>ရန်လိုကဋ္ဋဲ – စင်ူပိင်ြအစိုးရိံငြ့်စကားစူမည်

>

စင်ပြိုင်အစိုးရနှင့်စကားစမြည်

ရန်လိုကျွဲ

ဖေဖော်ဝါရီ ၁၂၊ ၂ဝဝ၈

တစ်နေ့တ၌တွင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ မြန်မာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် မြန်မာပြည်သားတို့ ဆုံတွေ့လျက်ရှိသည်။ စာနယ်ဇင်း ဆရာများလည်းပါသည်။ ထင်ရှားသော နိုင်ငံရေးသမားများလည်း ပါဝင်သည်။ အခမ်းအနားတစ်ခုအကြောင်းပြပြီး မြန်မာပြည်အလွမ်းပြေ စုဝေးနေကြသည်။ ကျောင်းဝင်းတစ်နေရာတွင် တည်ငြိမ်၊ အေးဆေး၊ သဘောကောင်းဟန် ရှိသောသူတစ်ယောက်ကို တွေ့ရသည်။ အနီးကပ်ကြည့်သည့်အခါ စင်ပြိုင်အစိုးရအဖွဲ့မှ ဝန်ကြီး ဦးကိုလှမြင့် ဖြစ်နေသည်။ ကျနော်တို့ စကားပြောဖြစ်ကြလေသည်။



ဦးကိုလှမြင့်မဟုတ်လားခင်ဗျ၊ တွေ့ရတာ ဝမ်းသာပါတယ်။

– သြော်- အေး။

ကျနော် မိုးမခ မှာ စာတွေ ဘာတွေ ရေးပါတယ်။ ဦးကို ဗျူးပါရစေ။

– မောင်ရင် လူမှားနေပြီ ထင်တယ်။ ဦးက ဦးကိုလှမြင့်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဦးက ကဗျာဆရာမဟုတ်ဘူးနော်။

ကျနော် မိုးမခ မီဒီယာကပါခင်ဗျ။

– မိုးမခဆိုတာ ကဗျာတွေ ဘာတွေဖော်ပြတဲ့ စာစောင်မဟုတ်ဘူးလား ကွ။

ဟို- အဲ- ဟုတ်ပါတယ်၊ ကဗျာလည်းပါ၊ သတင်းလည်းပါ၊ အစုံ ပါပါတယ်ခင်ဗျ။

– သြော် ဟုတ်သလား။ အင်း – ဆောရီးကွာ၊ ဦးက မြန်မာလိုဆိုရင် သိပ်မဖတ်ဖြစ်တော့ … ဟဲဟဲ။

စင်ပြိုင်အစိုးရမှာ လူထပ်တိုးပြီး ပြင်ဆင်ဖွဲ့စည်းမယ်လို့ သတင်းတွေ ထွက်နေတယ်။ အဲဒါ ဘယ်လို၊ ဘယ်ပုံ …

– ဟေ့ မင်းက တစ်နေရာ ရချင်လို့လား၊ စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ကွာ။

ဟာ- ဦးကလည်း၊ ကျနော်က နိုင်ငံရေးကိုတော့ အရမ်း၊ အရမ်း စိတ်ဝင်စားပါတယ်။ နေရာရချင်တာတော့ မဟုတ်ပါဘူး။ ကျနော် မိုးမခမှာ ပင်တိုင်ဆောင်းပါးရှင်နေရာရထားတာနဲ့တင် ကျေနပ်နေတာပါ။ ကျနော် သိချင်တာက ဦးတို့ ပြင်ဆင်ဖွဲ့စည်း – – – ။

– သြော် မင်းက နိုင်ငံရေးကို အရမ်း စိတ်ဝင်စားတယ် ဟုတ်လား၊ လုပ်စမ်းပါဦးကွ၊ ဘယ်လို အရမ်း စိတ်ဝင်စားတာလဲ။

ဦးက သတင်းထောက်ကို ပြန်ဗျူးနေပြန်ပြီ။ ဒီလိုပါ၊ နိုင်ငံရေးကို စိတ်ဝင်စားတယ်ဆိုတာက ရန်ကုန်မှာနေတုန်းက ကျနော်သွားနေကျ အင်တာနက်ဆိုင်မှာ စာတွေကပ်ထားတယ်ဗျာ၊ နိုင်ငံရေး ဝက်ဆိုက်တွေ မကြည့်ရ၊ လိင်ကိစ္စနဲ့ပတ်သက်တဲ့ဝက်ဆိုက်တွေ မကြည့်ရဆိုပြီး ကပ်ထားတယ်။ ဒါတွေ ဒါတွေ မကြည့်ရ ဆိုတော့ကာ ဦးလေးရယ် တားမြစ်ထားတဲ့အရာကို ပိုပြီးစိတ်ဝင်စားတာ လူတွေရဲ့ ထုံးစံပဲလေဗျာ။ ကျနော်က သတင်းထောက် ဆိုတော့၊ ဟဲဟဲ ပိုပိုပြီးတော့ စိတ်ဝင်စားတာပေါ့ဗျ။

– မှတ်သားလောက်ပါပေတယ်။ ကဲ သတင်းထောက်ဆိုတော့ မောင်ရင့်ကို ဆက်မေးရဦးမယ်၊ ဘာထူးသလဲ မောင်ရင်။ ကိုယ်တို့ စင်ပြိုင်အစိုးရအကြောင်း အမေရိကတို့ ဘာတို့ မြန်မာပြည်သားအသိုင်းအဝိုင်းတွေကြားထဲမှာ ဘာများ ထူးသေးသလဲ။ ဘာတွေ ပြောနေကြသလဲ။

နိုင်ငံရေးသမားတွေက ပြည်ပရောက် မြန်မာပြည်သားတွေကြားထဲမှာ သိပ်ပြီး လူတောမတိုးဘူးလို့ ကြားရတယ်။

– ဘယ်လိုကြောင့်လဲ ကွ။

မြန်မာပြည်သတင်းတွေကလည်း သတင်းဆိုးတွေချည်းပဲ လို့ ညည်းကြသတဲ့။ ပြီးတော့ ဒီအစိုးရပြုတ်ကျအောင် နိုင်ငံရေးသမားတွေ မလုပ်နိုင်ကြတော့ဘူးလားလို့လည်း မေးကြသတဲ့။

– အဲဒီတော့ … … ။

အဲဒီတော့ ပြည်ပရောက်နိုင်ငံရေးသမားတွေလည်း အမေးခံရပါများတော့ လူတောမတိုးဝံ့တော့ဘူးလို့ ဆိုသဗျ။ မျက်နှာပူတယ် ပေါ့ဗျာ။

– ငါတို့စင်ပြိုင်အစိုးရကတော့ လူတောတိုးပါတယ်။

ဦးတို့စင်ပြိုင်အစိုးရက အကောင်းဆုံးအစိုးရတွေထဲမှာ ပါမယ်ထင်တယ်။ ဒီလိုလေ ဒေါ်စုပြောဖူးတယ်၊ အကောင်းဆုံးအစိုးရဆိုတာ ရှိလို့ရှိမှန်းတောင် မသိတဲ့အစိုးရ တဲ့။ စစ်ပြိုင်အစိုးရရှိမှန်း လူတွေက သိပ်မသိကြတော့- – ။

– ပြည်သူတွေက တို့ကိုသိပါတယ်ကွာ။ ဗိုလ်ချုပ်ကျော်ဆန်းတို့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတွေကတဆင့် တို့ကို သိကြပြီးသား။ မောင်ရင်တို့ သတင်းသမားတွေက ဘယ်အစိုးရဖြစ်ဖြစ်အတိုက်အခံလုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားပုံရတယ်။

အဲဒီလိုတော့ မဟုတ်ပါဘူး ဦးရာ၊ ဒါနဲ့ အစိုးရဆိုလို့ စင်ပြိုင်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးတို့အစိုးရနဲ့ တူတာတစ်ခုကို ကြားဖူးတယ်။

– တူမှာပေါ့ကွ၊ အစိုးရတွေပဲ။

တူတယ်ဆိုတာ ဒီလိုပါ၊ လူတစ်ယောက်က အကြောင်းကိစ္စရှိလို မြန်မာသံရုံးကို ဖုန်းဆက်တယ်။ သံရုံးက ဆရာသမားတစ်ယောက်က သူ့ကို ဟိန်းဟောက်ပြီး ဖုန်းချသွားတယ် တဲ့။ ဒါနဲ့ သူက စင်ပြိုင်အစိုးရရုံးကိုဆက်တော့လည်း မင်းဒီဖုန်းနံပတ်ကို ဘယ်ကရသလဲ၊ ဘယ်သူပေးသလဲ၊ ဘယ်တော့မှ ဖုန်း မဆက်နဲ့၊ လုံးဝမဆက်နဲ့လို့ ဟိန်းဟောက်ပြီး ဖုန်းချသွားတယ် တဲ့။

– အစိုးရတွေက ဟိန်းဟောက်တယ်ဆိုတဲ့နေရာမှာ အတူတူပဲလို့ ပြောချင်တာလား။ အင်း- ခက်တာပဲ။ ငါတို့က နိုင်ငံရေးလုပ်နေတာ ကွ။ လူတွေရဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ဆိုရင် ကျော်သူတို့ဆီသွား၊ ဒေါက်တာစင်သီယာမောင်တို့ဆီသွားလို့ ပြောရမှာပဲ။

ဒါဆို ဦးတို့လုပ်တဲ့ နိုင်ငံရေးဆိုတာ ဘာလဲ။

– မိုးမခသတင်းထောက် တယ်ညံ့ပါလား။ ပြီးခဲ့တဲ့လတုန်းက စပိန်နိုင်ငံမှာ ဒေါ်စုကို ဆုပေးတယ်လေကွာ။ အဲဒီမှာ ဒေါ်စုကိုယ်စား ငါသွားပြီး ဆုသွားယူတာ မင်းမသိလိုက်ဘူးမဟုတ်လား။

ကျနော်က ရန်ကုန်နဲ့ နေပြည်တော်မြို့တော်တွေကိုပဲ အာရုံစိုက်နေလို့ အဟီး။ ဒါနဲ့ ဒေါ်စုရတဲ့ဆုတွေကို စုစည်းပြီးပြတိုက်ဖွင့်လို့ ရနေပြီပဲ။ ဒေါ်စုကို နိုင်ငံခြားက ပေးထားတဲ့ဆုတွေ နည်းတာမှမဟုတ်ဘဲ။

– ဂုဏ်ပြုဆုတွေကတော့ မနည်းမနောပါပဲ။ သို့ပေသော်ငြားလဲ၊ ဟုတ်လား၊ ဘယ်ရောက်နေမှန်းမသိတဲ့ အဲဒီမနည်းမနောဆုတံဆိပ်တွေကို လိုက်စုစည်းဖို့ဆိုတာ လွယ်တာမှမဟုတ်ဘဲ။ ပြီးတော့ လုပ်ငန်းတစ်ခုအတွက်ဆိုရင် ဘတ်ဂျက်လိုတယ်ကွ။

ဝန်ကြီးချုပ်တို့က Burma Fund မြန်မာပြည်ရံပုံငွေအဖွဲ့ ဆိုပြီး လှုပ်ရှားနေတယ်မဟုတ်လား။ ရံပုံငွေတွေ ရှိမှာပေါ့။

– ဟေ့ … ဟေ့ … အဲဒါက “ဝေသန္တရာ”အဖွဲ့မဟုတ်ဘူး၊ “ယူသန္တရာ” အဖွဲ့ဗျ။

ဘာလဲဗျ ဦးကလည်း၊ သံသရာတွေ သံသရက်တွေဘာတွေနဲ့။ ဘာသာရေးစကားလုံးတွေဆိုတော့ လိုက်မမီတော့ဘူး။

– မိုးမခသတင်းထောက်ကြီး တော်တော်နားဝေးတာပဲ။ Burma Fund ဆိုတာ ရန်ပုံငွေပေးတဲ့အဖွဲ့မဟုတ်၊ ရန်ပုံငွေကောက်တဲ့အဖွဲ့လို့ ပြောတာ။ ကဲ … ကဲ … ကဲ … ဒီမိုကရေစီရေးအတွက် ရန်ပုံငွေထည့်ချင်ရင် ထည့်နိုင်တယ်နော်။

ရပါတယ်။ ဟဲ … ဟဲ … ဟဲ … ၊ လူကြီးတွေ အိမ်မှာ မရှိကြဘူးဗျ၊ အဲလေ – အယ်ဒီတာတွေက ဆန်ဖရန်စစ္စကိုမှာ နေတာဗျ။ ဒါနဲ့ စစ်အစိုးရက နောက် ၂ နှစ်ဆို ရွေးကောက်ပွဲအသစ်လုပ်မယ်လို့ အတိအကျ ပြောနေပြီ။ နောက်၂ နှစ်ကျော်ရင် ဦးတို့ စင်ပြိုင်အစိုးရအခြေအနေက မဟန်တော့ဘူးထင်တယ်။

– ဟားဟားဟား၊ ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျော လို့တောင် ပြောလိုက်ချင်သေးတယ်။ အဲဒီရွေးကောက်ပွဲပြီးရင် စစ်အစိုးရက အာဏာလွဲမှာလို့မင်းထင်သလား။ မထင်နဲ့ငါ့လူ၊ မထင်နဲ့။ အဲဒီမှာ အဲဒီရွေးကောက်ပွဲမှာ နိုင်တဲ့သူတွေက ပြည်ပကိုထွက်ပြီး စင်ပြိုင်အစိုးရတောင် ဖွဲ့ကြဦးမှာ မြင်ယောင်သေး။

ဒါဆို ဦးတို့စင်ပြိုင်အစိုးရဘယ်လိုလုပ်မလဲ၊ စင်ပြိုင်တွေ ထပ်ထပ်ပေါ်နေတော့။

– ငါတို့က ဝါရင့် စင်ပြိုင်အစိုးရ၊ မူလလက်ဟောင်း စင်ပြိုင်အစိုးရပေါ့ကွာ။

အထက်ပါတို့မှာ ကျွန်ုပ်တို့၏ စကားအချီအချများထဲမှ ကောက်နှုတ်ချက်ပင်ဖြစ်သည်။ အစိုးရဝန်ကြီးမင်းတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းကို မိုးမခပရိသတ်များ သိရှိကြစေရန် အလို့ငှာ ဖော်ပြလိုက်ပါသည်။ ဝန်ကြီးအား ကျေးဇူး အထူးတင်ပါ၏။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts