေးများ မတရား အဓမ္မပြုကျင့်ခံကြရပြီး လုံးဝလုံခြုံမှု မရှိတော့သည့်ဘ၀သို့ ကျရောက်ကာ ကြေကွဲဖွယ်အတိ ဖြစ်ခဲ့ရသည်။

ထိုစဉ်က ဗိုလ်ဇော်ဝင်း၊ ဗိုလ်ကျင် စသည့် ဗမာ့တပ်မတော်တပ်မှူးများသည် မြေလှန်စနစ် ကျင့်သုံးရာတွင် လွန်စွာ လက်သံပြောင်ခဲ့ကြသည်။ တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်ဇော်ဝင်းမှာ မဆလခေတ်တွင် နိုင်ငံတော်ကောင်စီဝင်အဆင့်သို့ပင် ဗိုလ်နေ၀င်း၏ သူကောင်းပြုခြင်းကို ခံခဲ့ရသူဖြစ်သည်။

ကရင်ပြည်သူများ ကြမ္မာငင်ခဲ့ရပုံမှာ ပြင်တုံးကြီးရွာသို့ ရောက်ရောက်ခြင်းကာလ ၀မ်းရောဂါဖြစ်ပွားသဖြင့် ဆေးဝါးမရှိနှင့် ကလေးလူကြီးအများအပြား သေဆုံးခဲ့ကြရသည်။ ထိုနှစ် ဆောင်းကုန်၍ နွေအကူးတွင်မူ ဗိုလ်မှူးချစ်တင်၊ ဗိုလ်မှူးစံတင်အေး စသည့် မျိုးချစ်ခေါင်းဆောင်များ၏ ဦးစီးမှုဖြင့် ကရင့်တော်လှန်ရေးတပ်ဖွဲ့များက ထိုလူထုကြီးကို ပြန်လည်ကယ်တင်ခဲ့ကြပြီး လူထု ထောင်ပေါင်းများစွာကို ပန်းတနော်မြို့နယ် အနောက်ခြမ်းရှိ ရေလဲကြီး၊ ရုံးတော၊ မရမ်း၊ ဇရပ်လပ်၊ စံကျ စသည့် ကျေးရွာများသို့ ရွှေ့ပြောင်းစေခဲ့သည်။

အထုပ်အပိုးများ ကလေးများကို ချီပိုးလျက် နေပူကြဲကြဲတွင် တရွေ့ရွေ့ သွားနေကြသည့် လူတန်းကြီးကို မျက်စိတဆုံး လှမ်းမြင်နေကြရသည်။ ထိုစဉ်က မေမေ့ခြေဖ၀ါးတွင် အနာပေါက်နေသည့်အတွက် လမ်းမလျှောက်နိုင်သဖြင့် ၎င်း၏ မောင်များ၊ တူများက ပုခက်ဖြင့် သယ်ဆောင်ခဲ့ကြသည်။

ကျနော်တို့ညီအစ်ကိုနှစ်ယောက်နှင့် ညီမလေးမှာမူ လူတန်းကြီးနှင့်အတူ တရွေ့ရွေ့ လိုက်ပါခဲ့ကြသည်။ ထိုစဉ်က ညီမလေး အသက် ၅ နှစ်ပင် မပြည့်တတ်သေးချေ။

ဖေဖေ့မှာမူ မြောင်းမြအကျဉ်းထောင်တွင် အကျဉ်းချခံနေရပြီး သေ၏ရှင်၏ကိုပင်လျှင် မသိရတော့ချေ။ သတင်းအဆက်ပြတ်လျက်နေခဲ့သည်။ ရေလဲကြီး၊ ရုံးတော စသည့်ရွာများသို့ ရောက်သွားကြသည့်အခါ နေသည် ခြစ်ခြစ်တောက်ပူပြင်းလှသည်။ အိုးမရှိ၊ အိမ်မရှိ၊ မြေကြီးပေါ်တွင် ကောက်ရိုး သစ်ရွက်များကို ခင်းပြီး တဲထိုး၍ ဖြစ်သလိုနေ၊ ဖြစ်သလိုအိပ်၊ ဖြစ်သလိုစားကြရပြီး ပို၍ဆိုးသည့်အချက်မှာ သောက်ရေသုံးရေ ရှားပါးခြင်းဖြစ်သည်။

မကြာလိုက်ချေ၊ ကျောက်ရောဂါဖြစ်ပွားလာပြန်သဖြင့် လူအမြောက်အများ တမဟုတ်ခြင်း သေဆုံးကြရပြန်သည်။ သေဆုံးသူများအထဲတွင် တဦးတည်းသော ၅ နှစ်အရွယ် ညီမလေး နှင့် ဦးကြီးတယောက်လည်း ပါဝင်ခဲ့ကြသည်။ ညီမလေးသေဆုံးပြီး ၃ ရက်ခန့်အကြာ ကျနော်တို့ထံသို့ မေမေနှင့် ဒေါ်ကြီးတို့နှစ်ဦး ပြန်ရောက်လာသည့် ညနေခင်းတခု၏ မြင်ကွင်းသည် ယနေ့တိုင် ကျနော့်အမြင်အာရုံတွင် လန်းဆတ်နေဆဲဖြစ်သည်။ ဤမြင်ကွင်းကို ကျနော့်ဘ၀တွင် ဘယ်တော့မှ မေ့နိုင်မည်လည်း မဟုတ်ချေ။

အထပ်ထပ် ဖာထေးထားသည့် အမေ့အ၀တ်အစား၊ အားအင်ချည့်နဲ့ ပိန်ချုံးနေသည့် အမေ့ခန္ဓာကိုယ်၊ မွဲခြောက် ရှုပ်ပွနေသည့် အမေ့ဆံကေသာ၊ ညိုးငယ်နွမ်းလျနေသည့် အမေ့မျက်နှာ၊ မည်မျှ ငိုကျွေးခဲ့ရသည် မသိ နီနေသည့် အမေ့မျက်လုံးအစုံသည် အမေ့ရင်တွင်းမှ ပူလောင်နေသည့် သောကမီး၏ ဒုဒယ်ပမာဏ ကြီးမားမှုကို ဖော်ပြလျက်ရှိသည်။

မေမေသည် ကျနော်တို့ ညီအစ်ကိုနှစ်ဦး အပါအ၀င် မည်သူကိုမျှ စကားမပြောနိုင်တော့။ ကျမျက်ရည် တတွေတွေနှင့် ကျနော်တို့ညီအစ်ကိုနှစ်ယောက်ကို ကြည့်လိုက် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်နှင့် ဆို့နင့်ကြေကွဲဖွယ်အတိ ဖြစ်နေခဲ့သည်။ တဦးတည်းသော သမီးငယ်လေး ဆုံးရှုံးခဲ့ရ၊ လင်သားဖြစ်သူ၏ သတင်းလည်း ဘာမျှ မကြားသိရနှင့် ကြီးမားသော ပရိဒေ၀မီး၏ လောင်မြိုက်ခြင်းကို အပြင်းအထန် ခံနေရသည်။

မေမေသည် ထိုခဏအတွင်း ကျနော်တို့ ညီအစ်ကိုနှစ်ဦးကို တင်းကြပ်စွာ ထွေးပွေ့ထားပြီးနောက် ရှိုက်ကြီးတငင် ငိုချလိုက်ချင်ရှာမည်ပင်။ သို့ရာတွင် မေမေ၏ လက်နှစ်ဖက်မှ ကျောက်ပေါက်ရာများသည် ခြောက်ခါစသာ ရှိသေးသဖြင့် ကျနော်တို့ကို ထွေးပွေ့မထားနိုင်၊ ရင်တွင်းမှ ပြင်းထန်စွာ လောင်ကျွမ်းနေသည့် သောကမီးကို အံကြိတ်တင်းခံရင်း အမေ့မျက်လုံး အစုံမှ မျက်ရည်များ တွေတွေကျဆင်းနေခဲ့သည်။

မေမေသည် သူ့ဘ၀၏ ကြီးမားသည့် ဆုံးရှုံးမှုအတွက် တခဏတာလေးမျှပင် ပြေရာပြေကြောင်း နားနားနေနေ မနေနိုင်ခဲ့ချေ။ အနည်းငယ် ထူထူထောင်ထောင် ဖြစ်လာသည်နှင့် အသိတဦးထံမှ ငွေချေးပြီး အဒေါ်နှင့်အတူ ဈေးတောင်းခေါင်းရွက်ဘ၀သို့ ရောက်ခဲ့ရသည်။ ပူပြင်းလှသည့် နွေရက်များတွင် ဖိနပ်မပါ ခြေဗလာနှင့် တနေကုန် တနေခန်း ဈေးလည်ရောင်းခဲ့ရသည်။ နွေမှသည်မိုး မိုးမှသည်နွေ တနေကုန်တနေခန်း ဈေးတောင်းခေါင်းရွက်ဘ၀ခရီးကြမ်းကို ပင်ပန်းကြီးစွာ ဆက်နေခဲ့ရသည်။

မေမေ၏ ခြေဖ၀ါးအစုံသည် မိုးရက်များတွင် ရေစားနေခဲ့ပြီး နွေရက်များတွင် လယ်ကွက်များသဖွယ် ကွဲအက်နေခဲ့သဖြင့် ညည ရေနွေးနှင့်စိမ် ရေနွေးနှင့် ဆေးခဲ့ရသည်။ သေချာပါသည် မေမေ၏ အသဲနှလုံးတို့သည်လည်း သူ့ခြေဖ၀ါးနှယ် ကွဲအက်နာကျင်နေမည် မလွဲချေ။ မေမေသည် ဤသို့သော ဘ၀မျိုးကို ရောက်ခဲ့ဖူးသူ မဟုတ်ချေ။ သို့ရာတွင် မေမေသည် လောကဓံတရားကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့၊ ကြိတ်မှိတ်၍ ခံနိုင်ခဲ့သူပင်။ အမှန်စင်စစ်အားဖြင့် မေမေသည် ကျနော့်ဘ၀ ရေဆန်လမ်း၏ ပထမဦးဆုံးသော သူရဲကောင်းကြီးပင် ဖြစ်သည်။

ဤအမြင်အာရုံမှ ထင်လာသည့် အမေ့ရုပ်ပုံလွှာကြောင့်ပင် သမီးဦးကို မွေးဖွားလာသည့်အခါ ကျနော်သည် တွေဝေခြင်းအလျဉ်းမရှိ အားတက်ခဲ့ရပါသည်။ ယုံကြည်စိတ် တိုးများလာခဲ့သည်။ ချမ်းမြေ့ပီတိဖြစ်ခဲ့ရပါသည်။

(၃)

မဆလ တပ်များသည် ကေအဲန်ယူကို ဖြတ်လေးဖြတ်နည်းဖြင့် သဲကြီးမဲကြီး စစ်ဆင်နေခဲ့သည်။ စင်စစ်အားဖြင့် ဤစစ်ဆင်မှုများသည် ကရင်ပြည်သူများကို စစ်ဆင်ခြင်းပင်ဖြစ်သည်။ မဆလ တပ်များသည် ရောက်ရာအရပ်တွင် အကုန်သတ်၊ အကုန်ဖျက်၊ အကုန်ရှို့သည့် မြေလှန်စနစ်ကို ရိုင်းပြစွာ ပြုလုပ်ကြသည်။

အမည်းရောင်ဟု ၎င်းတို့သတ်မှတ်ထားသည့် စစ်မျက်နှာများတွင် လုယက်သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုအားလုံးကို မဆလ ဗိုလ်ချုပ်ကြီးများက လွတ်ငြိမ်းခွင့် ပေးထားသဖြင့် ဗမာ့တပ်မတော်သည် ရမ်းချင်တိုင်းရမ်းနေကြသည်။ မဆလဗိုလ်ချုပ်ကြီးများကိုယ်တိုင်လည်း ဤရဲစွမ်းသတ္တိမျိုးနှင့်ပင် ဗိုလ်ချုပ်ကြီးများ ဖြစ်လာကြသူများဖြစ်သည်။

ကျနော် တာဝန်ကျနေသည့် ခရိုင်သည် မဆလ၏ ဖြတ်လေးဖြတ်ကို ၁၉၇၄ခုနှစ်ကပင် ခံစားနေခဲ့ရပြီး တဖက် စစ်တိုက်၊ တဖက်က လူထုစည်းရုံးရေးလုပ်၊ အခြားတဖက်က တောင်ယာခုတ်ကြရသည်။ ထို့ကြောင့် သမီးကြီးမွေးဖွားလာပြီးနောက် ၆ လကျော် ကြာမြင့်လာခဲ့သည့်တိုင် သမီးထံ ပြန်မရောက်နိုင်ချေ။ စိတ်ကသာ သမီးထံရောက်ရောက်နေခဲ့သည်။ ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်သောအခါတွင်မှ ခွင့်ရသည့်အတွက် သမီးရှိရာသို့ ထွက်လာခဲ့သည်။

အပြန်လမ်းသည် တောင်ပေါ်လမ်းဖြစ်၍ အတက်အဆင်း များပြားပြီး အချို့လမ်းများမှာ အလွန်မတ်စောက်လှသည်။ ထို့ကြောင့် ခရီးထွက်သည်နှင့် ချွေးပြန်ပြီး ပင်ပန်းကြီးစွာနှင့် သွားရစမြဲဖြစ်သည်။ သို့ရာတွင် ယခုတကြိမ် အိမ်ပြန်ခရီးသည် အတွေးကြောင့် မောရပန်းရခြင်းကိုပင် မေ့နေခဲ့သည်။

ပထမ ၀င်လာသည့် အတွေးမှာ သမီးအတွက် ဘာဝယ်သွားရမည်နည်း ဟူသောအတွေး ဖြစ်သည်။ ဤအတွေးနှင့် ပတ်သက်၍ သမီးကို ခရီးလမ်းတွင် အ၀တ်အစားအချို့ ၀ယ်သွားပေးမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ သို့ရာတွင် နောက်ထပ်ဝင်လာသည့် အတွေးကိုမူ ချက်ခြင်း ပိုင်းဖြတ်နိုင်ခြင်းမရှိချေ။ ၎င်းအတွေးမှာ သမီးအ၀တ်အစားဝယ်လျှင် ဘာအရောင်ကို ၀ယ်ရပါမည်နည်း။ တဆက်တည်းမှာပင် ကျနော့်ဘ၀၏ အနှစ်သက် မြတ်နိုးဆုံးအရောင်သည် မည်သည့်အရောင်နည်း ဟူသော အတွေးပင် ဖြစ်သည်။ ဤသို့ တွေးတောရခြင်းမှာ သမီးအ၀တ်ကိုဝယ်လျှင် ကိုယ်ကိုယ်တိုင် အနှစ်သက်မြတ်နိုးဆုံးသောအရောင် ဖြစ်ရမည်ဟု ခံစားလိုက်ရသည့်အတွက်ပင်ဖြစ်သည်။

ကျနော် အနှစ်သက်ဆုံးသောအရောင်ကို ချက်ချင်း မပိုင်းဖြတ်နိုင်သည့်အခါ ကျနော်သည် မိမိ၏ အသင့်မဖြစ်မှုအတွက် မိမိကိုယ်ကိုယ်မိမိ မကျေမချမ်းဖြစ်နေ ဘ၀င်မကျဖြစ်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က မိမိ၏အရွယ်မှာ ဒုတိယအရွယ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် မိမိဘ၀နှင့် မိမိကိုယ်ကို စေ့စေ့စပ်စပ် လေးလေးနက်နက် ဆန်းစစ်နေထိုင်နိုင်ခဲ့လျှင် ဤကိစ္စနှင့်ပတ်သက်၍ မိမိတွင် ကျိုးကြောင်း ယုတ္တိရှိစွာဖြင့် အသင့်ဖြစ်နေပြီဖြစ်မည်ဟု ခံစားသိမြင်လိုက်သောကြောင့်ဖြစ်သည်။

ဤတောင်ပေါ်ခရီးတွင် အရောင်နှင့်ပတ်သက်၍ မိမိတွင် ကြီးစွာသော ပျက်ကွက်မှုတခု ရှိနေသည့်အတွက် ကျနော့်အနေနှင့် အကြီးအကျယ် နောင်တရနေမိခဲ့သည်။ မိမိကိုယ်ကိုလည်း များစွာ စိတ်ပျက်နေမိသည်။

(၄)

၁၉၅၂ ခုနှစ်အတွင်း ပန်းတနော်မြို့နယ်၏ အရှေ့ခြမ်းသည် ငြိမ်းချမ်းရေးနယ်မြေဖြစ်လာသည့်အတွက် ဒေသခံ ကရင်လူထုများ ဌာနေသို့ ပြန်လည်ရောက်ရှိလာကြသည်။ သူတို့အားလုံးပင် ဘ၀ကို သုညမှနေ၍ အသစ်တဖန် ပြန်လည်၍ စတင်ခဲ့ကြရပြန်သည်။ မေမေသည် ဌာနေရပ်ရွာသို့ ပြန်ရောက်ခဲ့ပြီးနောက် နေပူမိုးရွာမရှောင် ယောင်္ကျားများနှင့် ရင်ဘောင်တန်း၍ အလုပ်လုပ်ရင်း သားနှစ်ယောက်ကို ပညာဆက်သင်စေခဲ့သည်။

ညနေ အလုပ်မှ ပြန်ရောက်ပြီး ထမင်းစားသောက်ပြီးသည့်အခါ မိုးမချုပ်တတ်သေးချေ။ ထိုအခါ မေမေသည် သနပ်ခါးသွေး၍ လိမ်းလေ့ရှိသည်။ မေမေသနပ်ခါးလိမ်းလျှင် ကျနော်က သနပ်ခါး သွေးပေးရလေ့ရှိသည်။ သနပ်ခါးလိမ်းသည့်အခါ မေမေသည် ခြေလက်ပါမကျန် တကိုယ်လုံးလိမ်းလေ့ရှိသဖြင့် သနပ်ခါးကို တကြိမ်ပြီးတကြိမ် သွေးပေးရသည်။

ကျနော်သည် တာဝန်တခုသဖွယ် မိခင်အတွက် နေ့စဉ် သနပ်ခါးသွေးပေးရသည့်အတွက် ပင်ပန်းသည်ဟု မခံစားရချေ။ မိခင်၏ အေးရိပ်အောက် အေးချမ်းမှု ရရှိပြီး မွေ့လျောနေခဲ့သည်။ မေမေသည်လည်း ကျနော်သွေးပေးသည့် သနပ်ခါးကို လိမ်းရင်း ချမ်းမြေ့မှုကို ခံစားရပေမည်။ မေမေသည် သနပ်ခါးဆိုလျှင် ရှင်မတောင်သနပ်ခါးမှ ရှင်မတောင်သနပ်ခါးပင်။

ထိုစဉ်က မေမေ့ပေါင်ကို ခေါင်းအုံးပြီး ရှင်မတောင်သနပ်ခါးနှင့်အမေ့မျက်နှာ၊ အမေ့ပါးပြင်ကို ငေးကြည့်ခဲ့ရသည့် ကြည်မောချမ်းမြေ့ဖွယ် ငယ်ဘ၀ကို မကြာခဏ လွမ်းတမိသည်။ အထူးသဖြင့် ကျနော့်ဘ၀ ရေဆန်လမ်းတွင် မောပန်းနွမ်းနယ်လာလေတိုင်း ဤငယ်ဘ၀ကို ပို၍ လွမ်းတမိခဲ့ရပါသည်။

၁၉၅၃ ခုနှစ် ဆောင်းရာသီ၏ နေ့တနေ့တွင် လုံးဝ မမျှော်လင့်ဘဲ ဖေဖေပြန်ရောက်လာသည့်အခါ မေမေသည် သေသောသူ ပြန်၍ရှင်လာသည်ဟုပင် မှတ်ထင်ခံစားမိရပါသည်။ ဖေဖေပြန်ရောက်လာပြီးနောက်တွင် မေမေသည် အသစ်တဖန် ပြန်လည်အားတက်ခဲ့ရပြန်သည်။ ယုံကြည်စိတ် ပိုမို၍ တိုးများလာပြန်သည်။ ထိုစဉ်က မေမေ၏ အသက်မှာ ၄၆ နှစ်ပင် ရှိနေပြီဖြစ်သည်။

၁၉၆၀ ခုနှစ်နောက်ပိုင်း သားနှစ်ယောက်စလုံး အထက်တန်းပညာရပ်များကို တက်ရောက်ဆည်းပူးခဲ့သည့် ကာလတွင်မူ မေမေသည် သူ့ဘ၀တွင် ယုံကြည်စိတ်နှင့် သတ္တိ ပြည့်ဝနေပြီး သားနှစ်ယောက်၏ ပညာရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စများကို သူပင် ဦးဆောင်စီမံခဲ့သည်။

လူလေးဦးသာ ပါဝင်သည့် ကျနော်တို့၏ အညတြအိမ်ထောင်လေးတွင် ဥက္ကဆိုလည်း မေမေ၊ ဗိုလ်ချုပ်ဆိုလည်း မေမေဖြစ်နေသည်။ စင်စစ် ဤအိမ်ထောင်လေးတွင် မေမေသည် အရည်အချင်းပြည့်ဝသည့် ဦးစီးချုပ်ဖြစ်နေသည်။ ဤအဆင့်နေရာသို့ ရောက်ရှိနေခြင်းကို ဖေဖေသည် လုံးဝ ထောက်ခံထားသည် ဖြစ်လေရာ ကျနော်တို့ ညီအစ်ကို နှစ်ဦးအတွက် အဘယ်မှာလျှင် ကြည်နူးချမ်းမြေ့ခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။

စင်စစ်အားဖြင့် ကျနော်တို့ သားအဖ သုံးယောက်စလုံး တညီတညွတ်တည်း တင်မြောက်ထားသည့် ကျနော်တို့၏ ဦးစီးချုပ်သည် စာတလုံးမျှ မတတ်သည်မှာ အလွန် ထူးခြား အံ့သြဖွယ် ကောင်းလှသည်။ မေမေ့ထံ စာရေးလျှင် တူမများကို ဖတ်ခိုင်းရသည်။ ကျနော်တို့ထံ မေမေ စာရေးလျှင်လည်း တူမများကို ရေးခိုင်းရသည်။

နွေရာသီကျောင်းပိတ်ရက် ရောက်လေတိုင်း ကျနော်တို့ ညီအစ်ကိုနှစ်ယောက်သည် ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေးတို့တွင် မေမေအတွက် အမြဲ ရှာဖွေ ၀ယ်ယူရသည့် ပစ္စည်း သုံးမျိုး ရှိသည်။ ၎င်းမှာ ရှင်မတောင်သနပ်ခါးတုံး၊ ပဒုံမာရှန်သား အဖြူရောင်ပိတ်စ နှင့် နမလစ်ပွင့်ရိုက်ထမီ တို့ပင် ဖြစ်သည်။ နွေကျောင်းပိတ်၍ အိမ်ပြန်တိုင်း ဤပစ္စည်းသုံးမျိုးသည် မေမေအတွက် ပါရမြဲဖြစ်သည်။ ဖေဖေ့အတွက်မှာမူ ဆေးတံသောက်ဆေးတဗူးလောက်နှင့် လုံလောက်ပြီးဖြစ်သည်။ စင်စစ်အားဖြင့် ဖေဖေသည် မေမေ့အတွက် ပြီးပြည့်စုံလျှင် သူ့အတွက် အလိုလို ပြည့်စုံပြီးသားဖြစ်နေသူလည်း ဖြစ်ပါသည်။

(၅)

ကျနော်သည် အပြန်ခရီးတွင် ဝေး၍ဝေး၍ ကျန်ခဲ့ပြီးဖြစ်သော ငယ်ဘ၀၏ လွမ်းမောဖွယ် အစအနလေးများကို တမ်းတ မြင်ယောင်မိရင်း ကျနော့်ဘ၀၏ အနှစ်သက် အမြတ်နိုးဆုံးသော အရောင်ကို ရှာဖွေသတ်မှတ်နိုင်ခဲ့ပါသည်။ ၎င်းမှာ အမေ့ပါးပြင်ပေါ်မှ သနပ်ခါးရောင်ပင်ဖြစ်သည်။ ဤအရောင်သည် မိခင်၏ သင်္ကေတအဖြစ်လည်းကောင်း၊ မြင့်မြတ်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ ချစ်ခြင်း၊ မေတ္တာနှင့်အနစ်နာခံခြင်းများ၏ သင်္ကေတအဖြစ် လည်းကောင်း ကျနော့်ဘ၀ ပထမသူရဲကောင်း၏ သင်္ကေတအဖြစ်လည်းကောင်း ကျနော် မှတ်ယူပါသည်။ ဤသိရှိခံစားမှုနှင့်အတူ ကျနော်သည် သမီးရှိရာသို့ ယုံကြည်စိတ်အပြည့်ဖြင့် သွက်လက်စွာ ခရီးဆက်ခဲ့ပါတော့သည်။ ။


(မှတ်ချက်- အထက်ဖော်ပြပါဆောင်းပါးကို ၂၀၀၃ သြဂုတ်လထုတ် သနူထူးဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ “ရေဆန်” သည် ကွယ်လွန်သူ ကရင်တိုင်းရင်းသားခေါင်းဆောင် ပဒိုမန်းရှာ၏ ကလောင်အမည်တစ်ခုဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

Archives