>မိုးမခ၀င်း –ိုံင်ငံရေးမရြိတဲူ့မန်မာူပည်

>

နိုင်ငံရေး မရှိတဲ့ မြန်မာပြည်
မိုးမခ ၀င်း

ဖေဖော်ဝါရီ ၁၃၊ ၂၀၀၈

ကျွန်မတို့မြန်မာပြည်မှာ နိုင်ငံရေးမရှိပါဘူး။ လွတ်လပ်စွာ စည်းရုံးခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်မရှိတဲ့ ကျွန်မတို့တိုင်းပြည်ဟာ နိုင်ငံရေးမရှိတဲ့ တိုင်းပြည်ပါ။ ဒါကြောင့် နိုင်ငံရေးမရှိတဲ့မြန်မာပြည်လို့ပဲ ဆိုလိုက်တော့မယ်။

နိုင်ငံရေးမရှိတော့ ဘာဖြစ်သလဲဆိုတော့ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ချင်တိုင်း လုပ်လို့ရတယ်။ ဘယ် သူ့ကမှ မပြောရဲဘူး။ လက်မလျှိုရဲဘူး။ တော်ကြာ ကိုယ်ပါ အချောင်ပါသွားမှာကို ကြောက်နေရတယ်။ ကြောက်တာ အပြစ်မရှိပါဘူး။ ကြောက်လို့ရပါတယ်။ ဒီတော့ ဘာဖြစ်ကုန်သလဲ ဆိုတော့ တိုင်းပြည် အုပ်ချူပ်တဲ့ သူတွေက ထင်တိုင်းကြဲလို့ ရသွားတယ်။ သူတို့လက်ထဲမှာ အာဏာရှိတယ်။ လက်နက်ရှိတယ်။ ဒီတော့ ဘယ်သူက လှန်ရဲမလဲလေ။ အဲဒါ ဘာကြောင့်လဲ။ ကျွန်မတို့တိုင်းပြည်မှာ နိုင်ငံရေးမရှိလို့ပါ။

အဲဒီအဖြစ်တွေရဲ့အောက်မှာ မြေဇာပင်ဖြစ်နေတာက တိုင်းသူပြည်သားတွေပါ။ ကြောက်တာတခုထဲနဲ့ရှင်သန်၊ ကြောက်ပြီးရင်းကြောက်နဲ့၊ ဒီမိုကရေစီကို လိုချင်ပါရဲ့ ဒါပေမယ့် ရင်ထဲမှာ၊ စိတ်ထဲမှာတော့ နာကျင်မှုတွေ၊ နာကျည်းမူတွေ၊ မျက်ရည်တွေ အပြည့်ပါ။

အခံရဆုံးသူတွေကတော့ ထောင်ထဲမှာ အမှုတွေ နံမယ်တပ်ချင်တိုင်း တပ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါ။ ပြီးတော့ သူတို့တတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေပေါ့။ ဆက်ပြောရရင်တော့ ကြောက်လွန်းလို့ ငြိမ်ခံနေကြရသူတွေ။ ရင်ထဲမှာ တောက်တခေါက်ခေါက်နဲ့ပေါ့။ ပြီးတော့ ဘာမှ မတတ်သာလို့ ဒီအတိုင်း ကြည့်နေကြရတဲ့ ကျွန်မလို ဘာမှမဟုတ်တဲ့ ခပ်ညံ့ညံ့ ပြည်သူလူထုတွေ ရှိမယ်။ ဘယ်သူ တက်တက်ဆိုပြီး နေနေကြတဲ့ လူတန်းစားဟာလည်း ဘုန်းကြီးတွေ သံယာတော်တွေ နှိမ်နင်းခံလိုက်ကြရပြီးနောက်မှာ ဒီစစ်အစိုးရကို ရွံ့မုန်းလာကြပီလေ။ ဒါပေမယ့် ဘာမှမပြောသာ ၀င်မလုပ်ရဲ စကားအပြောအဆိုကအစ ဆင်ခြင်ရင်းနဲ့ တိတ်တဆိတ်ပဲ ခံနေကြပီ။ အဲဒါဘာကြောင့်လဲဆိုရင် ကျွန်မတို့ တိုင်းပြည်မှာ နိုင်ငံရေးမရှိလို့ပါ။

ပြည်ပက အဖွဲ့တွေကလည်း ကျွန်မတို့တတွေကို ဝေဖန်ကြတာ ခံကြရသေးတယ်။ ဟုတ်တယ်လေ အားမလို အားမရ ဖြစ်ကုန်ကြတာ ကျွန်မနားလည်ပါတယ်။ ဒါပေမယ့် ခက်နေတာက လက်နက်နဲ့လူ တွေကို ဘာနဲ့ ရင်ဆိုင်ရမှာတုန်း။ အာဏာကို လက်တဖက်ကကိုင် လက်နက်ကို နောက်လက်တစ်ဘက် ကထမ်းလို့ စစ်ယာဉ်ကြီးစီးလာတဲ့ သူတို့ကို သိကြားမင်းတောင် နိုင်လို့လားရှင်။ တတိုင်းပြည်လုံး အုံကြွပြီးဖြစ်ခဲ့ရတဲ့ ၈၈ ဘယ်လို အနှိမ်နင်းခံလိုက်ရသလဲ။ သံယာအရေးအခင်း ဘယ်လို ဖြေရှင်းခံလိုက် ရသလဲ။ အဲဒါတွေကို စဉ်းစားကြည့်လိုက်တော့ ကျွန်မတို့တိုင်းပြည်က နိုင်ငံရေးမရှိတဲ့ တိုင်းပြည်ဖြစ် နေပါရောလား။

အခုလတ်တလော ခံလိုက်ရတဲ့ နေဘုန်းလတ်ကိစ္စကို ကြည့်ပါဦး။ ကျွန်မတို့ လက်ပိုက်ကြည့်နေလိုက်ရပြီ။ ဘာများတတ်နိုင်လို့လဲ။ စုတ်တစ်သတ်သတ်နဲ့ နောက်ထပ်ရက်တွေ ကြာလာရင် မေ့တောင် မေ့သွားလိမ့်ဦးမယ်။

အခုလည်း မပြောမဆိုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မဲဆန္ဒခံယူပွဲတွေ လုပ်တော့မယ်တဲ့။ ကျွန်မတို့ပြည်သူလူထု ဘာတတ်နိုင်သလဲ။ မဲပေးယုံပေါ့။ ထောက်ခံစမ်းဆို ထောက်ခံလိုက် ရရုံပေါ့။ ဘာမှကို မလုပ်ရဲတာပါ။ မဆန့်ကျင်ရဲတာပါ။ အဲဒါအမှန်တရားပါ။ အမှန်တရားဆိုတာ တခါ တခါတော့လည်း လက်ခံရမှာ။ ခါးသီးပါတယ်။ ခါးသီ်းပေမယ့် လက်ခံကြရမယ်။ အဲဒါဘာလို့ဖြစ်တာ လဲဆိုရင်ကျွန်မတို့တိုင်းပြည်မှာ နိုင်ငံရေးမရှိလို့ပါ။

မဂ္ဂင်ဆရာတော်ဘုရားကြီး သက်တော်၈၀ကျော်ကိုနှင်ချတဲ့ဖြစ်ရပ်ဟာလည်း ကျွန်မတို့ လက်ပိုက် ကြည့်နေခဲ့ရတာပဲ။ အိမ်မှာပဲ တိတ်တဆိတ် ဆုတောင်းပေးရင်းနဲ့ မျက်ရည်ကျခဲ့ရတာပဲလေ။ အဲဒါ တွေဟာ ကျွန်မတို့တိုင်းပြည်မှာ နိုင်ငံရေးမရှိလို့ပေါ့ရှင်။

အဲဒီအတွက် ဒီလိုချည်းနေသွားကြရတော့မလားလို့ ကျွန်မကိုမေးမယ်ဆိုရင် ဘယ်လိုဖြေရပါ့မလဲ။ အမှန်တရားကို လက်ခံရဖို့ခက်တယ်လို့ လက်ခံထားရင် ကျွန်မဖြေစရာကို မလိုဖူးရှင့်။ “သူသေ ကိုယ်သေ” ဆိုတဲ့ စကားလုံးတောင် ပြင်ရတော့မယ်ရှင့်။ “ကိုယ်သေ ကို်ယ်သေ” ဆိုပြီးတော့ပေါ့။ ကိုယ်ချည်းပဲ သေသေနေတယ် မဟုတ်လားရှင်။ အဲဒါ ဘာကြောင့်ပါလဲ။ ကျွန်မတို့တိုင်းပြည်မှာ နိုင်ငံရေးမရှိလို့ပေါ့။

အခုလည်း ကြားနေရပြန်ပြီ။ သံယာ ၅၀၀၀ ထွက်လာတော့မယ်တဲ့။ လူထုအုံကြွမူကြီး တကြိမ်ပေါ်ဦးမယ်တဲ့။ ကျွန်မတို့ပြည်သူလူထုလည်း လူပန်း စိတ်ပန်း မလန်းမဆန်းဖြစ်နေရာက၊ ရင်တွေ ပူလာကြရပြန်ပြီရှင့်။ သံယာအစစ်တွေထဲ သံယာအတုတွေကလည်း ပါလာဦးမတဲ့။ သံယာအစစ်တွေ ထွက်လာအောင် တမင်ဖန်တီးထားတဲ့ သပိတ်လည်း ဖြစ်နိုင်သတဲ့။ ဒါတွေဟာ လူထုကိုနှိပ်စက်ချင်လို့ လူထုကိုဖမ်းချင်လို့ တမင်အကွက်ဆင်တာလည်း ဖြစ်နိုင်သလို၊ တကယ်ပဲ လူထုရဲ့သပိတ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ သို့ပေမယ့် ကျွန်မကတော့ နိုင်ငံရေးမရှိတဲ့ ကျွန်မတို့တိုင်းပြည်မှာ နိုင်ငံရေးလှုပ်ရှားမူဆိုတာ တော်တော်ကို ခက်ခဲတဲ့ကိစ္စပဲလို့တော့ သုံးသပ်မိပါတယ်။

ဒီတော့ အဖြေတခု ထုတ်ဖို့တော့ လိုပြီ။

အစိုးရဟာ ပြည်သူလူထုကို ကိုယ်ခန္ဓာကိုသာပိုင်ပေမယ့် စိတ်ကိုတော့ မပိုင်ဘူးရှင့်။ “နံရံလေးဘက်ထဲ အကျဉ်းချခံထားရပေမယ့်၊ စိတ်ကိုတော့ ပြောင်းအောင် လုပ်လို့မရ …” ဆိုသလိုပဲ။ ကျွန်မတို့ရဲ့ နှလုံးသားက သူတို့ကိုချစ်အောင်၊ အားပေးလာအောင်ပြောင်းဖို့ သူတို့မှာ အာဏာမရှိဘူး၊ လက်နက်မရှိဘူးရှင့်။

ဒါပေမယ့် ပြောင်းအောင် ဆွဲဆောင်လို့ရမယ့် ငွေကြေး ဥစ္စာဓနတော့ ရှိချင်လည်း ရှိပါလိမ့်မယ်။ ပါချင်တဲ့လူတွေလည်း ပါပေါ့နော့်။ ငွေကြေးမက်မောပြီး လူမိုက်တွေနဲ့ ပေါင်းသွားနိုင်သေးတယ်။

အမှန်တရားနဲ့ တရားမျှတမှုကိုချစ်တဲ့ အဲဒီစိတ်ဓါတ်ကလေးကို ဘာနဲ့မှ မလဲဘဲ၊ ကျမတို့တတွေ အတူတူ လက်တွဲပြီး ထိမ်းသိမ်းထားကြပါစို့။ အရေးကြုံလို့ အဲဒီစိတ်ဓာတ်ကို အသက်နဲ့လဲ၊ အရှက်နဲ့လဲ၊ ပုဂ္ဂလိကလွတ်လပ်ရေးတွေ၊ သာယာမှုတွေနဲ့ လဲပြီး ရပ်တည်ခဲ့တဲ့၊ ရပ်တည်ရဲတဲ့ ရပ်တည်လျက်ရှိတဲ့ သူရဲကောင်း အာဇာနည်တွေနဲ့သာ ကျမတို့မိသားစုတွေ၊ အသိုက်အမြုံတွေ၊ အသိုင်းအ၀ိုင်းတွေ ထူထောင်လိုက်ကြပါစို့လို့ ပြောလိုက်ချင်ပါတယ်ရှင်။

ကျဆုံးသွားတဲ့၊ ပျောက်ဆုံးသွားတဲ့၊ ပြန်မလာတော့တဲ့ သားသမီးတွေရဲ့ မိခင် ဖခင်တွေကို ကျမတို့ မိဘတွေအဖြစ် ကြိုဆိုလိုက်ကြပါစို့၊ ကွယ်လွန်သွားတဲ့၊ ပိတ်လှောင်ခံထားရတဲ့၊ လမ်းပျောက်သွားတဲ့ အဖေ၊ အမေတွေရဲ့ ကလေး သူငယ်လေးတွေကို ကျမတို့ ရင်သွေးတွေလို ထွေးပွေ့ကြပါစို့။

ကျမတို့ မျက်စိရှေ့တည့်တည့်မှာ ကျမတို့မြန်မာပြည်ကြီးကို အိမ်လုပ်ပြီး နေရရှာတဲ့၊ ကျမတို့ မြန်မာပြည်သားတွေကို မိသားစုသားချင်းတွေလို တွယ်တာပြီးသာ နေရရှာတဲ့ “အောင်ဆန်းစုကြည်” ဆိုတဲ့ မိမဲ့၊ ဘမဲ့၊ သားသမီင်္းမဲ့ အမျိုးသမီးကြီး တယောက်လည်း ရှိနေပါသေးတယ်။

သု့လို သူရဲကောင်းတွေ၊ အာဇာနည်တွေကို ကျမတို့ မိသားစုလုပ်ပြီးနေကြ၊ အမိုးတွေ မိုးပြီး ကာကွယ်ထွေးပွေ့ကြ၊ လက်ချင်း မြဲမြဲတွဲပြီး ခရီးတွေ ဆက်ချီတက်ကြမယ်သာ ဆိုရင် သစ္စာရှိတဲ့ အမှန်တရားရှိတဲ့ မိသားစုတွေနဲ့ တိုင်းပြည်ကြီး ဖြစ်လာမယ် မဟုတ်ပါလား ရှင်။ အဲဒီတိုင်းပြည်ကို ဘယ်သူတွေက နိုင်ငံရေးမရှိတဲ့ တိုင်းပြည်လို့ ပြောရဲပါလိမ့်မလဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts