>၀င်းပေၞမောင် – မြောက်မြောက် မည်းမည်း လူလူ

>

မှောက်မှောက် မည်းမည်း လုလု
ဝင်းပေါ်မောင်

မတ် ၂၇၊ ၂၀၀၈

ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲသည် မြန်မာ့နိုင်ငံရေး၏ အလှည့်အပြောင်း တခုကို အမှန်တကယ် ဖြစ်ထွန်းစေပါ့မလား။ ပြည်သူလူထုက မည်သို့ရွေးချယ် တုံ့ပြန်မည်ကို ယတိပြတ် ပြောဆိုနိုင်သည့်အချိန် ရောက်ပြီလား။ မြန်မာလူထု၏ နိုင်ငံရေး လိမ္မာပါးနပ်မှုက အကြပ်အတည်းများကို ကျော်လွှားနိုင်ပါ့မလား။

နှစ်ဖက် သုံးစု

မေလတွင် ပြုလုပ်မည့် အခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ ထောက်ခံမဲ ရရှိရေးအတွက် နအဖ အာဏာပိုင်များနှင့် ၄င်းတို့၏ လက်ပါးစေများက အပြင်းအထန် ကြိုးစားနေကြချိန်တွင်၊ ဒီမိုကရေစီ လိုလားသူများက ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးနှင့် ကန့်ကွက်မဲထည့်ရေး အပြင်းအထန် ငြင်းခုံလျက် ရှိနေကြပါသည်။

မြန်မာပြည်၌ စစ်တပ် ထာဝရအုပ်ချုပ်ရေး စနစ်ကို ထူထောင်လိုသော ဘက်နှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ထူထောင်လိုသော ဘက်တို့၏ အနှစ်နှစ်ဆယ်အတွင်း ဒုတိယမ္ပိ အမြင့်ဆုံး ထိပ်တိုက်ရင်ဆိုင်ပွဲတွင်၊ လက်တွေ့လုပ်ကိုင်မည့် နည်းလမ်းက သုံးစု ကွဲနေသည့် အခြေအနေ ဖြစ်ပါသည်။

ယခုအချိန်အထိ ဆန္ဒခံယူပွဲ အထမြောက်မမြောက်ကို မည်ကဲ့သို့ သတ်မှတ်မည် ရှင်းရှင်းလင်းလင်း မသိကြရသေးပါ။ အခြေခံဥပဒေကို မည်ကဲ့သို့ အတည်ပြုမည်ကိုလည်း သဲသဲကွဲကွဲ မသိကြရသေးပါ။ မဲပေးခွင့်ရှိသူ ဘယ်လောက်ရှိနိုင်သည်၊ ထောက်ခံမဲ၊ ကန့်ကွက်မဲ ဘယ်လောက်ရနိုင်သည်၊ မဲမထည့်သူ ဘယ်လောက် ရှိနိုင်သည်၊ စသည့် ခန့်မှန်းချက် စာရင်းဇယားများကိုလည်း အစအနပင် မမြင်ရသေးပါ။ စမ်းသပ် မဲပေးပွဲများကိုလည်း ပြုလုပ်နိုင်မည့် အခြေအနေမျိုး မရှိပါ။ လူထုဆန္ဒကို အလွတ်သဘော စောကျောကြည့်ရန်ပင် သိပ်မလွယ်ကူလှပါ။ ဤသို့ ရှုပ်ထွေးေ၀၀ါးသည့် အခြေအနေကြောင့် အငြင်းအခုံပြုစရာများ ဖြစ်ပေါ်လာရသည်မှာ သဘာဝတရား ဖြစ်ပါသည်။

နအဖနှင့် အပေါင်းပါများဘက်ကတော့ `တဖက်-တစု´ ဖြစ်၍ ရှင်းပါသည်။ ဒီမိုသမားများဘက်က `တဖက်-နှစ်စု´ ဖြစ်နေသည်မှာလည်း လွတ်လပ်စွာ ကွဲလွဲခြင်းသာ ဖြစ်ပါသည်။ နှစ်ဘက်အမြင်များကို ပြန့်နှံ့အောင် တင်ပြလာနိုင်သည့် အချိန်၊ အခြေခံကျသည့် အချက်အလက်များ ပြည့်စုံခိုင်မာလာသည့်အချိန်တွင် မည်သည့်နည်းလမ်းက အများစု လိုက်လုပ်လိုသည့် နည်းလမ်းဖြစ်သည်ကို ဆုံးဖြတ်နိုင်လိမ့်မည် ဖြစ်ပါသည်။

ဒီမိုကရေစီ လိုလားသော လူထုဆန္ဒမှာ စစ်တပ် ထာဝရအုပ်ချုပ်ရေးစနစ်ကို အတည်မပြုနိုင်ရေး တခုတည်း ဖြစ်ပါသည်။ ဦးတည်ချက် တူညီပြီးသားဖြစ်၍ နည်းလမ်းရွေးချယ်မှု အပေါ်တွင် အစွဲအလမ်းကြီးနေကြမည် မထင်ပါ။ မြန်မာပြည်သူများသည် အချိန်တန်လျှင် အသင့်လျော်ဆုံးကို ရွေးချယ် လုပ်ဆောင်သွားကြမည်ဟု ယုံကြည်ပါသည်။

ထိုးစစ် ခံစစ်

မြန်မာ့ဒီမိုကရေစီခရီးသည် အနှစ်နှစ်ဆယ်ကြာသည့်တိုင် အဖြေ မထွက်လာသေးသည်မှာ နှစ်ဖက်စလုံးတွင် အင်အားချင်း တူမျှနေ၍ ဖြစ်ပါသည်။

လက်တွေ့အရ နအဖက နိုင်ငံအာဏာကို ချုပ်ကိုင်ထားသည် ဆိုသော်ငြား၊ ဒီမိုအင်အားစုများကို အဆုံးတိုင် မချေမှုန်းနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နေ့ဖျက်မယ် ညဖျက်မယ်, ဥပဒေအရ ဖျက်လို့ရတယ်နှင့် နှုတ်သီးကောင်းလျှာပါး လုပ်နေသော်လည်း တကယ် မဖျက်နိုင်သည်မှာ လက်တွေ့ ဖြစ်ပါသည်။

ပြည်တွင်း ပြည်ပ ဒီမိုအင်အားစုများက ဖိအားအမျိုးမျိုး ထိုးနှက်ချက်အမျိုးမျိုးဖြင့် နအဖကို ဇက်သတ်ထားနိုင်သည် ဆိုသော်ငြား အဆုံးတိုင် မဖယ်ရှားနိုင်ပါ။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ထောက်ခံမှုအား, စီးပွားရေး ဒဏ်ခတ်မှုအား, နိုင်ငံရေး အံတုမှုအား, စစ်ရေး ဟန့်တားမှုအားတို့က နအဖကို ဟိန်းနိုင်ဟောက်နိုင်သော်လည်း တကယ် မချုပ်ကိုင်နိုင်သေးသည်မှာ လက်တွေ့ဖြစ်ပါသည်။

အနှစ်နှစ်ဆယ်အတွင်း ထိုးစစ် ခံစစ် သူတလှည့် ကိုယ်တလှည့် ဖြစ်ခဲ့ကြသည်မှာ အရှည်အလျား ဖြစ်ပါသည်။

နအဖက ထိုးစစ်ခံစစ်ဖြင့် ရာနှုန်းပြည့် အောင်ပွဲရယူမည် ဆိုသည့် အတွေးအခေါ်ကို ယနေ့တိုင် ဆုပ်ကိုင်ထားသဖြင့် စားပွဲဝိုင်းကို ကျောခိုင်းထားခြင်း ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးရေး, ကြားဝင်စေ့စပ်ရေး, ပူးပေါင်းလုပ်ဆောင်ရေး ဆိုသည်များကို ခံစစ်နည်းဗျူဟာများ အဖြစ်သာ ကျင့်သုံးနေခြင်း ဖြစ်ပါသည်။ စိတ်ကူးယဉ်မှုနှင့် အာဏာယစ်မူးမှုအတွင်း နစ်မြုပ်နေသည့် နအဖက ၄င်းတို့၏ ထိုးစစ်ဖြင့် အောင်ပွဲရနိုင်သည်ဟု ထင်မြင်နေဆဲ ဖြစ်ပါသည်။

မြန်မာအမျိုးသား အားလုံး၏ အကျိုးတူထွက်ပေါက် ဖြစ်သည့် `တွေ့ဆုံဆွေးနွေး အဖြေရှာ၍ အမျိုးသား သင့်မြတ်ရေးကို တည်ဆောက်ရန်´ လမ်းစဉ်ကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟာဗျူဟာအဖြစ် ကမ်းလှမ်းထားသည်ကို မြန်မာလူထုက ထောက်ခံကြောင်း ရွှေဝါရောင်တော်လှန်ရေးဖြင့် ပြသလိုက်သောအခါ နအဖသည် ၄င်း၏ နောက်ဆုံးထိုးစစ်ကို အကြီးအကျယ် မြှင့်တင်လိုက်ပါတော့သည်။

နအဖက နိုင်ငံရေးလမ်းစဉ် ၇ ချက်ကို ထုတ်ပြပြီး၊ စစ်တပ် ထာဝရအုပ်ချုပ်ရေုး တည်ဆောက်မည် ဆိုသောအခါ ဒီမိုသမားများက ထိုခုနစ်ချက်ကို အဆင့်တိုင်းမှာ ဆန့်ကျင်တိုက်ဖျက်ပစ်မည်ဟု တန်ပြန်လမ်းစဉ် ချမှတ်ခဲ့ကြပါသည်။ နအဖကလည်း အတင်း ဇွတ်တိုး, ဒီဘက်ကလည်း အတင်းဆန့်ကျင်။ ဤသို့နှင့် အဆင့် ၄ ဖြစ်သည့် ဆန္ဒခံယူပွဲ လုပ်တော့မည် ဆိုသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

ဘာကြောင့် မှောက်/မည်း

မှောက်

မည်း

ဆန္ဒခံယူပွဲကို မဲသွားမထည့်ဘဲ သပိတ်မှောက်လိုသူများက အောက်ပါ အချက်များကို လက်ကိုင် ပြုကြပါသည်။

ဆန္ဒခံယူပွဲသို့သွားပြီး ကန့်ကွက်မဲထည့်ရန် လိုလားသူများက အောက်ပါ အချက်များကို လက်ကိုင် ပြုကြပါသည်။ *

· နအဖ နိုင်ငံရေးလမ်းစဉ် ၇ ချက်ကို ဆန့်ကျင်သည့် ဗျူဟာအရ မှောက်

· နအဖ နိုင်ငံရေးလမ်းစဉ် ၇ ချက်ကို ရပ်တန့်သွားစေရန် မည်း

· မဲသွားထည့်လျှင် နအဖလုပ်သည်ကို လက်ခံရာ ရောက်မည်စိုး၍ မှောက်

· ခိုင်လုံသည့် ဆန္ဒမဲရရှိမှ ဥပဒေ အတည် ဖြစ်/မဖြစ် ရှင်းလင်းမှာဖြစ်၍ မည်း

· လွတ်လပ် တရားမျှတသည့် ဆန္ဒခံယူပွဲ မဖြစ်နိုင်၍ မှောက်

· ဒီမိုကရေစီ ကျင့်စဉ်အရ ဆန္ဒမဲပေးခြင်းဖြင့် ဆန္ဒဖော်ထုတ်ခြင်းက အများလက်ခံနိုင်မည်ဖြစ်၍ မည်း

· နအဖ ဖွဲ့စည်းပုံကို (ထောက်ခံ/ကန့်ကွက်) မဲပေးခြင်းသည် ၉၀ ရွေးကောက်ပွဲကို ပယ်ဖျက်ရာရောက်၍ မှောက်

· ဥပဒေ အတည်မဖြစ်လျှင် ၉၀ ရွေးကောက်ပွဲရလဒ် မထိခိုက်နိုင်သဖြင့် မည်း

· ကတိ မတည်သူ နအဖ၏ နောက်ထပ် ကတိကို မယုံနိုင်၍ မှောက်

· လူထုအနေဖြင့် အထိအခိုက်နည်းပြီး လက်တွေ့လုပ်နိုင်မည် ဖြစ်၍ မည်း

· လူထုကိုယ်စားလှယ်များက ရေးဆွဲတာ မဟုတ်သည့် ဥပဒေဖြစ်၍ မှောက်

· လူထုအနေဖြင့် ရလာသည့် အခွင့်အရေး ဖြစ်၍ ရယူသင့်ပြီး မည်း

· နိုင်လျှင် (ကန့်ကွက်မဲ အများရ) လည်း အခြေအနေ မထူးနိုင် (နအဖက ဆက်အုပ်ချုပ် မှာဖြစ်) ၍ မှောက်

· လူထုထောက်ခံမဲ မရဘဲ နအဖက ဥပဒေကို အတည်ပြုလျှင် သို့မဟုတ် ဆက်အုပ်ချုပ်လျှင် သပိတ်မှောက်ပွဲကို ဆက်လက် လုပ်နိုင်သေး၍ မည်း

· လူထုအင်အားဖြင့် လူထုအစိုးရ ထူထောင်နိုင်မှ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှာဖြစ်၍ မှောက်

· ငြိမ်းချမ်းသောနည်းကိုသာ လိုလားကြောင်း ပြသရန် ဆန္ဒခံယူပွဲကို လက်ခံ၍ မည်း

* ယခင်တုန်းက သဘောမတူလျှင် အမည်း (အနက်) ရောင် မဲပုံးထဲ မိမိ မဲပြားကို ထည့်ရသည့် စနစ် ကျင့်သုံးခဲ့သဖြင့် အမည်းရောင်သည် ကန့်ကွက်/သဘောမတူသည့် သင်္ကေတ ဖြစ်လာခဲ့ပါသည်။ ယခုတော့ မဲစာရွက်စနစ် ဖြစ်၍ ကန့်ကွက်ကြောင်း အမှတ်အသား လုပ်ရမည် ဖြစ်ပါသည်။ သို့သော် အထာကျနေပြီဖြစ်သည့် `မည်း´စကားကပင် တွင်ကျယ်နေပါသည်။

ဖြစ်နိုင်ခြေ

ဤတွင် မထောက်မညှာတမ်း မေးစရာ ဖြေစရာများ ရှိလာပါသည်။

၁။ မေး — နအဖ လမ်းစဉ်ကို အဆင့်တိုင်းမှာ တိုက်ဖျက်ပစ်မည်ဆိုသည့် ဗျူဟာအရ ဆန္ဒခံယူပွဲ အဆင့်ထိ ရောက်မလာအောင် တိုက်ဖျက်နိုင်ခဲ့သလား။

ဖြေ — မတိုက်ဖျက်နိုင်ခဲ့ပါ။ ဆန္ဒခံယူပွဲ မကျင်းပလာဖြစ်အောင် ဒီမိုသမားများ မတိုက်ဖျက်နိုင်ခဲ့သည်ကို ပကတိအတိုင်း လက်ခံဖို့ လိုအပ်ပါသည်။ လွန်ခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးသည် နအဖလမ်းစဉ်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ လူထုလိုလားချက်ကို ဖော်ပြနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖအကြား ဆွေးနွေးပွဲ ပြန်လည် ပြုလုပ်နိုင်ခဲ့သည်။ သို့သော် နအဖလမ်းစဉ် ပြောင်းလဲ သို့မဟုတ် ရပ်တန့်သွားသည် အထိတော့ အောင်ပွဲ မရသေးပါ။

၂။ မေး — ဆန္ဒခံယူပွဲကို လက်ခံ၍ မဲထည့်ခြင်းက နအဖလမ်းစဉ်ကို လက်ခံရာ ရောက်သလား။

ဖြေ — ရောက်ပါသည်။ စိတ်ခံစားမှုအရ နအဖလမ်းစဉ်နောက် လိုက်လုပ်ဖို့ စိတ်ပါလက်ပါ မရှိနိုင်တာ မှန်ပါသည်။ ကိုယ် မလိုလားသည့် အရာကို လက်ခံနိုင်ဖို့ အတော်ခက်သည်မှာ လူ့သဘာဝ ဖြစ်ပါသည်။ သို့သော် ဆန္ဒခံယူပွဲကို လက်ခံခြင်းဖြင့် ကိုယ့်အတွက်လည်း အခွင့်အရေးများ ရှိနေပါသည်။ စိတ်ခံစားမှုကို ဦးစားမပေးဘဲ လက်ခံလျှင် ဘာရမလဲ၊ လက်မခံလျှင် ဘာရမလဲ ဆိုသည့် အချက်ကိုလည်း အလေးထား စဉ်းစားသင့်ပါသည်။ ဤကိစ္စအတွက် အကောင်းဆုံး ဥပမာမှာ ၉၀ ရွေးကောက်ပွဲပင် ဖြစ်ပါသည်။

စင်စစ် ၉၀ ရွေးကောက်ပွဲမှာ မဆလအစိုးရ (ဒေါက်တာမောင်မောင်) ချပေးခဲ့သည့် လမ်းစဉ် ဖြစ်ပါသည်။ ထိုလမ်းစဉ်ကို န၀တ (နအဖ) က တာဝန်ခံ၍ အကောင်အထည်ဖော်သည်။ ထိုအချိန်က န၀တလုပ်ပေးမည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိ ဆိုကာ ဆန့်ကျင်ခဲ့ကြသည့် ပါတီ အများအပြား ရှိခဲ့ပါသည်။ လူထုလှုပ်ရှားမှု အရှိန်အဟုန်ကလည်း ကောင်းနေဆဲ ဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲကို လက်ခံကြပါစို့ဟူ၍ အများစုက ဆုံးဖြတ်ခဲ့ကြသည်။

ထိုရွေးကောက်ပွဲ ရလဒ်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အာဏာရပိုင်ခွင့် တရားဝင် ရရှိသူ ဖြစ်လာခဲ့သည်။ ထိုရလဒ်ကြောင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည် အုပ်စုတခု, ဒေသတခု, မျိုးနွယ်တခု၏ တော်လှန်ရေး မဟုတ်ဘဲ တမျိုးသားလုံး၏ တော်လှန်ရေး ဖြစ်လာသည်။ ထိုရလဒ်ကို မည်သူမျှ ဖျက်၍မရ။ ထို တရားဝင်မှုသည် မည်သည့်နည်းနှင့်မျှ ပျောက်ပျက်သွားမည် မဟုတ်။ နအဖသည် လွှတ်တော် ခေါ်မပေးဘဲ ပေကပ်နေသည့်တိုင် ရလဒ်ကိုတော့ အသိအမှတ် ပြုခဲ့ရပြီး ဖြစ်သည်။ နအဖ ကိုယ်တိုင်က လွတ်လပ် တရားမျှတ၍ အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်သည်ဟု ကြေညာပြီးဖြစ်၍ ရလဒ်ကို သူကိုယ်တိုင် ပြန်ဖျက်ရန် အခွင့်အလမ်း မရှိတော့ပါ။

ယခု ဆန္ဒခံယူပွဲ လက်ခံခြင်းကြောင့် ပြည်သူလူထု၏ ဆန္ဒကို တရားဝင် ထပ်မံဖော်ထုတ်ခွင့် ရနိုင်ပါသည်။ နအဖက ဆန္ဒခံယူပွဲသည် သူ့အတွက် အခွင့်အလမ်း ဖြစ်မည်ယူဆထားသလို၊ လူထုအတွက်လည်း အခွင့်အလမ်းတခု ဖြစ်နေပါသည်။

၃။ မေး — ဆန္ဒခံယူပွဲကို လက်ခံခြင်းသည် အခြေခံဥပဒေကို လက်ခံရာ ရောက်ပါသလား။

ဖြေ — မရောက်ပါ။ ဆန္ဒခံယူပွဲကို လက်ခံ၍ ထောက်ခံမဲ ထည့်မှသာ အခြေခံဥပဒေကို လက်ခံရာ ရောက်ပါသည်။ ကန့်ကွက်မဲထည့်လျှင် အခြေခံဥပဒေကို လက်ခံရာ မရောက်ပါ။

၎။ မေး — ဆန္ဒခံယူပွဲကို လက်ခံခြင်းသည် ၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ရာ ရောက်ပါသလား။

ဖြေ — မရောက်ပါ။ အခြေခံဥပဒေ အတည်ဖြစ်သွားမှသာ ၉၀ ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်ရာ ရောက်ပါသည်။

၅။ မေး — ဆန္ဒခံယူပွဲ ဖြစ်ရေး မဖြစ်ရေးနှင့် အခြေခံဥပဒေ အတည်ဖြစ်ရေး မဖြစ်ရေး အကြောင်းရပ်နှစ်ခုတွင် ဘယ်အကြောင်းရပ်က အဓိက ဖြစ်ပါသလဲ။

ဖြေ — အခြေခံဥပဒေ အတည်ဖြစ်ရေး မဖြစ်ရေးက အဓိကအကြောင်းရပ် ဖြစ်ပါသည်။ နအဖအဖို့ လမ်းစဉ်အဆင့် ၅, ၆, ၇ ကို ဆက်လက်လုပ်ဆောင်ရန် အဆင့် ၄ တွင် အခြေခံဥပဒေကို အတည်ပြုနိုင်မှ ဖြစ်ပါမည်။

အဖြောင့်စဉ်းစားလျှင် ဆန္ဒခံယူပွဲအောင်မြင်မှ ဥပဒေ အတည်ပြုနိုင်မည်။ ဆန္ဒခံယူပွဲ မအောင်မြင်လျှင် ဥပဒေ အတည်ပြုရေးမှာ အလိုအလျောက် ပျက်ပြယ်သွားပြီ။ ထို့ကြောင့် ဆန္ဒခံယူပွဲကို ပျက်အောင်ဖျက်ကြရမည်ဟု ဆိုနိုင်ပါသည်။ သို့သော် နအဖ၏ လက်ရှိ ထုတ်ပြန်ချက်/ဥပဒေများအရ “ဆန္ဒခံယူပွဲ မဖြစ်လျှင် သို့မဟုတ် အထမမြောက်လျှင် ဥပဒေကို စစ်အစိုးရက အတည်မပြုပါ´´ ဟု အဓိပ္ပာယ် မကောက်ယူနိုင်သလို၊ “ဆန္ဒခံယူပွဲ ဖြစ်တာနှင့် သို့မဟုတ် အထမြောက်တာနှင့် တပြိုင်နက် အခြေခံဥပဒေ အတည်ဖြစ်မည်´´ ဟုလည်း အဓိပ္ပာယ် မကောက်ယူနိုင်ပါ။

ဤအချက်မှာ နအဖက တမင်တကာကို မရှုပ်မရှင်း လုပ်ထားတာ ဖြစ်နိုင်ပါသည်။

၆။ မေး — ဆန္ဒခံယူပွဲ ရလဒ်နှင့် ဥပဒေအတည်ပြုရေး မည်သို့ ဆက်စပ်နေပါသလဲ။

ဖြေ — ရှင်းရှင်းလင်းလင်း မရှိပါ။ ဥပဒေ အတည်ပြုရမည့် သတ်မှတ်ချက်ကို တခါတရံ ဆန္ဒခံယူပွဲ ဥပဒေတွင် ဖော်ပြထားလေ့ရှိပြီး၊ တခါတရံ အတည်ပြုမည့် ဥပဒေတွင် ဖော်ပြထားလေ့ ရှိတတ်ပါသည်။ ယခု ဆန္ဒခံယူပွဲ ဥပဒေတွင် ဖော်ပြမထားပါ။ အခြေခံဥပဒေတွင် ဖော်ပြထားမထား မသိရသေးပါ။

ဆန္ဒခံယူပွဲဥပဒေ ပုဒ်မ ၂၃ တွင် “ကော်မရှင်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးစီးသည့်အခါ … ဆန္ဒမဲ စာရင်းများနှင့် … ကြိုတင်ဆန္ဒမဲလက်မှတ် စာရင်းများကို တစ်ပေါင်းတည်း စာရင်းချုပ်၍ ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ၊ ဆန္ဒမဲပေးသူ ဦးရေ၊ ထောက်ခံဆန္ဒမဲပေးသူ ဦးရေနှင့် ယင်းတို့၏ နှိုင်းယှဉ်ချက်ကို ရာခိုင်နှုန်းဖြင့် ကြေညာရမည်။´´ဟူ၍ ပါရှိပါသည်။

ဤအချက်ကိုထောက်၍ နအဖက ဥပဒေ အတည်ပြုကြောင်း ကြေညာရန် တခုတည်းအတွက်သာ ပြင်ဆင်ထားသည်ဟု တွက်ဆနိုင်ပါသည်။

၇။ မေး — နအဖမှာ အခြေခံဥပဒေကို အတည်ပြုရန် အခြားနည်း ရှိနိုင်ပါသလား။

ဖြေ — ရှိနိုင်ပါသည်။ နအဖက ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ရနိုင်လျှင် ဒီအတိုင်း ဆက်သွားပြီး ဥပဒေကို အတည်ပြုမည်။ ထောက်ခံမဲ မရနိုင်လျှင် ဆန္ဒခံယူပွဲကို ပျက်အောင်ဖျက်၍ ဥပဒေကို အခြား တနည်းနည်းဖြင့် အတည်ပြုမည်ဟု ယူဆနိုင်ပါသည်။ ပွဲပျက်အောင်ဖျက်ရာတွင် ပွဲမတိုင်မီ ကြိုတင်ဖျက်နိုင်သလို၊ ပွဲအတွင်းမှာလည်း ဖျက်နိုင်ပါသည်။

အခြားတနည်းနည်းဖြင့် အတည်ပြုရာတွင် ကြိုတင်ဆန္ဒမဲများ (၀န်ထမ်း, စစ်တပ်, နိုင်ငံရေးပါတီနှင့် လူထုအဖွဲ့အစည်းများကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ခိုင်းခြင်း)၊ လူစုလူဝေးအင်အားပြပွဲများ (ကြံ့ဖွံ့, လက်ကိုင်တုတ်နှင့် စစ်ခွေးများကို လမ်းပေါ်ထွက်ခိုင်းခြင်း)၊ လိမ်မဲခိုးမဲများဖြင့် အတည်ပြုမည်ဟု တွက်ဆနိုင်ပါသည်။

၈။ မေး — မဲသွားမထည့်ဘဲ နေလျှင် သပိတ်မှောက်ရာ ရောက်သလား။ သို့မဟုတ် ကြားနေရာ ရောက်သလား။

ဖြေ — သပိတ်မှောက်ရာလည်း မရောက်၊ ကြားနေရာလည်း မရောက်ပါ။ သပိတ်မှောက်သည်ဆိုလျှင် သပိတ်မှောက်ကြောင်း သိသာထင်ရှားအောင် တနည်းနည်းဖြင့် ဖော်ပြနိုင်ရမည် ဖြစ်ပါသည်။ ယခု ဆန္ဒခံယူပွဲတွင် ကြားနေမဲဟူ၍ မရှိပါ။ မဲလာမထည့်လျှင် ကြားနေမဲအဖြစ် သတ်မှတ်မည်ဟုလည်း မဆိုလိုပါ။ မဲသွားမထည့်ဘဲ နေခြင်းသည် နိုင်ငံရေးဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်မှု မရှိသည့်သဘော သို့မဟုတ် မိမိဆန္ဒကို မဖော်ပြသည့်သဘောသာ ဖြစ်နိုင်ပါသည်။

၉။ မေး — ကန့်ကွက်မဲ အများစုထည့်လျှင် ဥပဒေကို အတည်မပြုကြောင်း နအဖက ကြေညာမှာလား။

ဖြေ — မသေချာပါ။ နအဖ ကြေညာချက်တွင် အတည်ပြုရန်အတွက်သာ ပါရှိပါသည်။ အတည်မပြုရန်အတွက် မပါရှိပါ။ သို့ရာတွင် လူထုအနေဖြင့် ရရှိသည့် အခွင့်အရေးကို လက်မလွှတ်ဘဲ ကန့်ကွက်ကြောင်း အခိုင်အမာ ဖော်ပြထားနိုင်မှသာလျှင် ရှေ့ဆက်ရမည့် နောက်တလှမ်းအတွက် ကိုယ့်ဘက်က သေချာမည် ဖြစ်ပါသည်။ နအဖအနေနှင့် အများစုက တရားဝင် ကန့်ကွက်ထားလျှင် ဇွတ်တိုးရန် အတော်ခက်ပါလိမ့်မည်။

၁၀။ မေး — ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲအများစု ပေးသည့်တိုင် နအဖက သူ့လမ်းစဉ်ကို တဇွတ်ထိုး ဆက်လုပ်မည်ဆိုလျှင် ဘာဆက်လုပ်နိုင်မလဲ။

ဖြေ — လူထုတိုက်ပွဲများကို ဖော်ဆောင်ရမည် ဖြစ်ပါသည်။

၁၁။ မေး — ဆန္ဒခံယူပွဲပြီးလျှင်လည်း လူထုတိုက်ပွဲတွေ ဆက်လုပ်ရဖွယ်ရှိတဲ့ အတူတူ ပွဲမတိုင်ခင်ကတည်းက သပိတ်မှောက်ပစ်လိုက်တာ မကောင်းဘူးလား။

ဖြေ — အခြေအနေချင်း များစွာ ကွာခြားနိုင်ပါသည်။ ကြိုတင် သပိတ်မှောက်ပွဲသည် “လူထုအာဏာ ထူထောင်နိုင်သည်အထိ” လုပ်နိုင်လျှင် ကောင်းပါသည်။ နှစ်စုမကွဲဘဲ လူထုအားလုံး ပါဝင်နိုင်လျှင် ကောင်းပါသည်။ ကန့်ကွက်မဲ အများစုရပြီးမှ မဖြစ်မနေ အခြေအနေကြောင့် လူထုတိုက်ပွဲ ပေါ်လာလျှင် နှစ်စုကွဲစရာအကြောင်း မရှိမှာတော့ သေချာပါသည်။

၁၂။ မေး — အကယ်၍ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ အများစု ဖြစ်သွားလျှင် ဘာဆက်လုပ်မလဲ။

ဖြေ — ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ပါ။

လု ခိုး တည်

နအဖ၏ လက်ကိုင်တုတ် ကြံ့ဖွံ့အဖွဲ့အစည်းက လူထုအတွင်းဆင်း၍ ထောက်ခံမဲထည့်ရန် စည်းရုံးနေကြပါသည်။ ထောက်ခံမဲထည့်လိုက်မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မည်၊ ကန့်ကွက်မဲထည့်လျှင် စစ်အစိုးရက ဆက်လက်အုပ်ချုပ်နေလိမ့်မည်ဟု မလှိမ့်တပတ် ပြောဆိုစည်းရုံးမှုများ ရှိနေပါသည်။

ဒေသအာဏာပိုင်များ ဦးဆောင်၍ ကျေးရွာ ရပ်ကွက်များအတွင်း ဆင်းကာ ဘာလုပ်ပေးမည် ညာလုပ်ပေးမည် မက်လုံးများပေးကာ ထောက်ခံဖို့ စည်းရုံးနေကြပါသည်။ မှတ်ပုံတင်များ ချက်ချင်းလုပ်ပေးခြင်း၊ ယာယီမှတ်ပုံတင်များ ထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မဲစာရင်းများ ကောက်ယူခြင်းတို့ကို အလျင်စလို လုပ်ဆောင်ကာ ထောက်ခံမဲ အရေအတွက် အတိအကျ ရရှိနိုင်အောင် ပြင်ဆင်နေသည်ကို တွေ့နေရပါသည်။

ဝန်ကြီးတွေ တိုင်းမှူးတွေကိုယ်တိုင် ရုံးတကာ နယ်တကာလှည့်ပြီး ဖုန်းပေးမည်, ငွေချေးမည်, လစာတိုးပေးမည် စသည့် မက်လုံးများပေးပြီး စည်းရုံးနေကြပါသည်။ ခြိမ်းခြောက်နေကြပါသည်။ ဥပဒေမဲ့စွာ, သိက္ခာမဲ့စွာ, အရှက်မဲ့စွာ မျက်နှာပြောင်တိုက်နေသည့် သတင်းများကို နေ့စဉ်လိုလို ကြားသိနေရပါသည်။ ယင်းလုပ်ရပ်များမှာ နအဖက ထောက်ခံမဲကို ဓားပြတိုက် `လု´ ယူနေခြင်း ဖြစ်ပါသည်။

နအဖနှင့် ၄င်းတို့လက်ပါးစေများ ကြီးကြပ်သည့် ဆန္ဒခံယူပွဲတွင်လည်း မသမာမှုများ, မဲလိမ်, မဲခိုး, မဲဓားပြတိုက်မှုများကို နားမဆံ့အောင် ကြားရဦးမည် ဖြစ်ပါသည်။

ထို့နောက် အခြေခံဥပဒေကို ဇွတ်အတင်း အတည်ပြုရန် ကြိုးစားဦးမည် ဖြစ်ပါသည်။

သို့ရာတွင် လူထုရင်ထဲမှ ဆန္ဒအမှန်ကို ကြောက်စိတ်ဖြင့် လုယူနိုင်ဖို့ ကြိုးစားလေ၊ အမုန်းစိတ်တွေ ပိုများလေ ဖြစ်လာတတ်ပါသည်။

ကျန်တာကြည့် ရွေးတာသိ

မကြာမီအချိန်တွင် ဒီမိုကရေစီ လိုလားသော မြန်မာလူထုအတွင်း မှောက်မလား မည်းမလား တခုခုကို အများစုဆန္ဒဖြင့် အပြီးသတ် ရွေးချယ်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

မြန်မာ့ဒီမိုကရေစီတော်လှန်ရေးတွင် နိုင်ငံရေး ဦးဆောင်မှုကို တရားဝင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ အထူးကြေညာချက်များ ထုတ်ပြန်ထားပါသည်။

အထူးကြေညာချက် ၁ နှင့် ၂ တွင် နအဖ၏ ကြေညာချက် ၁/၂၀၀၈ နှင့် ၂/၂၀၀၈ တို့နှင့် စပ်လျှဉ်း၍ နအဖ စစ်အစိုးရသည် ကတိက၀တ် မတည်ကြောင်း၊ ဥပဒေနှင့် မညီညွတ်ကြောင်း၊ ကုလသမဂ္ဂ အကြံပြုချက်နှင့် ဆန့်ကျင်နေကြောင်း၊ အာဏာပိုင်တို့၏ တဖက်သတ် ဆောင်ရွက်ချက်များသည် အများပြည်သူ ယုံကြည်လက်ခံနိုင်ခြင်း မရှိကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ထိခိုက်စေကြောင်း စသဖြင့် ပါရှိပါသည်။ ကြေညာချက် ၃ တွင် မဲပေးရမည့် အခြေခံဥပဒေမူကြမ်းကို လူထုလက်ဝယ်ရောက်အောင် ဆောင်ရွက်ပေးဖို့လိုကြောင်း ပါရှိပါသည်။

ထိုကြေညာချက်များကို ကြည့်လျှင် နအဖ၏ နိုင်ငံရေးလမ်းစဉ်ကို လက်မခံနိုင်ကြောင်း မူဝါဒအရ ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။

မတ်လ ၁၉ ရက်နေ့ ညပိုင်း ဘီဘီစီမှ ထုတ်လွှင့်သည့် အင်တာဗျူးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က အောက်ပါအတိုင်း ပြောဆိုသွားပါသည်။

ဘီဘီစီ — ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ လုပ်စရာနည်းကတော့ သုံးခုရှိတယ်ပေါ့နော်။ သပိတ်မှောက်မယ် ကန့်ကွက်မဲထည့်မယ် ထောက်ခံမဲထည့်မယ် ပေါ့လေ။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အန်အယ်ဒီက ဘယ်လိုသဘောရပါသလဲ။

ဦးဉာဏ်ဝင်း — ကျနော်တို့ အခုပြောနိုင်တာ ပြောရမယ်ဆိုရင်၊ သပိတ်မှောက်တဲ့အလုပ်ကို ကျနော်တို့ မလုပ်ဘူး။ ဘာလုပ်မလဲဆိုတာ ကျနော်တို့ ကြိုတင်ပြီးတော့ မပြောနိုင်ပါဘူး။

ဘီဘီစီ — တချို့ကကျတော့လည်း ထောက်ခံမဲပေးပြီး အစိုးရနဲ့ လက်တွဲပြီး ကိုယ်လိုတဲ့ ပုံစံမျိုးနဲ့ ပူးပေါင်းလုပ်ဆောင်သွားရင် ပိုကောင်းလိမ့်မယ်လို့ ပြောနေတာတွေလည်း ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ကော အန်အယ်ဒီအနေနဲ့ ဘယ်လိုသဘောရပါသလဲ။

ဦးဉာဏ်ဝင်း — ကျနော်တို့ အဲဒီနည်းလမ်းက ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်တဲ့အဖြေ မရနိုင်ဘူးလို့ ယုံကြည်ပါတယ်။

အထက်ပါ အမေးအဖြေကို ကြည့်လျှင် (၁) သပိတ်မှောက် (၂) ကန့်ကွက်မဲထည့် (၃) ထောက်ခံမဲထည့် သုံးခုအနက် ဦးဉာဏ်ဝင်းက နှစ်ခုကို ငြင်းပယ်သွားတာ တွေ့ရပါလိမ့်မည်။ မေးသူကလည်း မမေး, ဖြေသူကလည်း မဖြေဘဲ ချန်ထားခဲ့တာက ကျန်တခုတည်းသာ ဖြစ်ပါသည်။

ငြင်းတာ ကျန်တာကို ကြည့်လျှင် ရွေးတာကိုလည်း သိနိုင်ပါသည်။

paw369maung@gmail.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts