>ကခဵင္ အပစ္ရပ္တပ္ဖၾဲႚက မဲမထည့်ရန် ညနြ်ုကား

>

ဆန္ဒခံယူပွဲတွင် မဲပေးခြင်းမပြုရန် ကချင်အပစ်ရပ်တပ်ဖွဲ့က ညွန်ကြား
ဘီဘီစီ မတ် ၂၂ အစီအစဉ်

မတ် ၂၃၊ ၂၀၀၈

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူထားတဲ့ KIO ပါတီဝင် KIA တပ်ဖွဲ့ဝင်တွေအနေနဲ့ လာမယ့် မေလဆန္ဒခံယူပွဲမှာ မဲပေးဖို့မလိုဘဲ ထောက်ခံမှုလည်းမလုပ်၊ ကန့်ကွက်မှုလည်း မလုပ်ဘဲ ရပ်တည်သွားကြဖို့ အဖွဲ့အစည်းအတွင်းမှာ သဘောထား ညွန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့တယ်လို့ သိရရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဘာကြောင့် ဒီလို ကြားနေတဲ့ သဘောထားရှိတာလဲလို့ KIO ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဂျိမ်းလန်ဒေါင်းကို မေးကြည့်တဲ့အခါမှာ —

ဂျိမ်းလန်ဒေါင်း ။ ။ ဒီထုတ်ပြန်ချက်က ဘယ်ဘက်မှ ဘက်မလိုက်ဘူးပေါ့ဗျာ၊ အခု ဗမာပြည်အရေး ဆိုလို့ရှိရင် အားလုံးဟာ ကိုယ့်ဘက်မှာပဲ ရပ်တည်ပြီးတော့ ပြောကြတာချည်းရှိတယ်။ ဒါ ကျနော်ရဲ့ ခန့်မှန်းချက်အရ ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ကေအိုင်အိုအနေနဲ့ ကြားနေဝါဒလိုလို ထုတ်ပြန်ခြင်းဟာ ဒါ ကျနော်တို့ လူထုတွေဟာ သူတို့ရဲ့ သူတို့ လွတ်လွတ်လပ်လပ် စဉ်းစားနိုင်ဖို့ အခွင့်အရေးရှိပါစေ၊ ကျနော်တို့ကနေ တနည်းနည်းအားဖြင့် ချုပ်ခြယ်ခြင်း အဲဒါမျိုး သဘော မပေါက်အောင် ကျနော်တို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ပြန်ခြင်းဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ စိတ်သဘောထားသော်လည်းကောင်း၊ ကိုယ်န္ဓာကိုသော်လည်းကောင်း ထိးချုပ်တဲ့ပုံစံမျိုးမပေါ်အောင်၊ အဲဒါ လူထုတွေက အဲဒီလိုခံယူဖို့ရန် ကျနော်တို့ စဉ်းစားပြီးတော့ အဲဒီလို ထုတ်ပြန်ခြင်းဖြစ်တယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ရှင့်၊ ဗိုလ်မှူးကြီးတို့ဘက်က ဒီလိုကြားနေတဲ့အနေနဲ့ထုတ်ပြန်ခဲ့တာ ဖြစ်ပေမယ့် အစိုးရဘက်ကတော့ ဒါ သူတို့ကို သပိတ်မှောက်တဲ့အနေနဲ့ကော မယူဆနိုင်ဘူးလားရှင့်။

ဂျိမ်း ။ ။ ကျနော်ထင်ပါတယ်၊ ကျနော်တို့အချင်းချင်းရဲ့ ဒီ တစ်ဦးပေါ်တစ်ဦးမှာ နားလည်မှု ဘယ်လောက် ရှိတယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့မှ နားလည်မှုပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဘာ့ကြောင့်လည်းဆိုလို့ရှိရင် ကျနော်တို့ဟာ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေလည်း ဖြစ်တယ်၊ နောက်ပြီးတော့မှ တဦးအပေါ်တဦး နားလည်မှုရှိသင့်တာ ဘယ်အဆင့်လောက် ရှိသင့်သလဲ ဆိုတာလည်း ပူးပေါင်းဆောင်ရွက်လာတာလည်း ကြာပါပြီ။ အဲဒီအတွက်ကြောင့် ဒီလောက် ဆန်းစစ်တစ် (sensitive) ဖြစ်မယ်လို့ ကျနော်တို့ မယုံကြည်ဘူး၊ အဲ မထင်ဘူး။ တော်တော်လေး အချင်းချင်းအပေါ်မှာ နားလည်မှုရှိလိမ့်မယ်လို့ ကျနော်တို့ ခံယူတာတွေ ရှိတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ရှင့်၊ ဗိုလ်မှူးကြီးတို့ဘက်က အခုလိုကြားနေမယ်ဆိုတာကို အစိုးရကိုရော အကြောင်းကြားပြီးပြီလားရှင့်။

ဂျိန်း ။ ။ ဒါတွေကတော့ ကျနော်တို့ ထုတ်ပြန်ကြေညာချက်မှာ မြင်နေရတာပဲ။ ဒီဟာကို သူတို့လည်း ကောင်းကောင်း သိနေပြီးသားဖြစ်ပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့၊ အခုဟာက အဖွဲ့အစည်းအတွင်းမှာ သဘောထား ညွှန်ကြားချက် ထုတ်တာဆိုတော့လေ၊ အဲဒီတော့ အစိုးရဘက်ကရော ဒါကို သဘောတူပါသလားရှင့်။

ဂျိမ်း ။ ။ ဒီဟာ လူတိုင်းရဲ့ ခံယူချက်ကို ထုတ်ပြန်တာပဲဟာ သူတို့အနေနဲ့လည်း ဘယ်လိုမှ ကန့်ကွက် စရာမရှိပါဘူး။ ကာယကံအချင်းချင်း နားလည်မှု၊ အသိအမှတ်ပေးမှု ရှိပါတယ်။

ဘီဘီစီ ။ ။ တကယ်လို့များ အစိုးရဘက်ကနေပြီးတော့ သူတို့ကို မဲပေးရမယ်ဆိုပြီးတော့ ဖိအား ပေးလာမယ်ဆိုရင်ကော ဘာဆက်လုပ်ဖို့ ရှိပါလဲရှင့်။

ဂျိမ်း ။ ။ ကျနော်တို့မှာ ဒီဆုံးဖြတ်ထားချက်ခြင်းဟာ ဆုံးဖြတ်ထားတဲ့အတိုင်းပါ၊ သူတို့လည်း နားလည်မှု ကျနော်တို့ကို ပေးပါလိမ့်မယ်၊ ကျနော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် ဒီအချင်းချင်းအပေါ်မှာ ဖိနှိပ်မှုဆိုတဲ့ပုံစံမျိုးကျတော့ တစ်ဦးပေါ်တစ်ဦး နားလည်မှု၊ အရေးပေးမှု၊ လေးစားမှုဟာ လျော့နည်း သွားတယ်။ ဒါကြောင့် အစိုးရကလည်း ဒါတွေကိုတော့ နားလည်မှုရှိပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဂျိမ်းလန်ဒေါင်းပြောသွားတာပါ။ ကေအိုင်အိုက အမျိုးသားညီလာခံကို တချိန်လုံးထောက်ခံလာခဲ့ပြီးမှ အခုလို မဲမပေးဘဲ ကြားနေမယ် ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုယူဆနိုင်ပါလဲ။ KIO နဲ့ မြန်မာစစ်အစိုးရဆက်ဆံရေးကို အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ တရုတ်-မြန်မာနယ်စပ်က ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်ကို မေးကြည့်တဲ့အခါမှာတော့ —

ဦးမျိုးသစ် ။ ။ KIOုအနေနဲ့ကတော့ သူလည်း ဝါရင့်နိုင်ငံရေးအဖွဲ့အစည်းကြီးတစ်ခု ဖြစ်တဲ့အပြင် အမျိုးးသားညီလာခံမှာလည်းပဲ တလျှောက်လုံးတက်လာခဲ့တဲ့ အဖွဲ့ကြီးဖြစ်နေတော့ ဆန္ဒခံယူပွဲကို ငြင်းလိုက်မယ်ဆိုရင်လည်းပဲ ဒါက ထောက်စရာကိစ္စကြီးတစ်ခု ဖြစ်နေတယ်ဆိုတာ တွက်မိလိမ့်မယ် ထင်တယ်ခင်ဗျ။ အဲဒီတော့ ထောက်ခံလိုက်တယ်ဆိုရင်လည်းပဲ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ကြားမှာကျတော့ အမြင်မကောင်းတာ ဖြစ်သွားနိုင်တယ်။ ကန့်ကွက်လိုက်တယ်ဆိုရင်လည်းပဲ ရေရှည်မှာ အကျိုးဆက် မကောင်းနိုင်တာတွေ ဖြစ်သွားနိုင်တယ်ဆိုတဲ့အခါကျတော့ ကြားနေလိုက်တဲ့ဥစ္စာက နိုင်ငံရေး ရပ်တည်ချက်သဘောအရကော၊ ပိုပြီးတော့ လှုပ်သာလှည့်သာ လုပ်နိုင်ဖို့အရကော ကောင်းတယ်လို့ ယူဆပြီးတော့ အခုလို ရပ်တည်လိုက်တယ်လို့ တွက်ဆရတယ်ခင်ဗျ၊ ဒီလို ရပ်တည်ချက်ကို ဖော်ပြဖို့ရာအတွက်လည်းပဲ ဗဟိုကော်မတီအနေနဲ့ကတော့ ဖေဖော်ဝါရီ နောက်ဆုံး အပတ်တွေထဲလောက်မှာ အစည်းအဝေး သေချာထိုင်ပြီးတော့မှ အခုလို ညွန်ကြားချက်ထွက်တာလို့ ကျနော် သိရတယ်ခင်ဗျ။

ဒေါ်သီတာနွယ် ။ ။ ဟုတ်ကဲ့ရှင့်၊ ဒါဆိုရင် KIO အနေနဲ့ နအဖဘက်က ဖိအားပေးမှာကို ထည့်တွက်ထားတဲ့ သဘောလားရှင့်။

ဦးမျိုးသစ် ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ဖိအားပေးကောင်းလည်း ပေးနိုင်တယ်ဆိုတာ တွက်နိုင်ပါတယ်၊ ဒီလို အရင်တုန်းကလည်း ပေးခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ သာဓကတွေက အများကြီးရှိတော့လည်းပဲ ဒီဟာအပေါ်မှာ KIO အနေနဲ့က ရပ်တည်နိုင်တဲ့အနေအထားရှိတယ်ဆိုတာကို သူတို့ဟာ သူတို့မတွက်ဘဲတော့နေမှာမဟုတ်ဘူး၊ တွက်မှာပဲ။ တွက်တဲ့ကြားထဲကပဲ သေသေချာချာ စဉ်းစားပြီးတော့မှ အခုလို ဆုံးဖြတ်လိုက်တာလို့ပဲ ပြောရလိမ့်မယ်ခင်ဗျ။

ဒေါ်သီတာနွယ် ။ ။ ဟုတ်ကဲ့ရှင့်၊ ကေအိုင်အို အဖွဲ့အတွင်းမှာကော ဒီညွန်ကြားချက်နဲ့ပတ်သက်လို့ ဘယ်လို သဘောထားရှိတယ်လို့ကြားရပါလဲရှင့်။

ဦးမျိုးသစ် ။ ။ ကျနော်နဲ့ နီးစပ် ပတ်သက်တဲ့ လူတွေဆီက လာတဲ့သတင်းတွေအရ သက်ဆိုင်ရာ ကေအိုင် အို ဗဟိုအဖွဲ့အစည်းရဲ့ အခုလို ညွန်ကြားလိုက်တဲ့ ညွန်ကြားချက် သဘောထားအပေါ်မှာ သူတို့က အမြင်ရှင်းကြပါတယ်။ ကြိုက်နှစ်သက်ကြတယ်လို့ပဲ ယေဘုယျအားဖြင့် ပြောရမှာပဲဗျ။

ဒေါ်သီတာနွယ် ။ ။ မြန်မာအစိုးရဘက်ကရော ဒါကို ဘယ်လို တုံ့ပြန်ခဲ့ပါလဲရှင့်။

ဦးမျိုးသစ် ။ ။ မြန်မာအစိုးရဘက်ကလည်းပဲ ဒီကိစ္စက သူ့သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ မိမိရဲ့ ပါတီ အဖွဲ့အ စည်း တပ်ဖွဲ့ဝင်တွေအတွင်းပဲ ညွန်ကြားတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့က ဒီဟာအပေါ်မှာ တိုက်ရိုက်စွက်ဖက်ချင်ရင်တောင်မှ စွက်ဖက်လို့မရတဲ့ ကိစ္စဖြစ်နေတယ်။ ဒီလိုအချိန်ဟာ ဘာပဲ ပြောပြော ခြောက်လို့ရတဲ့နေရာတွေမှာ ခြောက်၊ ဖိအားပေးလို့ရတဲ့နေရာတွေမှာ ဖိအားပေးပေမယ်လို့ ချော့ရမယ့်နေရာမျိုးတွေမှာလည်းပဲ ချော့ပြီးတော့ လိုက်လျောမှုတွေကို ပြထားရမယ့်သဘောမျိုး ပြရမယ့် နှစ်ဖက်နည်းနာမျိုး ကျင့်သုံးရမယ့်ကာလဆိုတာလည်း ရှိနေတော့ စစ်အစိုးရကတော့ အဲဒီနှစ်ဖက်နည်းနာအတိုင်း ကျင့်သုံးနေတယ်လို့ပဲ ယူဆရတာပဲခင်ဗျ။

တရုတ်-မြန်မာနယ်စပ်က ဘီဘီစီသတင်းထောက် ဦးမျိုးသစ် သုံးသပ်ပြခဲ့တာပါ။

(ဘီဘီစီ မတ်လ ၂၂ ရက် ညပိုင်းအစီအစဉ်တွင်ထုတ်လွှင့်ခဲ့သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts