>ေမာင္ရစိ – ဴပည္သူႚသေဘာထား အမန်ြအတိုင်း စကာူးပန်ခငြ့်

>

ပြည်သူ့သဘောထား အမှန်အတိုင်း စကားပြန်ခွင့်
မောင်ရစ်

မတ် ၁၁၊ ၂၀၀၈

အခုတလော ကန့်ကွက်ကြတို့၊ ကန့်ကွက်မဲထည့်ကြစို့တို့ စတဲ့အသံတွေ ကြားနေရပါတယ်။ တပ်မတော်ကလည်း “လမ်းဆက်လျောက်မယ်”တို့၊ “မတားနဲ့”တို့ စတဲ့ သီချင်းတွေ ဆိုလာပါတယ်။ အချို့ကလည်း “အမိန့် မလွန်ဆန်ဝံ့ဘူး”တို့ဆိုတဲ့ သီချင်းလေးတွေ ဆိုလို့ပေါ့။

ဖေဖော်ဝါရီထဲက တီးလုံးသံထွက်လာတာကို ကြိုက်တဲ့စာသားတပ်ပြီး သီချင်းဆိုကြတာပါခင်ဗျာ။ ကျနော် သဘောထားက ဘာလဲလို့ မမေးတော့ဘူးလား။ အင်း – ကျနော်ကတော့ ပြည်သူ့သဘောထားပဲဗျာ။ အဲလိုပဲ ဖြေရတော့မယ်။

စ စ ချင်းမှာ ကျနော်က သပိတ်မှောက်ချင်တယ်။ လွယ်တာကိုးဗျား ကျနော်က အဝေးကြီးမှာ၊ ရွာပြင်မှာ တဲထိုးနေတဲ့လူကိုး။ ဘာလဲဟေ့ … ထီဆိုတာနဲ့ ဘူးတလုံးဆောင်ပြီးသားပဲ။ လွယ်တာကိုးဗျာ။ ကန့်ကွက်မဲထည့်ချင်ရင်တောင် မောင်ရစ်တယောက် ရွာထဲဝင်ပြီး ဟိုမေး ဒီမေးနဲ့ သူကြီးအိမ်မရောက်ဘဲ လမ်းပျောက်နေအုံးမယ်။

အဲဒီမှာ မိတ်ဆွေများနဲ့ တိုင်ပင်ရင်း ကန့်ကွက်မဲဘက်ကို အလေးသာသွားလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားအကြောင်းတွေ အများကြီး လျောက်ပြောရင် ရှည်မှာစိုးလို့ ဒေါက်တာလွဏ်းဆွေဘလောက်ထဲက ကိုသံတုတ်ရဲ့စာကိုပဲ ကောက်ပြီး ပြောပါ့မယ်။

နောက်ဆုံးအနေနဲ့ ၈၈ အရေးတော်ပုံ ကာလအတွင်းက ထုတ်ဝေခဲ့တဲ့ “သတင်းဂျာနယ်” မှာပါတဲ့ ဆရာအထောက်တော် လှအောင်ရဲ့ အလွန်ပြောင်မြောက်တဲ့ စကားလေးကို ကိုးကားပြီး ဆိုပါရစေ။

” .. အာဏာအကူအညီ၊ အာဏာအကာအကွယ်ဖြင့် “ဆန္ဒခံယူပွဲ”ကို ဇွတ်လုပ်ငြားအံ့ … အလောင်း မဟာမြင့်မိုရ်တောင် အထပ်ထပ်နှင့် သွေးမဟာသမုဒ္ဒရာ အစင်းစင်းတို့ကို အရင်းအနှီးပြုကာ အကာအကွယ်မဲ့သော မဲပုံးအတွင်းသို့ ဗြောင်ဆန္ဒမဲပေး ၀ံ့သောသတ္တိ ပြည်သူတို့ထံတွင် အပြည့်ရှိသည် … ” (မူရင်းကတော့ ဆရာက အထွေထွေ ရွေးကောက်ပွဲလို့ သုံးထားတာ ပါ။ စကားလုံးကတော့ အတိအကျ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်) လို့ပဲ ပြောချင်ပါတယ် …

တဲ့။

နောက်ပြီးတော့လည်း ၁၉၉၀တုန်းက ကိစ္စလေးတွေကိုလည်း သတိရမိတာပါ ပါတယ်။ အားလုံးက အာဏာဖီဆန်ရေး လမ်းကြောင်းပေါ်မှာ န၀တကို စိမ်ခေါ်နေချိန်၊ အဲန်အယ်ဒီက လူတွေလည်း အကုန်၊ ဗကသ၊ မကသ၊ သမဂ္ဂစုံ၊ လူ့ဘောင်သစ်၊၊ လူငယ်ပါတီ တပ်ဦး တပ်ပေါင်းစုက ရှေ့တန်းကလူတွေ အကုန် ဖမ်းဆီးနှိမ်နှင်းခြင်း ခံခဲ့ရပါတယ်။ မရွေးချင်ခဲ့တဲ့ ရွေးကောက်ပွဲကို တကယ်ကို အားလုံးက ၀င်ကြရတဲ့အခါ မဲဆန္ဒရှင်ပြည်သူတွေနဲ့အတူ အမျိုးသားရေးလှုပ်ရှားသူတွေက အဲန်အယ်ဒီကို တခဲနက်ဝန်းယံခဲ့ကြရပါတယ်။ လူငယ်တွေ ကျောင်သားတွေ အားလုံးက ပြည်သူလူထုနဲ့ လက်တွဲပြီး အသည်းကြားက ဆန္ဒမဲတပြားနဲ့ စစ်အစိုးရကို အာဏာဖီဆန်ပြသခဲ့ကြပါတယ်။

နိုင်ငံရဲ့ သမိုင်းကို စွန့်လွှတ်အနစ်နာခံပြီး ဦးဆောင်သူများနဲ့ ပြည်သူလူထုကြီးက ရေးတာပါခင်ဗျာ။ ထောင်ထဲမှာ တောထဲမှာ တော်လှန်ရေးအတွက် အသက်အိုးအိမ် စည်းစိမ်နဲ့ ဘ၀တွေကို စတေးပြီး အမှန်တရားကို ပေးဆပ်တောင့်ခံနေတဲ့ ဒေါ်စု၊ ဦးဝင်းတင်၊ ဦးတင်ဦး၊ ၈၈ မျိုးဆက်များနဲ့တကွ အညတရ သူရဲကောင်းများရဲ့ တန်ခိုးက ကြီးပါတယ်။ စစ်အစိုးရက မှောက်ချင်တိုင်းမှောက်၊ လှန်ချင်တိုင်း မလှန်နိုင်ခဲ့ပါဘူး။ ပြည်သူလူထုကြီးကလည်း အနှစ် ၂၀ လုံးလုံး ဆင်းရဲတောထဲမှာ တောင့်ခံပြီး သူရဲကောင်းတွေနဲ့ အတူရပ်တည်ပေးခဲ့တာပါခင်ဗျာ။

စဉ်းစားကြည့်ပါ။ စစ်အလိုတော်ရိတွေ စစ်တပ်အပေါင်းအပါတွေက လူထုရှေ့မှာ တီဗီတွေ၊ သတင်းစာတွေ၊ ဆိုင်းဘုတ်တွေ၊ အခွင့်အာဏာငွေကြေး ဥစ္စာတွေ အစွမ်းကုန်သုံးပြီး ကျွမ်းတွေထိုး၊ မီးရှူးမီးပန်းတွေ လွှတ်၊ မည်သို့ပင် ဆပ်ကပ်ကြီး လုပ်ပြနေစေကာမူ ဒေါ်စုမျက်နှာ တချက်၊ ၈၈ မျိုးဆက်တွေရဲ့ လက်တဖျစ်မှာ အကုန်လုံး ပြိုဆင်းကုန်ရတာပါပဲ။ သံဃာတော်တွေရဲ့ ခြေတလှမ်းအောက်မှာ အလဲလဲ အပြိုပြို ဖြစ်ကုန်ကြရတာပဲ မဟုတ်လား။

လူထုကြီးလည်း ထိခိုက်ဒဏ်ရာတွေနဲ့ အပြည့်ပါပဲ။ ပညာရှိများအလိုအရဆိုရင် ရေမွန်းလွန်းလို့ ပြည်သူလူထုကြီးခင်မျာ တော်ပါပြီ တန်ပါပြီပေါ့နော်။ သို့သော် ခုချိန်ထိ ပြည်သူက သူတို့အကြောင်းကို ပြဖို့ အချိန်ကို အံကြိတ်ပြီး စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

အဲသည်တော့ မောင်ရစ်က ဘယ်နှယ့် လုပ်ပါ၊ ဘယ်လိုလုပ်ပါ အတင်း မပြောတော့ပါဘူးခင်ဗျာ။ ၉၀ တုန်းက ပြည်သူက ရွေးချယ်ခဲ့ပါတယ်။ အဲင်အယ်ဒီ အနိုင်ရပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဒီတော့ အဲဒီလမ်းကြောင်းအတိုင်းပဲ ကျနော်တို့ ဆက်တိုက်ခဲ့ရတာပါပဲ။ ၈၈ မျိုးဆက်တွေ ထောင်ထဲက ထွက်လာတော့လည်း အဲင်အယ်ဒီကို ၀န်းရံပေးခဲ့တာပါပဲ။ ကျနော်တို့ မငြင်းရဲပါခင်ဗျာ။ ပြည်သူရွေးတဲ့ တိုက်ပွဲကို ကျနော်တို့ လိုက်တိုက်ခဲ့ရတာပါပဲ။

၂၀၀၇ သြဂုတ်၊ စက်တင်ဘာမှာ လူငယ်မျိုးဆက်တွေနဲ့ သံဃာတွေတွေ ထွက်လာကြတော့လည်း ကျနော်တို့ သူတို့နောက်က လိုက်ရတာပါပဲ။ အမှန်တရားနဲ့ တရားမျှတမှုအတွက် ရပ်တည်ပြီး တိုက်ပွဲဝင်ကြသူတွေနောက် မောင်ရစ်တို့က လိုက်ကြရတာပဲ ဖြစ်ပါတယ်။ မလိုက်ရင် ဘာဖြစ်မှာမို့လဲ လို့ မမေးပါနဲ့။ သူတို့ဖက် မလိုက်ဘဲကို မနေနိုင်တာပါ။ ဆုတောင်းကိုးဗျာ လို့ပြောရမှာပဲဗျာ။

ကိုယ့်တိုင်းပြည် ကောင်းဖို့ ၀ိုင်းလုပ်ကြမှကိုးလေ။ အဲဒီတိုင်းပြည်မှာ မွေးခဲ့။ ဒီဒုက္ခတောထဲမှာ အတူတူ ကြီးပြင်းခဲ့။ တိုက်ပွဲခေါ်သံ ကြားချိန်မှာ ရှိတဲ့ လက်နက်နဲ့ ၀င်တိုက်ခဲ့။ အကြိမ်ကြိမ် ရှုံးနိမ့်ရ၊ သင်ခန်းစာတွေရ၊ ခဏခဏ ပြန်ထ၊ ကိုယ်နဲ့ ပိုင်တဲ့၊ ဆိုင်တဲ့ တိုင်းပြည်ကြီးနဲ့ ပြည်သူတွေ ရှိနေသ၍ တိုက်ပွဲခေါ်တဲ့ တံပိုးသံကြားရင် မနေနိုင်တဲ့ လူသားစင်စစ်တဦးပါပဲ။

ဒီတကြိမ်မှာလည်း ဒီသဘောထားပါပဲလေ။ ပြည်တွင်းက မိတ်ဆွေများ၊ ပြည်သူများ ဦးဆောင်တဲ့ ချီတက်တဲ့ ဆုံးဖြတ်တဲ့အတိုင်း မောင်ရစ်ကတော့ နောက်က လိုက်ဦးမှာပဲ ဖြစ်ပါတယ်။ မှားတယ်တို့ မှန်တယ်တို့ မောင်ရစ်က ဆုံးဖြတ်ရအောင် မောင်ရစ်ရဲ့ ပေးဆပ်မှုတွေ၊ အရည်အချင်းတွေ၊ ဖြတ်သန်းမှုတွေက တန်းမမီပါဘူးခင်ဗျာ။

၁၉၈၈ ကတည်းက သင်ခန်းစာတွေ တထမ်းကြီးနဲ့ပါ။ အမှန်တရားနဲ့ တရားမျှတမှုဖက်က ရပ်ဖို့ ဒီတောကြီးထဲ နင်းခဲ့ရချိန်ကစလို့ ပြည်သူလူထုကို အပြစ်မတင်၊ အပြစ်မမြင်တတ်ဖို့တော့ သိတတ်ခဲ့ရပါတယ်။ သူတို့အသံ၊ သူတို့အမြင်တွေကို ထင်ဟတ်ဖို့ တင်ပြဖို့ ဦးဝင်းတင်ပြောတဲ့ ပြည်သူတို့ရဲ့ စကားပြန်၊ အမှန်အတိုင်း ထင်ဟတ်တဲ့ စကားပြန်ဘ၀ ဖြစ်ရတာက ကျေနပ်စရာပါ။

ပြည်သူ့သဘောထား အစစ်အမှန်တွေနဲ့ပဲ တိုင်းပြည်ရဲ့ အနာဂတ်သမိုင်းကို ဆက်ရေးကြရလိမ့်အုံးမည်။ အဲဒါတွေ တကယ်ရေးနိုင်၊ တကယ်ထင်ဟတ်ပေါ်လွင်စေဖို့ မောင်ရစ်တို့ အဲဒီနောက်က တကောက်ကောက် သူတို့နောက်က ထပ်ချပ်မကွာ လိုက်ကြရလိမ့်မည်။ ကျနော်တို့ နောက်လိုက်မှာက လူတစုနောက်လည်း မဟုတ်၊ လူတဦးနောက်လည်း မဟုတ်၊ အုပ်စုတစု အဖွဲ့တခုနောက်လည်း မဟုတ်ပါချေ။

မဲ မပေးလည်း သဘောပါပဲဗျာ။ မဲပေးလည်း သဘောပါပဲဗျာ။ ပြည်သူ့သဘောထားနောက်က မောင်ရစ် လိုက်ပြီး စကားပြန်ပေးဖို့ ကြိုးစားမည်။ ပြည်သူစစ်စစ် ရင်ထဲက အသံ၊ ခံစားချက်နဲ့ ရင်ခုန်သံတွေနောက်ကိုသာ နားလည်ထင်ဟတ်သူသာ ဖြစ်ချင်ပါသည်။ ခင်ဗျားတို့ ဒီတပွဲလည်း ညံ့တာပဲဆိုပြီးတော့ အတူတူ လက်တွဲပြီး မတိုက်ဘူးဟု ငြင်းဆန်ဝံ့သူဟာ ကျနော်မဟုတ်ပါ။

(မတ်လ မွေးနေ့ရှင်များဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင် ကို အလေးပြုရင်း၊ ကျဆုံးသူ ကိုဖုန်းမော်နဲ့ ကျောင်းသားများကို အလေးပြုရင်း ရေးပါတယ်)၁က္က၌၌္ဆ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts